News

POST TAGGED AS

လက်ထောက်

ဆန္ဒပြသူများကို ရိုက်နှက်ခဲ့ခြင်းကြောင့် ပြင်သစ်သမ္မတ၏ လက်ထောက် ထုတ်ပယ်ခံရမည်


ပဲရစ်၊ ဇူလိုင်၂၁

ပြင်သစ်နိုင်ငံပဲရစ်တွင် ဆန္ဒပြသူများကို ရဲဦးထုပ်ဆောင်းထားသူတစ်ဦးက တိုက်ခိုက်နေသည့် ဓာတ်ပုံထွက်ပေါ်လာပြီးနောက် ပြင်သစ်သမ္မတ၏ အကြီးတန်း လက်ထောက်သည် ရာထူးမှ ထုတ်ပယ်ခံရတော့မည်ဟု တာဝန်ရှိသူများကပြော ကြားလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ထိုအမှုတွင် နောက်ထပ် အချက်အလက်သစ်များ ထွက်ပေါ်လာပြီးနောက် အလက်ဇန်းဒါးဘင်နယ်လာအပေါ် အရေးယူ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟုသမ္မတ မက်ခရွန်က ပြောကြားသည်။

သတင်းစာတွင် ဖော်ပြခဲ့သော မေဒေးနေ့ဆန္ဒပြပွဲ၌ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်၏ဓာတ်ပုံတွင် ၎င်းကိုစိစစ်တွေ့ရှိခဲ့ပြီးနောက် ရာထူးမှထုတ်ပယ်ရန် တောင်းဆိုမှုများ ထွက်ပေါ်လာခဲ့သည်။

မေဒေးနေ့ဆန္ဒပြပွဲတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ရိုက်နှက်ခံနေရသည့် ဓာတ်ပုံတွင် ပါဝင်နေမှုနှင့်ပတ်သက်၍ သမ္မတရုံးအဖွဲ့မှူး၏ လက်ထောက် ဘင်နယ်လာကို ရဲက စစ်ဆေးမေးမြန်း လျက်ရှိသည်။

ထိုဓာတ်ပုံတွင် တိုက်ခိုက်နေသူမှာ ဘင်နယ်လာဖြစ်ကြောင်း ပြင်သစ်သတင်းစာ လီမွန်ဒေးက ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။

ဘင်နယ်လာသည် တိုက်ခိုက်မှုနှင့်ပတ်သက်၍ စစ်ဆေးခံနေရသည့်အပြင် ရဲအရာရှိအဖြစ် ဟန်ဆောင်မှုနှင့် ပတ်သက်၍လည်း တရားစွဲခံမည့်အရေးနှင့် ရင်ဆိုင်နေရသည်။

ထိုအမှုတွင် ဘယ်နယ်လာအပြစ်မရှိကြောင်း သက်သေပြသည့်အနေနှင့် ထောက်လှမ်းရေးဓာတ်ပုံကို တင်ပြခဲ့ကြသည့် ရဲအရာရှိသုံးဦးကိုလည်း ရာထူးချထားသည်ဟု သိရှိရသည်။

အဆိုပါဖြစ်ရပ်သည် မေလ ၁ ရက်က ပဲရစ်မြို့လည် လူစည်ကားရာနေရာတွင် လူ ၁၀၀ ခန့် စုဝေးနေစဉ် ဖြစ်ပွားခဲ့သည်။ တာဟာဘိုဟတ် အသက် ၂၁ နှစ်က ရိုက်ကူး၍ လူမှုမီဒီယာတွင် တင်ထားသော ဗီဒီယိုတွင် ရုန်းရင်းဆန်ခတ်မှုအတွင်း ရဲဝတ်စုံမဝတ်ဘဲ ရဲဦးထုပ်ဆောင်းထားသူ တစ်ဦးက အဓိကရုဏ်းနှိမ်နင်းရေးရဲများနှင့်အတူ ပါဝင်နေသည်ကို တွေ့ရှိခဲ့ကြသည်။ 

ဗီဒီယိုတွင် ထိုသူကအမျိုးသမီး တစ်ဦးကို လည်ပင်းမှ ချုပ်ကာလမ်းပေါ်သို့ ဆွဲလှဲနေသည်ကိုတွေ့ရသည်။ ထို့နောက်တွင် ရဲကဆွဲခေါ်လာသော ဆန္ဒပြသူအမျိုး သားတစ်ဦးကိုလည်း သံခမောက်ဆောင်းထားသူက တိုက်ခိုက်ခဲ့သည်ကို တွေ့မြင်ကြရသည်။ ၎င်းက ထိုအမျိုးသားကိုလည်ပင်းမှ ချုပ်ကိုင်ကာ ခေါင်းကိုရိုက်နှက်ခဲ့ပြီး လဲကျသွားစဉ် ဝမ်းဗိုက်ကို ဆောင့်နင်းခဲ့သည်ကို တွေ့မြင်ကြရသည်။

ဘင်နယ်လာ၏ အဓိကတာဝန်မှာ သမ္မတမက်ခရွန်၏ တွေ့ဆုံမှုများတွင် လုံခြုံရေးကို စီစဉ်ရန်ဖြစ်သည်။ ၎င်းသည် သမ္မတရုံးဝန်ထမ်း မဖြစ်မီက မက်ကရွန်၏ ၂၀၁၇ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုများတွင် လုံခြုံရေးအဖွဲ့မှူးအဖြစ် တာဝန်ယူခဲ့သည်။

F-04




FOLLOW US