News

POST TAGGED AS

လက်နက်ကိုင်

ဒေါ်အောင်ဆန်းစုကြည်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို သြဂုတ်လ ၃၁ ရက်နေ့တွင် မျက်ဝါးထင်ထင် မြင်ရတော့မည်။ ထိုနေ့တွင် ၂၁ ရာစုပင်လုံကို စတင်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာပြီးဖြစ်သည်။ သမ္မတဦးသိန်းစိန်က တစ်ပိုင်းတစ်စနှင့် ထားရစ်ခဲ့သော ငြိမ်းချမ်းရေး အပိုင်းအစများကို ပင်လုံဆိုသည့် အမည်နာမအောက်တွင် ဒေါ်အောင်ဆန်းစုကြည် မည်သို့မည်ပုံ စုစည်းမည်နည်း။

အခြားတစ်ဖက်တွင်လည်း ၁၉၄၇ ခုနှစ်ကတည်းက စခဲ့သော ပင်လုံတစ္ဆေ၏ ခြောက်လှန့်သံများ ပြန်စလာသည်။ ခွဲရေး တွဲရေးနှင့် အပြိုင်အဆိုင် တောင်းဆိုကြမည့်  ပြည်နယ်သစ်များက တိုင်းနှင့်ပြည်နယ်များ၏ မြေပုံကို ပြောင်းလဲပစ်ရန် တာစူနေသည်။

၂၀ ရာစုပင်လုံက ပြည်ထောင်စုကြီးကို မွေးဖွားပေးခဲ့သော်လည်း မဆုံးနိုင်သော ပြည်တွင်းစစ်ကို ဖွားဖက်တော်အဖြစ် ဖန်ဆင်းခဲ့သည်။ ၂၁ ရာစုပင်လုံက ထိုဖွားဖက်တော်ကို အလဲထိုးမည့် အစီအမံဖြစ်သည်။ အစိုးရသစ်၏ ပျားရည်ဆမ်းကာလ လွန်မြောက်သော်လည်း ငြိမ်းချမ်းရေးစကားတို့ မချိုသေး၊ ငြိမ်းချမ်းရေးတေး မဆိုနိုင်သေး။

မြန်မာပြည်မြေပုံ၏ တစ်နေရာရာတွင် တပ်မတော်သားတစ်ဦး ကျဆုံးခြင်း၊ရွာသားအချို့ အဓမ္မသတ်ဖြတ်ခံရခြင်းနှင့် လက်နက်ကိုင်အဖွဲ့ဝင်များ ထိခိုက်ကျဆုံးခြင်းတို့မှာ မထူးဆန်းသော သတင်းစကားများ ဖြစ်လာသည်။ ရက်ပိုင်းအတွင်း မြင်ရမည့် ၂၁ ရာစု ပင်လုံက အစိုးရအဆက်ဆက် ပုံဖော်ခဲ့သည့် ငြိမ်းချမ်းရေး တေးသွားနှင့် မည်မျှကွာခြားမည်နည်း။  ရှမ်းရိုးမမှသည် ကချင်တောင်တန်းများအထိ သေနတ်သံများ တိတ်ဆိတ်ရန် ဒေါ်အောင်ဆန်းစုကြည် စွမ်းနိုင်ပါမည်လော။

၂၁ ရာစုပင်လုံ အစ

နိုင်ငံတော်၏ အတိုင်ပင်ခုံပုဂ္ဂိုလ်ဟူသော ရာထူးတာဝန်အသစ်ကို ဖန်တီးရယူပြီး မကြာမီ ငြိမ်းချမ်းရေး အစီအစဉ်များကို  ဒေါ်အောင်ဆန်းစုကြည်က ဆက်တိုက်ကြေညာခဲ့ကာ ၂၁ ရာစု ပင်လုံဟူသော စကားရပ်ကို မိတ်ဆက်ခဲ့သည်။ ၂၁ ရာစုပင်လုံ၏ နောက်ကွယ်တွင် ဖြစ်ရပ်အချို့ ရှိပါသည်။

