News

POST TAGGED AS

လန်ဒန်မြို့

လွန်လွန်ကဲကဲ ပြုပြင်ထုပ်ပိုးထားသော အစားအစာများသည် ကင်ဆာရောဂါနှင့် ဆက်စပ်မှုရှိ


လန်ဒန်၊ ဖေဖော်ဝါရီ ၁၅

လွန်လွန်ကဲကဲ ပြုပြင်ထုပ်ပိုးထားသော အစားအစာများနှင့် ကင်ဆာရောဂါအကြား ဆက်စပ်မှုကို ပြင်သစ်သုတေသနပညာရှင်များက ဖော်ထုတ်တင်ပြလိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

ကိတ်မုန့်များ၊ ကြက်ကြော်များ၊ အမြောက်အမြား ထုတ်လုပ်သော ပေါင်မုန့်များနှင့် ဘန်းမုန့်များ၊ အကြွပ်ကြော်များ၊ ချောကလက်နှင့် ချိုချဉ်များ၊ ဆော်ဒါနှင့် အချိုရည်များ၊ အသားလုံးနှင့် ငါးဆုပ်လုံးကြော်များ၊ အသင့်စားခေါက်ဆွဲများ၊ အေးခဲထားသော ကြာရှည်ခံ အစားအစာများ၊ သကြား၊ ဆီနှင့် အဆီကဲလွန်းသော မုန့်များကို လွန်လွန်ကဲကဲ ပြုပြင်ထုပ်ပိုးထားသော အစားအစာများဟု ပညာရှင်များက သတ်မှတ်ကြသည်။

လူပေါင်း ၁၀၅,၀၀၀ ခန့်ကို လေ့လာမှုများက ထိုအစားအစာများကို များများစားလေ၊ ကင်ဆာဖြစ်နိုင်ခြေများလေလေဖြစ်ကြောင်း ပြသနေသည်။

ဆေးလိပ်သောက်ခြင်းပြီးလျှင် အဝလွန်ခြင်းသည် တားဆီး၍ရနိုင်သော ကင်ဆာအကြောင်းရင်းတစ်ခုဖြစ်သည်။ ကြာရှည်ခံအောင် ပြုပြင်ထားသော အသားများသည် ကင်ဆာဖြစ်နိုင်ခြေနှင့် ဆက်စပ်နေသည်ဟု WHO က ပြောကြားထားသည်။

ဆိုဘွန်းတက္ကသိုလ်မှ ပညာရှင်များသည် သက်လတ်ပိုင်းအမျိုးသမီးများ၏ စားသောက်မှုပုံစံကို ပျမ်းမျှ ငါးနှစ်ခန့်လေ့လာခဲ့ကြသည်။

ဗြိတိသျှ ဆေးပညာဂျာနယ်တွင် ဖော်ပြထားသော တွေ့ရှိချက်များအရ နေ့စဉ်စားနေသော အစာများထဲတွင် လွန်လွန်ကဲကဲ ပြုပြင်ထုပ်ပိုးထားသော အစားအစာပါဝင်မှု ၁၀ ရာခိုင်နှုန်း တိုးလာပါက ကင်ဆာတွေ့ရှိမှု ၁၂ ရာခိုင်နှုန်း တိုးလာသည်ဟု သိရှိရသည်။

လေ့လာမှုများတွင် လူအများ စားသောက်နေသော အစားအစာများတွင် ၁၈ ရာခိုင်နှုန်းမှာ လွန်လွန်ကဲကဲ ပြုပြင်ထုပ်ပိုးထားသော အစားအစာများဖြစ်ကြောင်း၊ နှစ်စဉ် လူ ၁၀,၀၀၀ လျှင် ၇၉ ဦးမှာ ကင်ဆာရောဂါဖြစ်ပွားကြောင်း၊ ပြုပြင်ထုပ်ပိုးထားသော အစားအစာ ၁၀ ရာခိုင်နှုန်းတိုးလျှင် နှစ်စဉ် လူ ၁၀,၀၀၀ လျှင် ကင်ဆာဖြစ်သူ ကိုးဦးပိုများလာကြောင်း တွေ့ရှိခဲ့ကြသည်။

