News

POST TAGGED AS

လန်ဒန်မြို့

ကိုယ်ဝန်ဆောင်စဉ် ငါးကြီးဆီ ဖြည့်စွက်စားသုံးမှုက ဓာတ်မတည့်မှုကို လျော့ကျစေနိုင်
လန်ဒန်၊ မတ် ၎

ကိုယ်ဝန်ဆောင်စဉ်နှင့် မိခင်နို့တိုက်သည့်ကာလ ပထမလပိုင်းများတွင် ငါးကြီးဆီ တစ်နေ့တစ်လုံး စားသုံးခြင်းဖြင့် ကလေးတွင် အစာဓာတ်မတည့်မှု (Allergy) ကို လျှော့ချပေးနိုင်သည်ဟု သုတေသနလေ့လာမှုတွင် တွေ့ရှိခဲ့ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

လန်ဒန် အင်ပီရီရယ်ကောလိပ်၏ သုတေသနပြုမှုအရ ကလေး၏အသက် တစ်နှစ်အရွယ်တွင် ကြက်ဥဓာတ်မတည့်မှုကို ၃၀ ရာခိုင်နှုန်း လျှော့ချပေးနိုင်ကြောင်း သိရှိရသည်။

ငါးကြီးဆီတွင် ရောင်ရမ်းမှုကျစေသည့် အာနိသင်ရှိသော အိုမီဂါသရီး (omega 3) ပါရှိသည်။

သုတေသနဆက်လက်ပြုလုပ်ရန် လိုအပ်သော်လည်းကလေးငယ်အရွယ် ဓာတ်မတည့်မှုကို ထိန်းချုပ်နိုင်သည်ဟု သုတေသနပညာရှင်များက အတည်ပြုပြောကြားသည်။

ယူကေတွင် ကလေးနှစ်ဆယ်တွင် တစ်ဦးမှာ အစေ့အဆန်၊ ကြက်ဥ၊ နွားနို့၊ ဂျုံ စသော အစာဓာတ်မတည့်မှုများ ဖြစ်ပေါ်လေ့ရှိသည်။ ယင်းဓာတ်မတည့်မှုများသည် ခုခံအားစနစ်ပျက်ယွင်းမှုကြောင့် ဖြစ်ပေါ်ကာ အန္တရာယ်မရှိသောအစားအစာများအပေါ် လွန်ကဲစွာတုံ့ပြန်ပြီး အနီကွက်ထခြင်း၊ ရောင်ရမ်းခြင်း၊ အော့အန်ခြင်း၊ အသက်ရှူကျပ်ခြင်း လက္ခဏာများ ဖြစ်ပေါ်တတ်သည်။

ကိုယ်ဝန်ဆောင်များသည် ငါးကြီးဆီကို တစ်ပတ်လျှင် ငါးနှစ်ကောင်စာထက် ပိုမစားရန်လိုအပ်ပြီး ငါးမန်း၊ မာလင်ငါး အမျိုးအစားတို့ကို ရှောင်ကြဉ်ရမည်ဟု ပညာရှင်များက အကြံပြုထားသည်။

သုတေသနအဖွဲ့သည် လူပေါင်း ၁၅,၀၀၀ ခန့်ကို ငါးကြီးဆီ ဖြည့်စွက်ဆေးပေး၍ လေ့လာခဲ့ရာကလေး ၁၀၀၀ လျှင် ဓာတ်မတည့်သူ ၃၁ ဦး လျော့ကျသွားသည်ကို တွေ့ရှိခဲ့ကြသည်။

ထို့ပြင် ကိုယ်ဝန်ဆောင်ကာလတွင် probiotic ဖြည့်စွက်ဆေးပေးခြင်းဖြင့် သုံးနှစ်အောက်ကလေးများတွင် နှင်းခူနာ ဖြစ်ပွားမှု ၂၂ ရာခိုင်နှုန်း လျော့ကျစေကြောင်း တွေ့ရှိခဲ့ကြသည်။

သို့ရာတွင် ကိုယ်ဝန်ဆောင်စဉ် အစေ့အဆန်၊ ကြက်ဥ၊ နွားနို့၊ ဂျုံ စသောအစား အစာများကို ရှောင်ကြဉ်ခြင်းကြောင့် ကလေးအပေါ် သက်ရောက်မှုရှိသည့် အထောက်အထားတစ်ခုမှ မတွေ့ခဲ့ကြပေ။

F-04



FOLLOW US