သမ္မတဦးသိန်းစိန် လက်ထက်ကစခဲ့သော "ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ"ဟူသည့် အမည်ကို ဒေါ်အောင်ဆန်းစုကြည်က မနှစ်မြို့ဟု နိုင်ငံတော်သမ္မတရုံး အသိုင်းအဝိုင်းက ဆိုသည်။ ယင်းအတွက် အမည်သစ်ပေးရန်လည်း နည်းလမ်းရှာခဲ့သည်။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ဟူသည့် အမည်မှာ အစိုးရနှင့် တိုင်းရင်းသား  လက်နက်ကိုင် အဖွဲ့အစည်းများအကြား ချုပ်ဆိုသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်တွင် ဖော်ပြထားချက်ဖြစ်ပြီး ယင်းစာချုပ်ကို လွှတ်တော် တွင် အတည်ပြုထားသည်။

အကယ်၍ ညီလာခံ၏အမည်ကို ပြောင်းလိုလျှင် စာချုပ်ကို ပြန်လည်ပြင်ဆင်ရန် လိုအပ်ပြီးတစ်ဖန် လွှတ်တော်သို့ ပေးပို့၍  အတည်ပြုချက် ထပ်ယူရမည်ဖြစ်သည်။ အပစ်ရပ်စာချုပ်ပါ ဖော်ပြချက်များကို ပြင်ဆင်ရန်ဆိုလျှင် တိုင်းရင်းသား လက်နက်ကိုင်  အဖွဲ့အစည်းများနှင့်လည်း ပြန်လည်ညှိနှိုင်း ရမည်ဖြစ်သည်။ အဆင့်ဆင့်သော လုပ်ငန်းစဉ်များကို ကျော်ဖြတ်ရန် လိုအပ်သည်ဟု သိရပြီးနောက် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံဟူသော အမည်ကို ပြောင်းရန် ဒေါ်အောင်ဆန်းစုကြည်က လက်လျှော့လိုက်ပြီး ၂၁ရာစု ပင်လုံ စကားရပ်ကို ညီလာခံ၏ ဆက်တွဲ ခေါင်းစဉ်အဖြစ် အသုံးပြုခဲ့သည်။

၂၁ ရာစုပင်လုံ၏ ဇာတ်ကြောင်းက ဤသို့ဖြစ်သည်။ ညီလာခံကျင်းပရန် ရက်ပိုင်းအလို တိုင်းဒေသကြီးနှင့် ပြည်နယ် အများအပြားတွင် ၂၁ ရာစုပင်လုံ ထောက်ခံပွဲများ ဆက်တိုက်ပြုလုပ်နေသည်။ ထင်ရှားသည့် တိုင်းရင်းသား ခေါင်းဆောင်အချို့ကမူ ပင်လုံ အမည်နာမကို အသုံးပြုမှုအပေါ် ဝေဖန်ခဲ့ကြသေးသည်။

၁၉၄၇ ခုနှစ် ပင်လုံညီလာခံတွင် ပါဝင်ခဲ့သူ ကချင်တိုင်းရင်းသားခေါင်းဆောင် ဒူဝါကရိန်နော်၏မြေး ဒေါ်ကရိန်နန်ဘူက ပင်လုံအမည် အသုံးပြုခြင်းကို နားမလည်ကြောင်း မှတ်ချက်ပြုသည်။
"နေပြည်တော်မှာ လုပ်တာ နေပြည်တော်လို့ သုံးရင်ရတာပဲ"ဟု သူကဆိုသည်။ ပင်လုံကို တိုင်းရင်းသား အချင်းချင်းအကြား ပူးပေါင်းရေးအဓိပ္ပာယ်ဟု ကောက်ယူကြောင်း တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားသည်။ 

သုံးပွင့်ပြဿနာ 

သမ္မတဦးသိန်းစိန်၏ ငြိမ်းချမ်းရေး  လုပ်ငန်းစဉ် မအောင်မြင်ဟု ပြောဆိုခံရသည့် အကြောင်းတစ်ခု ရှိသည်။ယင်းမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံးကို အပစ်အခတ် ရပ်စဲရေးစာချုပ်တွင် ပါဝင်လာရန် မစွမ်းဆောင်နိုင်ခြင်းပင်ဖြစ်သည်။ ကိုးကန့်၊တအာင်းပလောင်နှင့် ရခိုင်တိုင်းရင်းသား လက်နက်ကိုင် သုံးဖွဲ့တို့ကို အပစ်ရပ်စာချုပ်တွင် ပါခွင့်ပြုရန် တပ်မတော်က ငြင်းဆန်ခဲ့သဖြင့် အခြားသော လက်နက်ကိုင်အဖွဲ့ အများအပြားက စာချုပ်လက်မှတ်ထိုးရန်  ငြင်းခဲ့ကြသည်။

