News

POST TAGGED AS

လက်ထောက်

03-Jul-2018

ပြင်သစ် ထောင်
ပြင်သစ်တွင် ထောင်ကျနေသည့် နာမည်ကြီးဓားပြ ရဟတ်ယာဉ်ဖြင့် ထောင်ဖောက်ထွက်ပြေး


ပဲရစ်၊ ဇူလိုင် ၁

ပြင်သစ်နိုင်ငံ ပဲရစ်ဒေသတွင် ထောင်ကျသော နာမည်ကြီးဓားပြတစ်ဦးသည် ရဟတ်ယာဉ်ဖြင့် ထောင်ဖောက်ထွက်ပြေးခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြထားသည်။

ရီဒိုအင်ဖေးဒ်ကို လက်နက်အပြည့်အစုံကိုင်ဆောင်ထားသူသုံးဦးက ဝင်ရောက်ကယ်ဆယ်ခဲ့ခြင်းဖြစ်သည်။ မျက်နှာဖုံး စွပ်ထားသည့် လူနှစ်ဦးသည် မီးခိုးဗုံးများနှင့် ကျောက်ဖြတ်စက်ကို အသုံးပြုပြီး ဖေးဒ်နှင့် အစ်ကိုဖြစ်သူ စကားပြောနေသော ဧည့်ဆောင်အတွင်းသို့ ဖောက်ဝင်ခဲ့ခြင်းဖြစ်သည်။

နောက်တစ်ဦးက အကျဉ်းထောင်ဝင်းအတွင်း မြေကွက်လပ်တွင် ရဟတ်ယာဉ်နှင့် ယာဉ်မောင်းကို စောင့်ကြပ်ပေးခဲ့သည်။ ထိုသူများသည် ရဟတ်ယာဉ်မောင်းသင်တန်းဆရာကို ဓားစာခံအဖြစ် ဖမ်းဆီးလာခဲ့ပြီး ရဟတ်ယာဉ်မောင်းခိုင်းခဲ့ခြင်းဖြစ်သည်။ ဖေးဒ်ကို ကယ်တင်ပြီးနောက် ရဟတ်ယာဉ်သည် ဂိုးနက်စ်ဧရိယာသို့ပျံသန်းသွားခဲ့သည်။ ထိုနေရာတွင်ပင် ရဟတ်ယာဉ်ကို ပြန်တွေ့ခဲ့ရသည်။ အသက် ၄၆ နှစ်ရှိပြီဖြစ်သည့် ဖေးဒ်သည် ရဲအရာရှိတစ်ဦးသေဆုံးသော မအောင်မြင်သည့် ဓားပြမှုဖြင့် ထောင်ဒဏ် ၂၅ နှစ်ချမှတ်ခံထားရသူဖြစ်သည်။ 

ယခုဖြစ်စဉ်မှာ ဖေးဒ်၏ ဒုတိယအကြိမ်မြောက် ထောင်ဖောက်ထွက်ပြေးမှုဖြစ်ပြီး ၂၀၁၃ ခုနှစ်ကလည်း အစောင့်လေးဦးကို ဖမ်းဆီးပြီး လူသားတံတိုင်းအဖြစ် အသုံးပြုကာ တံခါးများကို ဒိုင်းနမိုက်ဖြင့် ဖောက်ပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့ဖူးသည်။

ထိုစဉ်က ပြင်သစ်မြောက်ပိုင်းရှိ အကျဉ်းထောင်သို့ ရောက်ရှိပြီး နာရီဝက်ပင် မကြာမီ ထောင်ဖောက်ပြေးခဲ့ခြင်းဖြစ်ပြီး ခြောက်ပတ်ကြာ ထွက်ပြေးလွတ်မြောက်နေခဲ့ကာ နောက်ပိုင်းတွင်မှ ပြန်ဖမ်းမိခဲ့ခြင်း ဖြစ်သည်။ ယခုတစ်ကြိမ် ထပ်လွတ်သွားရာတွင် လိုက်လံရှာဖွေရန် ရဲ ၃၀၀၀ နီးပါး အသုံးပြုသွားမည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

“ဒီဖြစ်စဉ်မတိုင်မီကတည်းက လူမဲ့လေယာဉ်တွေသုံးပြီး နယ်မြေတစ်ဝိုက်ကို လေ့လာတဲ့ အထူးပြင်ဆင်ထားတဲ့ ကွန်မန်ဒို တပ်ဖွဲ့ထားရှိခဲ့ပါတယ်။ ဒီကြားထဲက အံ့အားသင့်ဖွယ် လွတ်မြောက်သွားတာပါ” ဟု ပြင်သစ်တရားရေးဝန်ကြီး နီကိုးလ် ဘယ်လိုဘက်တ်က ပြောကြားသည်။

ရဟတ်ယာဉ်ဆင်းသက်သွားသည့် အကျဉ်းထောင်ဝင်းအတွင်း မြေကွက်လပ်မှာ လေကြောင်းရန် အကာအကွယ်မယူထားသည့် တစ်ခုတည်းသော နေရာဖြစ်သည်။ ယင်းနေရာမှာ ထောင်မှ လွတ်သည့် အချိန်မှလွဲ၍ အကျဉ်းသားများ ဘယ်သောအခါမျှ ဖြတ်မသွားသည့် နေရာဖြစ်သောကြောင့် ယင်းနေရာကို ကာကွယ်မထားခဲ့ခြင်းဖြစ်သည်ဟု တာဝန်ရှိသူများက ဆိုသည်။

ဓားစားခံလုပ်ခံရသည့် ရဟတ်ယာဉ်မောင်းသင်တန်းဆရာ ပြန်လွတ်လာခဲ့သော်လည်း ထိတ်လန့်နေသောကြောင့် ဆေးရုံတင်ပို့ကုသခံခဲ့ရသည်။ သင်တန်းသားကို စောင့်နေသည့် အဆိုပါ သင်တန်းဆရာကို ဖေးဒ်၏ အဖော်များက ဖမ်းဆီးခြိမ်းခြောက်ပြီး ထောင်တွင်းသို့ ရဟတ်ယာဉ်ဆင်းသက်စေခဲ့ခြင်းဖြစ်သည်။

F-03



FOLLOW US