ယခုတွေ့ရှိချက်များကို အတည်ပြုရန် နောက်ထပ် အကြီးစားလေ့လာမှုများ လိုအပ်သော်လည်း လွန်လွန်ကဲကဲ ပြုပြင်ထုပ်ပိုးထားသော အစားအစာများ စားသုံးမှု မြန်ဆန်စွာ မြင့်တက်လာမှုကြောင့် လာမည့်နှစ်များတွင် ကင်ဆာရောဂါဖြစ်ပွားနှုန်းလည်း မြင့်တက်လာလိမ့်မည်ဖြစ်ကြောင်း တွေ့ရှိချက်များက ညွှန်ပြနေသည်ဟု ပညာရှင်များက သတိပေးသည်။

သို့ရာတွင် ကင်ဆာဖြစ်စေသော အကြောင်းရင်းများတွင် ဆေးလိပ်သောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊ ကယ်လိုရီများခြင်း၊ ကိုယ်ဝန်တားဆေးများ သောက်ခြင်း စသည်တို့လည်း ပါဝင်သည်ဟု ဆိုသည်။

ယူကေ ကင်ဆာသုတေသနဌာနမှ ပါမောက္ခ လင်ဒါဘိုးလ်က “ဤလေ့လာမှုရလဒ်များသည် ကျန်းမာရေးနှင့် ညီညွတ်သော အစာများကို ရွေးချယ်ကြရန် သတိပေးချက်ဖြစ်သော်လည်း သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ အမျှင်ဓာတ်ပါသော အစာများကို စားနေသရွေ့ ဟိုနားဒီနားတွင် အလွယ်တကူ ထုပ်ပိုးစာစားသောက်နေမှုကို စိုးရိမ်စရာမလိုပါ”ဟု မှတ်ချက်ပေးသည်။

ကွာဒရမ်တက္ကသိုလ်မှ ဒေါက်တာ အန်းဂျွန်ဆင်ကမူ “လွန်လွန်ကဲကဲ ပြုပြင်ထုပ်ပိုးထားသော အစားအစာများကို သိမ်းကျုံးဖွင့်ဆိုသတ်မှတ်မှုသည် ကျယ်ပြန့်လွန်းပြီး ဝေဝါးမှုရှိသည်”ဟု ဝေဖန်ထားသည်။

လန်ဒန် ကင်းကောလိပ်မှ ပါမောက္ခ တွမ်ဆန်ဒါကလည်း “ပေါင်မုန့်မှာ စက်ရုံထုတ်က လွန်လွန်ကဲကဲ ပြုပြင်ထုပ်ပိုးထားသော အစားအစာဖြစ်ပေမယ့် အိမ်လုပ် ဒါမှမဟုတ် ရပ်ကွက်မုန့်ဖိုလုပ် ပေါင်မုန့်ကတော့ စာရင်းထဲမပါဘူးဆိုတော့ ဒီသတ်မှတ်ချက်က ထင်ရာမြင်ရာ သတ်မှတ်ထားသလို ဖြစ်နေတယ်”ဟု မှတ်ချက်ပေးသည်။

မက္ကဆီကို လူထုကျန်းမာရေးဌာနမှ မာတင်လာဂျို့စ်နှင့် အေဒရီယာနာမွန်းတို့ကမူ “ကျန်းမာရေးနဲ့ လူမှုဘဝအပေါ် အစားအစာ ပြုပြင်ထုပ်ပိုးမှုတွေရဲ့ သက်ရောက်မှုကို နားလည်သဘောပေါက်နိုင်ဖို့ အများကြီးလိုပါသေးတယ်။ ဒီအစီရင်ခံစာက အစပဲ ရှိပါသေးတယ်”ဟု သုံးသပ်ပြောကြားသည်။

F-04



FOLLOW US