News

POST TAGGED AS

လမ်းစည်းကမ်း

၉၁ မိုင်အလွန် ၄ ဖာလုံ

ဖေ့စ်ဘွတ် သုံးနေရင်း ဒုန်းခနဲ အသံ ကြားလိုက်ရပြီး ကားဘေးမှ သစ်ပင်များက ရိပ်ခနဲ ရိပ်ခနဲ မြင်လိုက်ရသည်။

ထို့နောက် လူတွေက ကြောက်မက် ထိတ်လန့်စွာ အော်ဟစ်ကြလျက် ကားနောက်ပိုင်းမှ ထိုင်ခုံများ ပြုတ်ပြီး ကားရှေ့ပိုင်းကို လွင့်ထွက်လာကြသည်။

သူ့ဘေးမှ သူငယ်ချင်းက မိုးပေါ် မြောက်တက်သွားသည်။ သူလည်း ကြောက်လန့်တကြား အော်လိုက်မိသည်။ လက်ထဲတွင် တင်းကျပ်စွာ ကိုင်ထားမိသည့် ဖုန်းတွင်တော့ သွေးများ စိုရွှဲလျက်။

သည်ဖြစ်စဉ်ကို ပြန်လည် ပြောပြနေသည့် ဒေါက်တာ ရဲပိုင်မှာ ဒီဇင်ဘာလ ၂၂ ရက်နေ့  ညနေ ၃ နာရီခန့်တွင် နေပြည်တော်မှ ရန်ကုန်သို့ ထွက်ခွာလာသည့် မန္တလာမင်း ခရီးသည်တင်ယာဉ်ပေါ်တွင် စီးနင်း လိုက်ပါလာခြင်း ဖြစ်သည်။

ဒေါက်တာ ရဲပိုင်မှာ ဘောဂသီရိ ကားကွင်းမှ စတင် ထွက်ခွာကတည်းက လုံခြုံရေး ခါးပတ် ပတ်ထားသည့်အပြင် အမြန်လမ်း ၁၁၅ မိုင် ယာဉ်ရပ်နား စခန်းတွင် ခေတ္တ ရပ်နားပြီး ပြန်လည် ထွက်ခွာချိန်တွင်လည်း လုံခြုံရေး ခါးပတ် ဝတ်ဆင်ရန် မမေ့။

ဒေါက်တာရဲပိုင်မှာ နေပြည်တော်တွင် နေရှင်နယ် အေ့ဒ်စ် ပရိုဂရမ် HIV တိုက်ဖျက်ရေး ဗဟိုအဆင့် အစည်းအဝေး တက်ပြီး ပြန်လာခြင်း ဖြစ်သည်။

၎င်း စီးနင်းလာသည့် မန္တလာမင်း ယာဉ်မှာ ၉၁ မိုင်အလွန် ၄ ဖာလုံ အရောက်တွင် ရုတ်တရက် တံတားအောက် ချောက်ထဲ ထိုးကျသွားပြီး ယာဉ်ပေါ်ပါ ခရီးသည်များမှာ ကစဥ့်ကလျား လွင့်စဉ် ထွက်ကုန်သည်။

“ကားရှေ့မှာ ကားလေး တစ်စင်းက ကိုးလိုးကန့်လန့် လုပ်ချိန် ကားက တုံ့ခနဲ ဖြစ်သွားပြီး လမ်းမ နံဘေး ဆွဲချပြီး ချောက်ထဲ ထိုးကျတာပါ။ ချက်ချင်း သတိ မလစ်ပေမယ့် ပေါင်က သွေးတွေ ကြည့်ပြီး သတိ လစ်သွားပါတယ်”ဟု မန္တလာမင်း ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုမှ အသက်ရှင် လွတ်မြောက်လာသူ တစ်ဦးက ပြောကြားသည်။

ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးတွင် ဖြစ်ပေါ်ခဲ့သော ယာဉ်မတော်တဆမှုများတွင် သေဆုံးနှင့် ထိခိုက်ဒဏ်ရာ ရရှိမှု ဒုတိယ အများဆုံး ဖြစ်ပေါ်ခဲ့သည့် မန္တလာမင်း ခရီးသည်ယာဉ် တိမ်းမှောက်မှုတွင် ခရီးသည် အနည်းငယ်သာ လုံခြုံရေး ခါးပတ် (Safety Belt) ပတ် ထားခဲ့သည်။

ယင်းသို့ ခါးပတ် ပတ်ခဲ့သည့် ခရီးသည်များမှာ ထိခိုက်ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့သည်။

အခင်းဖြစ်ရာ နေရာသို့ သွားရောက် ကူညီကယ် ဆယ်ပေးခဲ့သည့် ၁၁၅ မိုင် အမြန်လမ်း ကြက်ခြေနီ စခန်း တာဝန်ခံ ဦးခင်ဇော်က မန္တလာမင်းယာဉ် မတော်တဆမှု ဖြစ်စဉ်တွင် လိုက်ပါလာကြသည့် ခရီးသည် ၄ဝ ကျော်အနက် လုံခြုံရေး ခါးပတ် ဝတ်ဆင်ထားသူ နှစ်ယောက် သုံးယောက်ခန့်သာ တွေ့ရှိခဲ့ရပြီး အဆိုပါ ခါးပတ် ဝတ်ဆင်ထားသူများသည် အခြားသော ခရီးသည်များထက် ပိုမို ဘေးကင်းခဲ့သည်ကို မြင်တွေ့ခဲ့ရသည်ဟု The Voice သို့ ရှင်းပြသည်။

ယာဉ်ပေါ် လိုက်ပါလာသူ ယာဉ်မောင်းနှင့် ယာဉ်လိုင်း ဝန်ထမ်း စုစုပေါင်း ၄၆ ဦးအနက် ကျား၊ မ စုစုပေါင်း ၇ ယောက်အထိ သေဆုံးခဲ့သည့်အပြင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၃၆ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်တွင် အသက်ရှင် လွတ်မြောက်လာသူများအနက် ခါးပတ် ဝတ်ဆင်ခဲ့သော ဒေါက်တာ ရဲပိုင်မှာလည်း ထိခိုက်ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့ပြီး အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။

ခါးပတ် ပတ်ရမည် ဆိုသည့်အသိမှာ သိပ်မထူးဆန်းဘဲ နိုင်ငံတကာ ဥပဒေများအတိုင်း လုပ်ရိုးလုပ်စဉ် လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်ကြောင်း အသက်ရှင် လွတ်မြောက်လာသူများထဲမှ တစ်ဦးဖြစ်သည့် ဒေါက်တာ ရဲပိုင်က ပြောကြားသည်။

“ကျွန်တော် ကိုယ်တိုင်လည်း ဒူးခေါင်း တစ်ခုလုံး ကြေမွသွားတဲ့အပြင် ခြေထောက်လည်း သုံးပိုင်း ကျိုးသွားတဲ့အတွက် ရန်ကုန်မှာ ခွဲစိတ်ကုသ လိုက်ရပါတယ်။ နံဘေးက သူငယ်ချင်းက ခါးပတ် မပတ်ထားဘူး။ သူကတော့ ပေါင်ရိုး ကျိုးသွားတယ်။ အသက် ဘေးတော့ မရှိတော့ပါဘူး”ဟု ဒေါက်တာ ရဲပိုင်က ဆိုသည်။

ခါးပတ် ပတ်သည့်အတွက် အသက် အန္တရာယ် ကင်းလွတ်ခဲ့ခြင်း ဖြစ်သည်ဟု ယူဆကြောင်းနှင့် အချို့သူများ ဝေဖန် ပြောဆိုနေကြသကဲ့သို့ ခါးပတ် ပတ်ထားလျှင်တောင်မှ ယခု ဖြစ်စဉ်တွင် အသက် အန္တရာယ်ကို ကာကွယ်နိုင်မည် မဟုတ်ဆိုသည့် စကားကိုမူ တုံ့ပြန် ပြောဆိုလိုခြင်း မရှိကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

