News

POST TAGGED AS

လက်ပံတောင်း

လက်ပံတောင်းတွင် ရဲနှင့် ဒေသခံတို့ ပဋိပက္ခဖြစ်၊ အမျိုးသမီးနှစ်ဦးကို ရဲဖမ်း


မုံရွာ၊ မတ် ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် အနီးဆုံးကျေးရွာဖြစ်သည့် ဝက်မှေးရွာဟောင်းမှ နေအိမ် ၇ လုံး ပြောင်းရွှေ့ရာတွင် လုံခြုံရေးတာဝန်ကျရဲများနှင့် ကျေးရွာသားများ ပဋိပက္ခဖြစ်ပွားပြီး အမျိုးသမီးနှစ်ဦးဖမ်းဆီးခံရကြောင်း ယင်းဒေသခံများထံမှ သိရသည်။

မတ်လ ၂၈ ရက်နေ့က ဝက်မှေးရွာဟောင်းမှ လူနေအိမ် ၇ လုံးကိုဖျက်၍ ရွာသစ်သို့ရွှေ့ပြောင်းရာတွင် ဝက်မှေးရွာနေကျေးရွာသားအချို့က ရွာအတွင်းသို့ မော်တော်ယာဉ်များနှင့် လုံခြုံရေးရဲများကို ဝင်ရောက်ခြင်းမပြုဘဲ ဖျက်ထားသည့် နေအိမ်များမှ ပစ္စည်းများကို ရွာထိပ်အထိ သယ်ယူရန်အလိုရှိကြသော်လည်း နေအိမ်ဖျက်ပိုင်ရှင်များက လုံခြုံရေးရဲတပ်ဖွဲ့ဝင်များနှင့် မော်တော်ယာဉ်များကို မိမိအိမ်ရှေ့အထိ လာရောက်သယ်ယူစေလိုနေကြသဖြင့် မွန်းလွဲပိုင်းတွင် ရွာထိပ်၌ ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားရာတွင် ကျေးရွာမှ ဒေါ်သွဲ့သွဲ့ဝင်းနှင့် ဒေါ်စန်းလှကိုဖမ်းဆီးသွားခဲ့ကြောင်း ဝက်မှေးရွာဟောင်း ဥက္ကဋ္ဌဟောင်းဖြစ်သူ ဦးအောင်ဇော်ဦးက ပြောကြားသည်။

“၂၀၁၁ ရွာမှာ အပြောင်းအရွှေ့ကိစ္စတွေကြုံတည်းက ရွာမှာစည်းကမ်းချခဲ့ပါတယ်။ ပြောင်းချင်သူပြောင်းလို့ရတယ်။ ကားဝင်လို့မရဘူး။ ကိုယ့်အိမ်ဖျက် ကိုယ်ထမ်းပြီးထွက်ဖို့ စည်းကမ်းလုပ်ထားတာ။ ကျွန်တော်တို့ဘက်က အလျှော့ပေးတယ်။ ဝမ်ပေါင်ကုမ္ပဏီနဲ့ ရွာခံတွေက ကျွန်တော်တို့ရွာဟောင်းက လူတွေပုံရိပ်ထိခိုက်အောင် လုံခြုံရေးနဲ့ အတင်းဝင်လာတယ်”ဟု ၎င်းက ဆိုသည်။ 

မိမိတို့အနေနှင့် မြေလျော်ကြေးယူ၍ ရွာသစ်သို့ပြောင်းရွှေ့ရန် စိတ်ကူးမရှိကြောင်း ဝက်မှေးရွာမှ ဒေသခံဒေါ်ဖြူဖြူဝင်းက ပြောဆိုသည်။

“သူတို့ ပြောင်းချင်လို့ပြောင်းတာကို ကျွန်မတို့ ဘာမှမပြောလိုဘူး။ မတားဘူး။ ၂၀၁၁ အာဏာရှင်ခေတ်ကလို ရဲတွေအလုံးအရင်းနဲ့ ရွာထဲဝင်လာတာမျိုးကို ကန့်ကွက်တယ်”ဟု ဒေါ်သွဲ့သွဲ့ဝင်းက ပြောဆိုသည်။

အဆိုပါဒေသခံအမျိုးသမီးနှစ်ဦး ဖမ်းဆီးခံရပြီးနောက် ရဲတပ်ဖွဲ့အင်အား တစ်ရာခန့်အသုံးပြု၍ ဝမ်ပေါင်ကုမ္ပဏီမှကားများနှင့် ရွာဟောင်းမှ ရွာသစ်သို့ ပြောင်းရွှေ့မည့်နေအိမ်များကို ဆက်လက်ပြောင်းရွှေ့လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။ 

ဝက်မှေးရွာသစ်သည် ညောင်ပင်ကြီး ဆားလင်းကြီးလမ်းအရှေ့ဘက်တွင် ၂၀၁၁ ခုနှစ်ကစတင်တည်ခဲ့ပြီး စီမံကိန်းကြောင့် ပထမဆုံးပြောင်းရွှေ့ခံရသောရွာလည်းဖြစ်ကာ အိမ်ခြေ ၄၀ ပထမဆုံး ပြောင်းပြီးနောက်ပိုင်း တဖြည်းဖြည်း နေအိမ်များ ပြောင်းရွှေ့ခဲ့သဖြင့် ဝက်မှေးရွာဟောင်းတွင်လက်ရှိနေအိမ် ၂၀ ခန့်သာ ကျန်နေသေးကြောင်း ရွာခံများက ပြောကြားသည်။ 

“အများသူငါသွားတဲ့ လမ်းပိတ်လို့မရဘူးလေ။ သူ့အိမ်ထဲမှာလာလုပ်တာမျိုး မဟုတ်ဘူး”ဟု ဆားလင်းကြီးမြို့နယ်၊ အမှတ် (၁) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသိန်းနိုင်က ဆိုသည်။ 

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ လုံခြုံရေးတာဝန်ကျဒုရဲမှူးစိန်ထွန်းကို ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း အဆက်အသွယ်မရခဲ့ပေ။



FOLLOW US