News

POST TAGGED AS

လန်ဒန်မြို့

ချောကလက်ထုတ်လုပ်မှုသည် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေကြောင်း လေ့လာတွေ့ရှိ


လန်ဒန်၊ ဧပြီ ၁

မန်ချက်စတာတက္ကသိုလ်မှ သုတေသနအစီရင်ခံစာသစ်တွင် ယူကေ၏ ချောကလက်ထုတ်လုပ်မှုသည် သဘာဝပတ်ဝန်းကျင်နှင့် ချောကလက်ချစ်သူများ နှစ်ခုစလုံးကို ထိခိုက်စေနိုင်သည်ဟု တင်ပြထားကြောင်း DW သတင်းတွင် ဖော်ပြထားသည်။

ရေအမြောက်အမြား အသုံးပြုရခြင်း၊ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်ခြင်း၊ အလူမီနီယံ ခဲပတ်စက္ကူဖြင့် ထုပ်ပိုးခြင်းတို့သည် ကြီးမားသော ရိုက်ခတ်မှုရှိသည်ဟုဆိုသည်။

သုတေသနပညာရှင်များက ယူကေချောကလက်ထုတ်လုပ်မှုနှင့် စားသုံးမှု၏ ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုသံသရာစက်ဝန်းကို တွက်ချက်ပြခဲ့ကြပြီး ဧပြီလထုတ် အစားအစာသုတေသနဂျာနယ်တွင် ဖော်ပြထားသည်။

သုတေသနပြုသူများက ဗြိတိန်ဈေးကွက်ကို သိမ်းပိုက်ထားသော နို့ချောကလက်၊ လက်လုပ်ချောကလက်နှင့် အိတ်ဖြင့်ထည့်သော ချောကလက်သုံးမျိုးကို အဓိကလေ့လာခဲ့ကြသည်။ ရေအသုံးပြုမှုပမာဏနှင့်  ဖန်လုံအိမ်ပူနွေးမှုတို့ကို တွက်ချက်ရန်အတွက် ချောကလက်၏ ပါဝင်ပစ္စည်း၊ သယ်ယူပို့ဆောင်မှု၊ ထုတ်လုပ်မှု၊ ထုပ်ပိုးမှု၊ ဖြန့်ချိမှု၊ အမှိုက်စွန့်ပစ်မှုတို့၏ သက်ရောက်မှုများကို အကဲဖြတ်ခဲ့ကြသည်။

လေ့လာတွေ့ရှိချက်များအရ ချောကလက် ပါဝင်ပစ္စည်းများဖြစ်သော ကိုကိုး၊ နို့မှုန့်၊ သကြားနှင့် ထန်းအုန်းဆီတို့သည် အဓိကပြဿနာများဖြစ်ပြီး ထုတ်လုပ်မှုနှင့် ထုပ်ပိုးမှု အကျိုးဆက်များကလည်း နောက်ဆက်တွဲ လိုက်ပါလာသည်ဟု သိရှိရသည်။

ဗြိတိန်သည် ကမ္ဘာတွင် ချောကလက်စားသုံးမှု ဆဋ္ဌမမြောက် အများဆုံးနိုင်ငံဖြစ်ပြီး လူတစ်ဦးသည် တစ်နှစ်လျှင် ချောကလက် ၈ ကီလိုဂရမ် စားသုံးသည်ဟု ဆိုသည်။

ဗြိတိန်၏ ချောကလက်လုပ်ငန်းမှ ထုတ်လွှတ်သော ဖန်လုံအိမ်ဓာတ်ငွေ့သည် တစ်နှစ်လျှင် မက်ထရစ်တန်ချိန် ၂၁ တန်ရှိပြီး မြောက်အိုင်ယာလန် ဘဲလ်ဖတ်စ်မြို့၏ တစ်နှစ်စာ ထုတ်လွှတ်မှုပမာဏနှင့်ညီမျှသည်။

ထို့ပြင် ချောကလက်တစ်တောင့်ထုတ်လုပ်ရန် ရေလီတာ ၁၀၀၀ ခန့် အသုံးပြုရကြောင်းကို လေ့လာသူများက တွေ့ရှိခဲ့သည်။ 

လက်လုပ်ချောကလက်များမှာ ဖန်လုံအိမ်ပူနွေးမှုအတွက် အဆုံးဝါးဆုံးဖြစ်ကြောင်း တွေ့ရှိရပြီး အိတ်ဖြင့်ထည့်သော ချောကလက်မှာမူပါဝင်ပစ္စည်းနှင့် ထုပ်ပိုးမှုများကြောင့် ပတ်ဝန်းကျင်ထိခိုက်မှု အများဆုံးဖြစ်သည်ဟုဆိုသည်။ 

သူတေသနဦးဆောင်သူ အေဒီဆာ အေဇာပါဂျစ်က “ချောကလက် ထုတ်လုပ်မှုအဆင့်ဆင့်ရဲ့ ပတ်ဝန်းကျင်ထိခိုက်မှုက ငြင်းမရပါဘူး။ ဒါပေမဲ့ ကျွန်မတို့က ချောကလက်မစားကြနဲ့လို့ မပြောပါဘူး။ သုတေသနရဲ့ အဓိကအချက်က စားသုံးသူတွေ အသိကြွယ်လာစေဖို့နဲ့ ပိုမိုသိရှိ ရွေးချယ်နိုင်ကြဖို့ဖြစ်ပါတယ်” ဟု ရှင်းလင်းပြောကြားသည်။

နို့မှုန့်ထုတ်လုပ်မှုတွင် စွမ်းအင်အသုံးပြုရခြင်း၊ နို့စားနွားများကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့တိုးလာခြင်း၊ ဗြိတိန်နှင့် ကိုကိုးထွက်ရှိသော အီကွေတာနိုင်ငံများ ဝေးလံခြင်း စသောအချက်များကိုလည်း သူမက ထောက်ပြသည်။

အဓိကကျသော အဆင့်များကို ပစ်မှတ်ထားခြင်းအားဖြင့် ချောကလက်ထုတ်လုပ်မှုကြောင့် ကမ္ဘာကြီးပူနွေးလာနိုင်မှုကို ၁၄ မှ ၁၉ ရာခိုင်နှုန်းအထိ လျှော့ချနိုင်မည်ဟု အဆိုပါသုတေသန အစီရင်ခံစာက သုံးသပ်ထားသည်။

F-04



FOLLOW US