သို့သော် မန္တလာမင်းယာဉ် တိမ်းမှောက်မှုတွင် ယာဉ်မောင်းနှင့် ယာဉ်ဝန်ထမ်းများအပြင် ခရီးသည် ကျား၊ မ စုစုပေါင်း ၄၆ ယောက်ခန့်တွင် ယာဉ်လိုင်းဝန်ထမ်း လေးဦးနှင့် ခရီးသည် သုံးဦး (အတည် မပြုနိုင်သည့် သတင်းတွင် ၈ ဦး)ခန့် အသက် ပေးလိုက်ရပြီဖြစ်သည်။

နိုင်ငံတကာတွင် မော်တော်ယာဉ်ဖြင့် စီးနင်းလိုက်ပါလာသူများ အားလုံး ထိုင်ခုံ ခါးပတ်ကို ဝတ်ဆင်ထားရမည်ဟု သတ်မှတ်ထားပြီး မြန်မာနိုင်ငံတွင်လည်း ယာဉ်စည်းကမ်း ဥပဒေတွင် ယင်းသို့ သတ်မှတ်ထားသော်လည်း ယင်းသို့သော အလေ့အကျင့်မှာ ခရီးသည်များတွင်ရော ယာဉ်လိုင်း ဝန်ထမ်းများတွင်ပါ မရှိသေးပေ။ 

မိမိတို့နိုင်ငံ အနေနှင့် ယခုနောက်ပိုင်းမှသာလျှင် ခရီးသည်တင် ယာဉ်ကြီးများတွင် လုံခြုံရေး ခါးပတ် ပါရှိလာကြခြင်း ဖြစ်သော်လည်း ခရီးသည် အများစုနှင့် ယာဉ်လိုင်း ဝန်ထမ်းများ အနေနှင့် အသက်ကယ် ခါးပတ် ဝင်ဆင်ကြရန် သတိပေး ပြောကြားမှု နည်းပါးသကဲ့သို့ ခရီးသည်များဘက်ကလည်း မဖြစ်မနေ ဝတ်ဆင်ရမည် ဖြစ်သည်ကို သတိ မေ့နေကြသည်ဟု အမြန်လမ်း ယာဉ်တိမ်းမှောက်မှုတွင် ပါဝင်ခဲ့ပြီး ဒဏ်ရာ ရရှိခဲ့သူ တစ်ဦးက သုံးသပ် ပြောကြားသည်။

“ယောက္ခမ ဆေးရုံ တက်နေလို့ ခင်ပွန်းသည်နဲ့ ရန်ကုန် ပြန်လာတာပါ။ ယာဉ်စတင် ထွက်ခွာချိန် ညနေ ၃ နာရီအတိဖြစ်ပြီး ယာဉ်မယ်တွေက အသက်ကယ် ခါးပတ်ဝတ်ဖို့ သတိပေး ပြောဆိုမှု မလုပ်ခဲ့ဘူး။ ဝတ်ဆင်ထားတဲ့ ခရီးသည်လည်း မတွေ့ရပါဘူး”ဟု နေပြည်တော် ကောင်စီနယ်မြေမှ စည်ပင်သာယာရေး ဝန်ထမ်း တစ်ဦးလည်းဖြစ်သည့် အသက် ၃၇ နှစ်အရွယ် အမည် မဖော်လိုသူ ခရီးသည် အမျိုးသမီးက ၎င်းတွေ့မြင်ရသည်ကို ပြောဆိုသည်။

