News

POST TAGGED AS

လမ်းလုပ်သား

ပင်းတယဒေသထွက် အော်ဂဲနစ်လက်ဖက်ခြောက် တစ်တန်ခွဲ ဂျာမနီနိုင်ငံသို့ ရောင်းချမည်
မိတ္ထီလာ၊ ဇူလိုင် ၂၅

ရှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် ဒေသခံတောင်သူများ အစုအဖွဲ့ကထုတ်လုပ်သော သဘာဝအော်ဂဲနစ် လက်ဖက်ခြောက် တစ်တန်ခွဲခန့်ကိုလာမည့် အောက်တိုဘာလတွင် ဂျာမနီနိုင်ငံသို့ တင်ပို့ရောင်းချရန်ရှိနေကြောင်း အဆိုပါလုပ်ငန်းကို လုပ်ဆောင်မည့် မောရှမ်း လက်ဖက်ခြောက်လုပ်ငန်းမှ ကုန်ထုတ် ဒါရိုက်တာ (Export) ဦးလင်းပြည့်ထွန်းက ပြောကြားသည်။

“ဒီနှစ် တစ်တန်ခွဲပို့ဖို့ ပြင်ဆင်နေတယ်။ ဟိုဘက်ကုမ္ပဏီက တစ်နှစ်ကို အော်ဒါနှစ်ဆလောက် တိုးလာဖို့ ရှိပါတယ်”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ဒေသခံတောင်သူများသည် အော်ဂဲနစ် အသိအမှတ်ပြု လက်မှတ်ရရှိရန် ၂၀၁၆ ခုနှစ်ကစ၍ ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၌ အော်ဂဲနစ် စိုက်ပျိုးထုတ်လုပ်မှုများကို အရည်အသွေးစစ်ဆေးသော အဖွဲ့အစည်း  Control Union မှ ပေးအပ်သော အော်ဂဲနစ်အသိအမှတ်ပြု လက်မှတ်ကို ၂၀၁၇ ခုနှစ် အောက်တိုဘာအတွင်းက ရရှိခဲ့ကြောင်း လက်ဖက်အခါးခြောက်လုပ်ငန်းစက်ရုံကို နည်းပညာနှင့်ငွေကြေး ကူညီထောက်ပံ့ပေးနေသော ဂျာမနီအခြေစိုက် GIZ အဖွဲ့မှ တာဝန်ရှိသူ ဒေါ်ခင်မာလင်းက ပြောကြားသည်။

“အရင်တုန်းက လောင်စာထင်းနဲ့ ထုတ်တဲ့အတွက် မီးခိုးနံ့ နံတယ်လို့ ဂျာမနီ ဘက်ကပြောတဲ့အတွက် ကျွန်တော်တို့က ဂက်စ်နဲ့ ထုတ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ လက်ဖက်ထွက်ချိန်ကတည်းက ပို့ချင်ပေမယ့် အော်ဂဲနစ် လက်မှတ်မရသေးတော့ ပို့လို့မရသေးပဲ ဖြစ်သွားတယ်”ဟု ဆီးကျအင်း ကျေးရွာအစုအဖွဲ့ပိုင် စံပြလက်ဖက် အခါးခြောက်စက်ရုံ တာဝန်ခံ ဦးဘစီက ပြောဆိုသည်။

လက်ဖက်ခြောက်ထုတ်လုပ်မှုတွင် ထင်းနှင့်ပြုလုပ်ခြင်းက ဈေးသက်သာသော်လည်း သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေကြောင်း၊ လက်ဖက်ခြောက် ပိဿာ ၃၀ ထွက်ရှိရန် ထင်းလှည်းတစ်စီးခန့် အသုံးပြုရကြောင်း၊ GAS ဖြင့် ထုတ်လုပ်ပါက လက်ဖက်ခြောက် တစ်ပိဿာလျှင် ၂၅၀၀ ကျပ်ခန့် ထုတ်လုပ်မှုစရိတ် ပိုသော်လည်း အိတ်စပို့တန်းဝင် အရည်အသွေးမြင့် လက်ဖက်ခြောက်များ ရရှိသဖြင့် ဈေးပိုရရှိကြောင်း ၎င်းက ပြောဆိုသည်။

သမားရိုးကျထင်းဖြင့် ထုတ်လုပ်သော လက်ဖက်ခြောက်တစ်ပိဿာလျှင် ၄၅၀၀ ကျပ်ရရှိပြီး မီးခိုးနံ့မပါသော လက်ဖက်ခြောက်တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ် ရရှိသဖြင့် စီးပွားရေးအရ တွက်ခြေကိုက်ကြောင်း၊ လက်ရှိတွင် အိတ်စပို့တန်းဝင် အော်ဂဲနစ်လက်ဖက်ခြောက် တန်ဝက်ခန့် စုဆောင်းပြီးဖြစ်ကြောင်း ဦးဘစီက ရှင်းပြသည်။

ပင်းတယမြို့နယ်ရှိ လျှော်ပင်၊ မြေနီတောင်၊ ဆီးကျအင်း၊ ပါးမဲကျေးရွာတို့တွင် ဓနုတိုင်ရင်းသားများနေထိုင်ပြီး အော်ဂဲနစ်နည်းစနစ်ဖြင့် လက်ဖက်စိုက်သော တောင်သူ ၁၈၀ ခန့်ရှိသည်ဟု လျှော်ပင်ကျေးရွာမှ တောင်သူ ဦးသိန်းအောင်က ပြောဆိုသည်။

မြန်မာနိုင်ငံသည် လက်ရှိအချိန်တွင် သစ်တောပြုန်းတီးမှုလျှော့ချရေးနှင့် သစ်တော အတန်းအစားကျဆင်းမှုလျှော့ချကာ လေထုထဲသို့ကာဗွန်လျှော့ချမှု REDD+ လုပ်ငန်းများကို ၂၀၁၃ က စတင်အကောင်အထည် ဖော်လျက်ရှိပြီး ယင်းလုပ်ငန်းများအတွက် ထင်းအသုံးပြုမှု လျှော့ချရေးနှင့် စိုက်ပျိုးမြေယာများ ချဲ့ထွင်အသုံးပြုခြင်းထက် မြေနေရာနည်းနည်းတွင် တန်ဖိုးမြင့်ထွက်ကုန်များ ထုတ်လုပ်နိုင်ရန် ကြိုးပမ်းနေသည်။ 

R-01



FOLLOW US