News

POST TAGGED AS

လမ်းဘေးဈေးသည်

ရွှေဘုံသာ လမ်းဘေးဈေးသည်များကို အောက်တိုဘာ ၂၃ ရက်မှစ၍ ညဈေးတန်းသို့ ရွှေ့မည်

ရန်ကုန်၊ အောက်တိုဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် ရွှေဘုံသာလမ်းတွင် ဖွင့်လှစ်ရောင်းချနေသည့် လမ်းဘေးဈေးသည်များ ကမ်းနားလမ်းညဈေးသို့ အောက်တိုဘာလ ၂၃ ရက်မှစတင် ပြောင်းရွှေ့ရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရှိရသည်။

အဆိုပါလမ်းမှ လမ်းဘေးဈေးသည် ၃၀ဝ ကျော်ကို လုပ်ငန်းနှင့်ရောင်းကုန် အမျိုးအစားအလိုက် အုပ်စုခွဲပြီး အောက်တိုဘာလ ၂၃ ရက်မှ ၃၁ ရက်အထိ ပန်းဆိုးတန်းနှင့် ဆူးလေဘုရားလမ်းကြားရှိ ကမ်းနားလမ်း ညဈေးနေရာသို့ ရွှေ့ပြောင်းပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

အောက်တိုဘာလ ၁၂ ရက်မှ ၂၁ ရက်အထိ အဆိုပါ ဈေးသည်များအတွက် ယာယီ ဈေးရောင်းချခွင့် ကတ်ပြားများကို ထုတ်ပေးမည်ဖြစ်ပြီး လေးပေ၊ ရှစ်ပေ အကျယ်ဆိုင်ခန်း နေရာများ ချပေးမည်ဖြစ်ကြောင်း ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောကြားသည်။

“အခုဈေးသည်တွေကို နေရာ သတ်မှတ်ပေးဖို့ မဲနှိုက်ပေးတာ လုပ်နေတယ်။ အခုလက်ရှိ ဈေးသည်တွေကို မဲနှိုက်ပြီးတာနဲ့ ဒီလ နောက်ဆုံးပတ်မှာ ရွှေ့မယ်”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အကြီးတန်း အရာရှိတစ်ဦးက ဆိုသည်။

ရွှေဘုံသာလမ်း အရပ်ခေါ် ဘိန်းစားတန်း (သူခိုးတန်း)တွင် အီလက်ထရွန်နစ် ပစ္စည်းဟောင်းများ၊ ဖုန်းဟောင်းများ၊ လူ့အသုံးအဆောင်ပစ္စည်း တစ်ပတ်နွမ်းများနှင့်မုန့်များကို ရောင်းချလျက် ရှိသည်။

ရွှေဘုံသာလမ်းတွင် ဖွင့်လှစ်ရောင်း ချနေသည့် လမ်းဘေးဈေးသည်များကို ဩဂုတ်လလယ်တွင် ကမ်းနားညဈေးတန်းသို့ ပြောင်းရွှေ့ရန် စီစဉ်ခဲ့သော်လည်း ဈေးသည်များကို စိစစ်ဆောင်ရွက်နေသည့်အတွက် ကြန့်ကြာခဲ့သည်။

ရန်ကုန်ညဈေးတန်းကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလက ကမ်းနားလမ်းတွင် ဖွင့်လှစ်ခဲ့ပြီး ညနေ ၃ နာရီမှ ည ၁၁ နာရီထိ မြို့တွင်း လေးမြို့နယ်မှ လမ်းဘေးဈေးသည်များကို ရောင်းချခွင့်ပေးထားသည်။

J-10



FOLLOW US