ယခု ယာဉ်မတော်တဆမှု ဖြစ်စဉ်သည် ၂ဝ၁၅ ခုနှစ်က ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် အမှတ် ၂ဝဝ ခန့်တွင် ဖြစ်ပွားခဲ့သည့် ခရီးသည် ၁၆ ဦးခန့် သေဆုံးခဲ့သော ရာဇာမင်း ခရီးသည်တင် ယာဉ်မတော်တဆမှု နောက်ပိုင်း ဒုတိယ လူ အသေအပျောက် အများဆုံး ဖြစ်စဉ် တစ်ခုလည်း ဖြစ်သည်။

ထုတ်ပြန်ထားသည့် မော်တော်ယာဉ် ဥပဒေသစ်အရ ခရီးသည်တင်ယာဉ်၊ အိမ်စီး မော်တော်ယာဉ်များတွင် စီးနင်း လိုက်ပါလာသူများ အနေနှင့် အသက်ကယ် ခါးပတ် ဝတ်ဆင်လိုက်ပါ စီးနင်း မောင်းနှင်ကြရမည် ဖြစ်ပြီး လာမည့် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ပြီး ဖမ်းဆီး အရေးယူသွားမည်ဖြစ်သည်ဟု ပို့ဆောင် ဆက်သွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ရန်ကုန်-မန္တလေး အမြန်လမ်း တစ်လျှောက် ယခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလ ပထမပတ်အထိ ယာဉ်မတော်တဆမှုများကြောင့် လူပေါင်း ၁၅ဝ ကျော် အသက် ပေးလိုက်ရပြီ ဖြစ်သကဲ့သို့ လူပေါင်း ၁၂ဝဝ ကျော်မှာလည်း ဆေးရုံ ဆေးခန်းများတွင် တက်ရောက် ကုသမှု ခံယူထားရပြီ ဖြစ်သည်။

“ဒီနှစ်ထဲ ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုတွေကို ကြည့်ရင် အရှိန်ပြင်း မောင်းနှင်မှုကြောင့် တိမ်းမှောက်ခဲ့တာ အများဆုံး တွေ့ရပါတယ်။ ဇန်နဝါရီလမှ နိုဝင်ဘာလ ၃ဝ ရက်နေ့အထိ ဖြစ်ပွားခဲ့တဲ့ ယာဉ်တိမ်းမှောက်မှု ၆၉၃ မှုမှာ အရှိန်ပြင်း မောင်းနှင်မှုကြောင့်ဖြစ်တာ  အမှုပေါင်း ၂၉ဝ လောက် ရှိနေသလို သေဆုံးသူ အရေအတွက် ၁၄၉ ဦး တိတိ ရှိနေတာ တွေ့ရပါတယ်”ဟု အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံး (နေပြည်တော်)မှ ရဲမှူး အဆင့်ရှိသူ တစ်ဦးက ဆိုသည်။

ယခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သော မိုးသောက်ရောင်နီ ခရီးသည်တင်ယာဉ် တိမ်းမှောက်မှု ဖြစ်စဉ်တွင်လည်း အမျိုးသား၊ အမျိုးသမီး ၆ ဦး သေဆုံးပြီး ခရီးသည် ၁၇ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိမှု ဖြစ်စဉ်တစ်ခု ဖြစ်ပေါ်ခဲ့သော်လည်း တာဝန်ရှိသူများ အနေနှင့် ယာဉ်လိုင်း တာဝန်ရှိသူများကို အရေးယူ ဆောင်ရွက်ခြင်း မတွေ့ရသကဲ့သို့ လုံခြုံရေးခါးပတ် ပါဝင်သည် မပါဝင်သည်ကို စစ်ဆေးစုံစမ်း ဆောင်ရွက်ခဲ့သည်မျိုး မတွေ့ရပေ။