ယခု ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရလက်ထက်တွင် ကျန်နေသည့် လက်နက်ကိုင်အဖွဲ့များ အပစ်ရပ်စာချုပ်တွင် ပါလာရေး ညှိနှိုင်းရာတွင်လည်း ထိုသုံးဖွဲ့ပြဿနာကို မရှင်းနိုင်သေးပါ။ တပ်မတော်က ထိုသုံးဖွဲ့ကို လက်နက်စွန့်ရန် တောင်းဆိုသည်။ ကိုးကန့်၊ တအာင်းပလောင်နှင့် AA တို့က မဖြစ်နိုင်ဟု တုန့်ပြန်သည်။

နောက်ဆုံးအခြေအနေအထိ ညှိနှိုင်းချက်မှာ လက်နက်စွန့်ရန်မလို၊ လက်နက်ကိုင်လမ်းစဉ်ကို ချုပ်ငြိမ်းလိုသည့် ဆန္ဒရှိကြောင်း ကြေညာချက် ထုတ်ပြန်ပေးရမည်ဟု ထိုသုံးဖွဲ့ကို တပ်မတော်က တောင်းဆိုသည်။ ယင်းမှာ တပ်မတော်၏ အလိုက်လျောနိုင်ဆုံး အနေအထားလည်း ဖြစ်ပုံရသည်။ သို့သော် ယင်းစကားရပ်သည်လည်း အဆင်မပြေပါ။ လက်နက်ကိုင်လမ်းစဉ် စွန့်ရန် ပြောဆိုမှုမှာ လက်ရှိမိမိတို့၏ လုပ်ရပ်သည် မှားယွင်းကြောင်း ကြေညာခိုင်းသည်နှင့် မခြားနားကြောင်း၊ ယင်းသို့ မလုပ်နိုင်ကြောင်း အထက်ပါ သုံးဖွဲ့က ပြောဆိုထားသည်။

အစိုးရနှင့် တပ်မတော် ကိုယ်စားလှယ်တို့ကမူ ထပ်ညှိမည် 'ဤခရီး နီးလာပြီ' ဟု လေသံပစ်ထားသည်။ အစိုးရနှင့် နိုင်ငံရေးလေ့လာသူများ  အသိုင်းအဝိုင်း၏ အဆိုအရ ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံခရီးက ပြန်လာလျှင် ထိုကိစ္စများ အဆင်ပြေသွားနိုင်ကြောင်း ခန့်မှန်းထားကြသည်။ တရုတ်နယ်စပ်ကို  အခြေပြု၍ အဓိက လှုပ်ရှားနေသော ထိုသုံးဖွဲ့ကို အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါလာရန် တရုတ်တို့က တွန်းအားပေးနိုင်ကြောင်း ခန့်မှန်းနေခြင်းဖြစ်သည်။ 

သြဂုတ်လ ၁၈ ရက်နေ့တွင် အဆိုပါ သုံးဖွဲ့က သဘောထားထုတ်ပြန်ချက် တစ်စောင်ကို ပူးတွဲထုတ်ပြန်သည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံး ပါဝင်လာရေး အစိုးရ၏ မူသဘောထားကို ကြိုဆိုကြောင်း၊ သုံးဖွဲ့လုံးကလည်း ၂၁ရာစုပင်လုံကို တက်ရောက်ရန်  အဆင်သင့်ရှိကြောင်း ရေးသားထားသည်။  လက်နက်ကိုင်လမ်းစဉ်ကို အပြီးအပြတ် ချုပ်ငြိမ်းလိုကြောင်း ဆန္ဒရှိပါသည်ဟု ကြေညာပေးရန် တပ်မတော်က တောင်းဆိုမှုနှင့် ပတ်သက်၍မူ ပူးတွဲထုတ်ပြန်ချက်တွင် တစ်ခွန်းမျှ ဟမထား။ အခြားသုံးပွင့် ပြဿနာနှစ်ခုလည်း ကျန်နေသေးသည်။

