News

POST TAGGED AS

လင်းပိုင်

ဧရာဝတီလင်းပိုင်အခြေပြု ခရီးသွားလုပ်ငန်း ကျေးရွာတစ်ရွာထပ်တိုး
မန္တလေး၊ ဇွန် ၂၁

ဧရာဝတီလင်းပိုင်အခြေပြု ခရီးသွားလုပ်ငန်းလုပ်ကိုင်လျက်ရှိသည့် ကျေးရွာခုနှစ်ရွာအပြင် ရှိန်းမကားရွာသစ်ကိုပါ တိုးချဲ့ရန်ရှိကြောင်း ဧရာဝတီလင်းပိုင် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (မန္တလေး) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဟန်ဝင်းက ပြောကြားသည်။

ဧရာဝတီလင်းပိုင်အခြေပြု ခရီးသွားလုပ်ငန်းအဖြစ် တိုးချဲ့မည့် ရှိန်းမကားရွာသစ်၌ လာမည့်ဘဏ္ဍနှစ်မှစတင် ပြုလုပ်မည်ဖြစ်ရာ ယင်းကျေးရွာတွင် အိုးလုပ်ငန်းများရှိသည့်အတွက် ဒေသခံများ၏ အလုပ်အကိုင်အခွင့်အလမ်းများ၊ စီးပွားရေးအခွင့်အလမ်းများ ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်ကြောင်း ၎င်းက ရှင်းပြသည်။

လက်ရှိတွင် ရေလုပ်သားများ အဓိကနေထိုင်ရာ ရွာများဖြစ်သည့် မတ္တရာမြို့နယ်အတွင်းရှိ ဆင်ကျွန်း၊ အေးကျွန်း၊ စိန်ပန်းကုန်နှင့် မြေစွန်ရွာ၊ စဥ့်ကူးမြို့နယ်အတွင်းရှိ ဆည်သယ်၊ မြစ်ကမ်းကြီး၊ ဝက်လက်မြို့နယ်အတွင်းရှိ အင်းဒေါင်ရွာတို့ကို ကျေးရွာအခြေပြု ခရီးသွားလုပ်ငန်းအဖြစ် ၂၀၁၄ ခုနှစ်က စတင်အကောင်အထည်ဖော်ခဲ့သည်။

ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ မန္တလေးမြို့၊ နန်းတော်ကျွန်းကျေးရွာအနီးမှ စစ်ကိုင်းတိုင်း ကျောက်မြောင်းမြို့ ရေတော်ဘုရားအထိ မြစ်ပိုင်းကို ဧရာဝတီလင်းပိုင် ထိန်းသိမ်းစောင့်ရှောက်ရေး နယ်မြေအဖြစ် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလက သတ်မှတ်ခဲ့ပြီး ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများကို ငါးလုပ်ငန်း ဦးစီးဌာန၊ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) တို့မှ ကျေးရွာ လူထုနှင့် ပူးပေါင်းထိန်းသိမ်းလျက်ရှိရာ ထိန်းသိမ်းရေးဧရိယာတွင် လင်းပိုင်ကောင်ရေ ၂၆ ကောင် နေထိုင်ကျက်စားလျက်ရှိသည်။  

M-05



FOLLOW US