News

POST TAGGED AS

လက်ထောက်

26-Jun-2018

သမ္မတ ဇင်ဘာဘွေ
မဲဆွယ်ချီတက်ပွဲတွင် ပေါက်ကွဲမှု ဖြစ်ပွားသော်လည်း ဇင်ဘာဘွေသမ္မတ ထိခိုက်မှုမရှိ


ဟာရာရီ၊ ဇွန် ၂၄

ဇွန်လ ၂၃ ရက်နေ့ကမဲဆွယ်ချီတက်ပွဲတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သော်လည်း ဇင်ဘာဘွေသမ္မတ အီမာဆင်မူနန်ဂါဂွါမှာ ထိခိုက်ခဲ့ခြင်းမရှိဘဲ “သူရဲဘောကြောင်သည့်လုပ်ရပ်” သည် မူဂါဘီခေတ်လွန် ပထမဆုံးရွေးကောက်ပွဲကို ထိခိုက်စေမည်မဟုတ်ကြောင်း သတိပေးပြောကြားခဲ့သည်ဟု Reuters သတင်းဌာနက ဖော်ပြသည်။

အာဏာရှင်ဟောင်း ရောဘတ်မူဂါဘီ၏ သစ္စာခံတစ်ဦးပင်ဖြစ်သူ မူနန်ဂါဂွါသည် မူဂါဘီထံမှ စစ်တပ်ကအာဏာသိမ်းအပြီးတွင် တိုင်းပြည်ကို အုပ်ချုပ်ခွင့်ရခဲ့သူဖြစ်သည်။ 

မူနန်ဂါဂွါကဗုံးသည် သူနှင့် လက်မအနည်းငယ်အကွာတွင် ပေါက်ကွဲသွားခဲ့ပြီး သူသေနေ့မစေ့သေး၍သာဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဇူလိုင် ၃၀ တွင် သမ္မတရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေချိန် မဲဆွယ်ကာလတွင် ယခုပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

ရွေးကောက်ပွဲတွင် အဓိကပြိုင်ဘက်များအဖြစ် အသက် ၇၅ နှစ်အရွယ် မူနန်ဂါဂွါနှင့် အတိုက်အခံဒီမိုကရက်တစ် အပြောင်းအလဲလှုပ်ရှားမှု ပါတီခေါင်းဆောင် နယ်လ်ဆင်ချာမီဆာတို့ ရင်ဆိုင်ရမည်ဖြစ်သည်။

၂၀၀၀ ပြည့်နှစ်ကတည်းက လက်ရှိအာဏာရပါတီ ZANU-PF ဘက်က အနိုင်မရခဲ့သော အတိုက်အခံတို့ အားကောင်းရာ ဘူလာဝါယိုနယ်တွင် မူနန်ဂါဂွါက ပထမဆုံးအကြိမ် မဲဆွယ်စဉ် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုနှင့်ပတ်သက်၍ အာဏာပိုင်တို့က အသေးစိတ်ထုတ်ပြန်ထားခြင်း မရှိသေးပေ။

မည်သူ့လက်ချက်ဟုထုတ်ပြန် ကြေညာမှုမျိုးလည်း မရှိသေးပေ။ ယခင်ရွေးကောက်ပွဲကာလများတွင်ဆိုပါက အကြမ်းဖက်မှုများ မကြာခဏဖြစ်ပွားလေ့ရှိခဲ့ကာ အထူးသဖြင့် အတိုက်အခံများ အပေါ် ZANU-PF ထောက်ခံသူများက တိုက်ခိုက်မှုများ ဖြစ်ပွားလေ့ရှိသော်လည်း ယခုနှစ်ရွေးကောက်ပွဲကာလတွင် များသောအားဖြင့် ငြိမ်းငြိမ်းချမ်းချမ်းရှိနေသည်။ 

ထိခိုက်ဒဏ်ရာရသွားသူများထဲတွင် ဒုတိယသမ္မတ၊ အခြားဒုတိယသမ္မတ တစ်ဦး၏ဇနီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးနှင့် အောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌတို့ ပါဝင်သည်ဟု မူနန်ဂါဂွါက ပြောကြားခဲ့သည်။

လုံခြုံရေးအစောင့်တပ်ဖွဲ့ဝင် အချို့လည်း ထိခိုက်ခဲ့ကာလူ ၄၂ ဦးအထိ ဒဏ်ရာရခဲ့ပြီး ၆ ဦးမှာဒဏ်ရာပြင်းထန်သည်ဟု ZBC ရုပ်သံက ဖော်ပြသည်။ 

F-03




FOLLOW US