နိုင်ငံရေးဆွေးနွေးပွဲများတွင် အစိုးရ၊  နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသား လက်နက်ကိုင်များအစု အဖွဲ့သုံးခုသာ ပါဝင်ဆွေးနွေးရေး အဆိုနှင့် အပစ်ရပ်စာချုပ် ပြင်ပတွင် ခပ်ခွာခွာ နေလေ့ရှိသော ဝ၊ မိုင်းလားနှင့် နာဂ လက်နက်ကိုင်သုံးဖွဲ့ကိစ္စဖြစ်သည်။ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊  တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေး ပါတီများနှင့် လက်နက်ကိုင် မဟုတ်သူ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် အခြားပါဝင်သင့် ပါဝင်ထိုက်သူများဟူ၍ ကိုယ်စားလှယ် အစုအဖွဲ့  အများအပြား ပါဝင်သော ညီလာခံကို  ကိုယ်စားပြုအဖွဲ့သုံးဖွဲ့သာထားရန် မိုင်ဂျာယန် ညီလာခံတွင် ဆွေးနွေးခဲ့ကြသည်။

အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်ကို စုပေါင်းကာ အစိုးရဟူသော ခေါင်းစဉ်အောက်တွင်သာ ထား၍ ညီလာခံတွင် ပါရန်နှင့် အရပ်ဘက် အဖွဲ့အစည်းများနှင့် အခြားကိုယ်စားလှယ်များကို ညီလာခံ တက်ရောက်ခွင့် တားမြစ်မည့် အစီအစဉ်ဖြစ်သည်။ ယင်းအဆိုပြုချက်ကို တပ်မတော်ကိုယ်တိုင် လက်မခံပါ။

တိုင်းရင်းသား လက်နက်ကိုင်များနှင့် တပ်မတော်တို့ ညီလာခံတွင် ကိုယ်စားလှယ် အရေအတွက် တန်းတူရှိရမည်ဟု တပ်မတော်က မူဝါဒ ချမှတ်ထားပြီး အကယ်၍ သုံးပွင့်ဆိုင်သာ ထားမည်ဆိုလျှင် ကိုယ်စားပြု အရေအတွက် ပြဿနာကို အဖြေရှာရမည် ဖြစ်သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့နေသော အရပ်ဘက် လူမှုအဖွဲ့အစည်းများကို ပါဝင်ခွင့် ကန့်သတ်မည့် အစီအစဉ်ကိုလည်း အရပ်ဘက်အဖွဲ့များက ကန့်ကွက်ထားသည်။ လူငယ်နှင့် အမျိုးသမီးများကို ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ခွင့်အခန်းကဏ္ဍ ချဲ့ထွင်ပေးရန်ပင် ထပ်ဆောင်း တောင်းဆိုထားသည်။
သုံးပွင့်ဆိုင်အစီအစဉ်မှာ အဖြေမထွက်သေး။

မြန်မာနိုင်ငံတွင် အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်သည့် '၀' ပြည် သွေးစည်းညီညွတ်ရေးအဖွဲ့၊ မိုင်းလားအဖွဲ့နှင့် နာဂအဖွဲ့တို့၏  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်မည့် အစီအစဉ်မှာလည်း အငြင်းပွားဆဲဖြစ်သည်။ အဆိုပါ အဖွဲ့သုံးဖွဲ့လုံးက အပစ်ရပ်စာချုပ်ကို လက်မှတ်ထိုးရန် ငြင်းဆန်ထားသည်။ 