သို့သော် အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးက ဦးဆောင်ပြီး အမြန်လမ်း တစ်လျှောက် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းရေး အဖွဲ့များဖြင့် အိမ်စီးယာဉ်များ၊ ခရီးသည်တင် ယာဉ်များကို ရှောင်တခင် စစ်ဆေးမှုများ လုပ်ဆောင်နေပြီး အဆိုပါ စစ်ဆေးမှုများတွင် ထိုင်ခုံ ခါးပတ် ဝတ်ဆင်ထားမှု မတွေ့ပါက ပညာပေး ပြောဆိုမှုများ လုပ်ဆောင်နေကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံး နေပြည်တော်မှ ရဲမှူး ရန်နောင်ဝင်းက ပြောကြားသည်။

“အသက်ကယ် ခါးပတ် ဝတ်ထားတဲ့သူက ယာဉ် မတော်တဆ ဖြစ်ရင်တောင် ထိခိုက်မှု အနည်းဆုံး ဖြစ်စေပါတယ်။ ခဲလုံး တစ်လုံးကို ဘူးထဲ ထည့်ပြီး ပစ်ချလိုက်ရင် ခဲလုံးက ဘူးထဲ ခလောက် ဆန်ပြီး အပေါ်ရောက်လိုက် အောက်ရောက်လိုက် ဖြစ်ပေမယ့် ကော်နဲ့ကပ်ပြီး ဘူးကိုပစ်ချရင် တစ်သားတည်း ဖြစ်နေပါတယ်”ဟု ၎င်းက ဆက်လက် ပြောကြားသည်။

အမြန်လမ်းတွင် အိတ်စပတ် ယာဉ်များဖြင့် မကြာခဏ ခရီးသွားလာနေရသော်လည်း ယာဉ်လိုင်း အများစုမှာ ထိုင်ခုံခါးပတ်ပါရှိသည်ကို မတွေ့ရှိရကြောင်း တောင်ငူမြို့ခံ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးလည်းဖြစ်သည့်အပြင် သဘာဝ ဘေးအန္တရာယ် လျှော့ချရေး လုပ်ငန်းများလည်း လုပ်ဆောင်နေသူ အမျိုးသား တစ်ဦးက ပြောကြားသည်။

“ကျွန်တော် နေပြည်တော် သွားရင် ခါးပတ် အမြဲ ပတ်ပါတယ်။ ဒါပေမဲ့ ယာဉ်လိုင်း အများစုက ခါးပတ်ကြိုးတွေကို ထိုင်ခုံနောက်မှာ ချည်ထားတာ များတယ်။ ယာဉ်လိုင်း တူရင်တောင် တချို့ကား တစ်စီးတလေပဲ ခါးပတ် ပတ်ဖို့ လိုက်ပြောတာ တွေ့ဖူးတယ်”ဟု နေပြည်တော်သို့ မကြာခဏ သွားရောက်လေ့ရှိသူ ဦးမိုးကျော်က ပြောဆိုသည်။

အမြန်လမ်းတွင် ပြေးဆွဲနေသည့် ယာဉ်လိုင်း အချို့သာ ခရီးသည်များ ခါးပတ် ပတ်ကြရန် ယာဉ် မထွက်ခွာခင် သတိပေးမှုကို ပြုလုပ်ကြသော်လည်း အများစုက လုပ်ဆောင်ခြင်း မရှိသကဲ့သို့ ခရီးသည် အများစုမှာလည်း ခါးပတ် ပတ်သည့် အလေ့အထ မရှိကြောင်း The Voice က ယာဉ်လိုင်းများနှင့် ခရီးသည်များကို မေးမြန်းထားချက်များအရ တွေ့ရှိရသည်။

အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံး နေပြည်တော်မှ ရဲမှူး ရန်နောင်ဝင်း သုံးသပ် လိုက်သည်က အသက်ကယ် ခါးပတ် ဝတ်ထားမည်ဆိုပါက ထိခိုက်သေဆုံးမှု လျော့ကျမည်ဟုပင်။ 

ဇေယျကို



FOLLOW US