News

POST TAGGED AS

လပွတ္တာ

ကလေးလုပ်သားကို ရေနွေးပူဖြင့်လောင်းသည့်ဆိုင်ရှင်ကို ကလေးသူငယ်ညှဉ်းပန်းနှိပ်စက်မှုဖြင့် အမှုဖွင့်


မန္တလေး၊ မတ် ၅

ပြည်ကြီးတံခွန်မြို့နယ် ငွေတော်ကြည်ကုန်းရပ်ကွက်အတွင်းရှိ လက်ဖက်ရည်ဆိုင်တစ်ခုမှ အသက်ရှစ်နှစ်ခွဲအရွယ် ဆိုင်ဝန်ထမ်းကလေးငယ်၏ လက်ကို ရေနွေးပူဖြင့် နှစ်ကြိမ်တိုင်တိုင် လောင်းခဲ့သောဆိုင်ရှင်ကို ကလေးသူငယ်ညှဉ်းပန်းနှိပ်စက်မှု ဥပဒေဖြင့် အမှုဖွင့်ထားကြောင်း အမျိုးသမီးရေးရာအဖွဲ့ထံမှ သိရသည်။

ငွေတော်ရပ်ကွက်အတွင်းရှိ ကောင်းပြည့်စုံလက်ဖက်ရည်ဆိုင်တွင် အလုပ်လုပ်ကိုင်နေသည့် အသက်ရှစ်နှစ်ခွဲအရွယ် ဟိန်းချစ်သူကို ဆိုင်ပိုင်ရှင်ဖြစ်သူ ဦးမင်းမင်းက ပန်းကန်ဆေးရာတွင် အချိန်ကြာသည်ဟုဆိုကာ ဇန်နဝါရီလအတွင်းက ရေနွေးပူဖြင့် လောင်းခဲ့ခြင်းဖြစ်ကြောင်း အမျိုးသမီးရေးရာအဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရပ်ကျေးစောင့်ကြည့်ရေးအဖွဲ့ဝင် ဒေါ်ခင်ထွေးကြည်က ပြောကြားသည်။

“ကလေးကို ရေနွေးပူနဲ့လောင်းထားတာကို လက်ဖက်ရည်လာသောက်တဲ့ သူတစ်ယောက်ကတွေ့ပြီးတော့ ဘေးက ကွမ်းဆိုင်ကို အသိပေးတာ။ အဲ့ဒီကမှ ကလေးကိုမွေးစားထားတဲ့ အမျိုးသမီးက သိတာပါ။ ကလေးက ပန်းကန်ဆေးရတာ။ ပန်းကန်ဆေးတာ ကြာတယ်ဆိုပြီး ပြောဆိုတာတွေရှိတယ်လို့ ကလေးက ပြောပါတယ်။ တစ်ညကျတော့ ကလေးလက်ကို ရေနွေးပူနဲ့လောင်းတာ။ နောက်နေ့ကျတော့လည်း လက်ဖက်ရည်ဖျော်တဲ့ခုံပေါ်ကိုခေါ်ပြီးတော့ မအော်အောင် ကလေးပါးစပ်ထဲကို တစ်ရှူးတွေပိတ်ပြီးတော့ ထပ်လောင်းတယ်လို့ပြောပါတယ်”ဟု ၎င်းက ပြောဆိုသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဒေါ်ခင်ထွေးကြည်က တရားလိုလုပ် တိုင်ကြားထားသည့်အတွက် ပြည်ကြီးတံခွန် မြို့မရဲစခန်းက ဇန်နဝါရီလ ၁၀ ရက်နေ့ တွင် (ပ) ၂၈/၂၀၁၈၊ ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်မှု ဥပဒေ ၃၂၄ ဖြင့် အမှု ဖွင့်ပေးထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

လက်ရှိတွင် မောင်ဟိန်းချစ်သူကို လူမှုဝန်ထမ်းဦးစီးဌာနက ခေါ်ယူစောင့်ရှောက်ထားပြီး ကလေးသူငယ် ပြုစုစောင့်ရှောက်ရေး စခန်းတွင်ထားရှိရန် စီစဉ်နေကြောင်းလည်း လူမှုဝန်ထမ်းဦးစီးဌာနထံမှ သိရသည်။

M-04



FOLLOW US