News

POST TAGGED AS

လန်ဒန်မြို့

တရားမဝင် ရွှေတူးဖော်ရေး ယန္တရားများမဝင်ရေး ရွှေကျင်မြို့ခံများတားမြစ်

တောင်ငူ၊ ဖေဖော်ဝါရီ ၁၀

တရားမဝင်ရွှေတူးဖော်ရေး စက်ယန္တရားကြီးများ တင်ဆောင်လာသော မော်တော်ယာဉ်များ ရွှေကျင်မြို့ထဲ မဝင်ရောက်ရေး မြို့ခံများက တားမြစ်သဖြင့် မြို့အဝင်တွင် ရပ်ထားကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်လှလှဝင်းက ပြောကြားသည်။

မော်တော်ယာဉ်ပေါ်တွင် ကျောက်ကြိတ်စက်ကြီးများ တင်လာပြီး ရွှေထုတ်ရာတွင် ဆိုင်ယာနိုက်ဓာတုပစ္စည်းသုံးမည်ဖြစ်သောကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးခြင်းများ ဖြစ်ပေါ်ကြောင်း၊ ယခင်က လူမသိလိုက်ချိန်တွင် စက်ယန္တရားများ ရောက်ရှိလာသော်လည်း ယခုစက်ယန္တရားများ ဝင်ရောက်လာမှုကို ဝန်ကြီးချုပ်နှင့် သယံဇာတ သစ်တောဝန်ကြီးကို ဆက်သွယ်ကာ တိုင်ကြားထားကြောင်း ၎င်းကရှင်းပြသည်။ 

ရွှေတူးဖော်ရေးယာဉ်များ တင်ဆောင်လာသော မော်တော်ယာဉ်ကြီး သုံးစီးမှာ ဖေဖော်ဝါရီလ ၉ ရက် နံနက်က ညောင်လေးပင် -မဒေါက်လမ်းမှ ဝင်ရောက်လာကြောင်း၊ အဆိုပါယာဉ်များကို ရွှေကျင် အရှေ့ဘက် ဂေါဆာကုန်းဒေသသို့ ပို့ဆောင်မည်ဟု သိရှိထားပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များထံတွင် ငှက်ကြီးတောင်ဓားကဲ့သို့သော လက်နက်များကို မြင့်တွေ့ရကြောင်း ရွှေကျင်မြို့ခံများထံမှ သိရသည်။

မြို့နယ် အုပ်ချုပ်ရေးအဖွဲ့အနေနှင့် ဒေသန္တရ ဥပဒေပုဒ်မ ၁၈၈ နှင့် အရေးယူနိုင်သကဲ့သို့ တိုင်းအစိုးရအနေနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၃၁ နဲ့ တရားစွဲစေလိုကြောင်း ရွှေကျင်မြို့ခံတစ်ဦးက ဆိုသည်။

တရားမဝင် ရွှေတူးဖော်ရေး စက်ယန္တရားကြီးများကို လတ်တလောတွင် မြို့နယ်အုပ်ချုပ်ရေးဌာနမှ တားဆီးထိန်းသိမ်းထားပြီး တိုင်းအစိုးရအဖွဲ့ထံ တင်ပြကာ ညွှန်ကြားချက် တောင်းခံထားကြောင်း ရွှေကျင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်းက ပြောကြားသည်။

လွန်ခဲ့သော နှစ် ၅၀ကျော်က တစ်နိုင်တစ်ပိုင် ရွှေတူးဖော်ရေး လုပ်ငန်းများသာရှိသည့် ရွှေကျင်အနီးတစ်ဝိုက်ရှိ ချောင်းမြောင်းမြစ်လက်တက်များ၌ တပ်မတော် အစိုးရလက်ထက်မှစတင်ကာ လက်ရှိအထိ စက်ယန္တရားကြီးများကို အသုံးပြုကာ တရားဝင် ရွှေတူးဖော်ခြင်း သာမက တရားမဝင် ရွှေတူးဖော်သူများရှိကြောင်း ဒေသခံများထံမှ သိရသည်။ 

ယင်းကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးလာခဲ့သည့်အပြင် ရွှေကျင်ချောင်းရေမှာ ဆိုင်ရာနိုက်ကဲ့သို့သော ရွှေချက်လုပ်သည့် ဓာတုပစ္စည်းများ စွန့်ပစ်နေသည့်အတွက် မြစ်ရေချောင်းရေ ညစ်ညမ်းကာ သောက်သုံးရေပင် မရနိုင်တော့ကြောင်း ဒေသခံများက ပြောဆိုသည်။

ရွှေကျင်မြို့နယ်တွင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီနှင့် တရားမဝင် ကန့်သတ်ပစ္စည်းများ ထိန်းချုပ်ရေး ကော်မတီနှစ်ခုကို ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားပြီး ကော်မတီတစ်ခုလျှင် အဖွဲ့ဝင် ၁၀ ဦးကျော်ရှိကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆပ်ကော်မတီဝင်တစ်ဦးထံမှ သိရသည်။ 

စက်ယန္တရားများ တင်ဆောင်လာမှုနှင့်ပတ်သက်၍ တိုင်းဒေသကြီး သယံဇာတသစ်တောနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ စောညိုဝင်းကို ဖုန်းဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းရာ ဝန်ကြီးချုပ်နှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးထံ ဆက်လက်တင်ပြပြီးနောက် ယန္တရားများ တင်ဆောင်လာသည့် မော်တော်ယာဉ်များကို တားမြစ်ပိတ်ပင်ထားပြီးဖြစ်ကြောင်း ပြောဆိုသည်။ 

ရွှေကျင်မြို့နယ် အနီးတစ်ဝိုက် တစ်နိုင်တစ်ပိုင် ရွှေတူးဖော်ရေး လုပ်ငန်းများ သာမက စက်ယန္တရားကြီးများနှင့် ရွှေရှာဖွေရေး ဖောင်ကြီးများ(စက်လမ်း)များကို အသုံးပြုပြီး စီးပွားဖြစ်ရွှေတူးဖော်မှု လုပ်ငန်းများ လုပ်ကိုင်နေသူ ဦးရေ ရာနှင့်ချီကာရှိကြောင်း၊ မိုးရာသီကာလ ပြီးဆုံးချိန် ပွင့်လင်းရာသီမှစတင်ပြီး ရွှေကျင်သူများ များပြားလာကာ ရွှေကျင်မြို့နယ်ပြင်ပက လုပ်ငန်းရှင်များ ဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။

R-15



FOLLOW US