ယခုအခါ ဝနှင့် မိုင်းလားတို့ကို ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင် ပါလာရန် ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ခေါ်ထားရာ အပစ်ရပ် စာချုပ်လက်မှတ်ထိုးပြီးမှ အပြည့်အဝ ကိုယ်စားပြု ပါဝင်ခွင့်ပြုမည်လော၊ မထိုးဘဲ ပါခွင့်ပြုမည်လော မသဲကွဲသေး။ အထက်ပါ မေးခွန်းအတွက် သမ္မတရုံးကလည်း နှုတ်ဆိတ်နေသည်။ အကယ်၍ ဝနှင့် မိုင်းလားကို အပစ်ရပ်စာချုပ် လက်မှတ်မထိုးဘဲ ညီလာခံတွင် အပြည့်အဝ ကိုယ်စားပြု ပါခွင့်ပြုမည်ဆိုလျှင် လက်မှတ်မထိုးရသေးသော ကျန်လက်နက်ကိုင်အဖွဲ့များကို အစိုးရက လက်မှတ်ထိုးရန် တောင်းဆိုမှုမှာ မတရားဟု ဆိုဖွယ်ရာ ရှိသည်။

အပစ်ရပ် လက်မှတ်မထိုးထားသူ  လက်နက်ကိုင်အဖွဲ့အားလုံး ညီလာခံတွင် တန်းတူ ပါဝင်လာရန် ခွင့်ပြုသည်ဆိုလျှင်လည်း အပစ်ရပ်စာချုပ်အရ ကျင်းပသည့်  ညီလာခံကို ပြက်ရယ်ပြုရာ ရောက်နိုင်သလို  အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားသည့် လက်နက်ကိုင် အဖွဲ့အစည်းများကလည်း ကျေနပ်လက်ခံမည် မဟုတ်ပေ။ တပ်မတော်ကမူ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အပစ်ရပ်စာချုပ်အတိုင်း ဆက်သွားမည်ဟု ပြောဆိုထားသည်။

နာဂတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့မှာ အစိုးရနှင့် နိုင်ငံရေးကိစ္စရပ်များ ဆွေးနွေးရန် မရှိဟု ဆိုထားပြီး အပစ်ရပ် စာချုပ်ကိုလည်း စိတ်မဝင်စားကြောင်း  ပြောဆိုထားနှင့်ပြီးဖြစ်သည်။ အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးဘက် နာဂအဖွဲ့မှာ မြန်မာ့တပ်မတော်နှင့် အပစ်ရပ်ထားသော်လည်း အိန္ဒိယစစ်ဘက်နှင့် ပဋိပက္ခအချို့ ရှိခဲ့သဖြင့် နာဂခေါင်းဆောင်များကို အရေးယူပေးရန် အိန္ဒိယက မြန်မာအစိုးရထံ တောင်းဆိုထားသည်။ ဝ၊ မိုင်းလားနှင့် နာဂပြဿနာကို  ဒေါ်အောင်ဆန်းစုကြည် အဖြေရှာရပေဦးမည်။

တကယ့်ညီလာခံ 
၂၁ ရာစုပင်လုံကို သြဂုတ်လထက်  နောက်မကျဘဲ ကျင်းပမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့စဉ်က အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားသူ တိုင်းရင်းသား လက်နက်ကိုင်များက အောက်ပါ သဘောထားမှတ်ချက်စကား ဆိုထားသည်။ "ညီလာခံကျင်းပမယ့်ရက်ကို ပူးတွဲကော်မတီက ဆုံးဖြတ်ရမယ်" ဟူ၍ ဖြစ်သည်။ 

ကရင်အမျိုးသားအစည်းအရုံး၏  အထွေထွေ အတွင်းရေးမှူးဖြစ်သူ ဖဒိုစောကွယ်ထူးဝင်းက ညီလာခံရက်ကို အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ၊  နိုင်ငံရေးပါတီများပါသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီက  ညှိနှိုင်းဆုံးဖြတ်ရန် လိုကြောင်း ပြောဆိုသည်။ ယင်းကော်မတီသည်လည်း အပစ်ရပ်စာချုပ်တွင် သတ်မှတ်ချက်အရ ဖွဲ့စည်းထားခြင်းဖြစ်သည်။

သို့သော် သြဂုတ်လ ၈ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစုပင်လုံ ကျင်းပမည့်ရက်ကို ထုတ်ပြန်ကြေညာချက်မှာ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်အများစုကို အံ့အားသင့်စေခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် သတ်မှတ် ပြောဆိုသည့်အတိုင်း ညီလာခံကျင်းပရန်  ပြင်ဆင်နေသော်လည်း အသိမပေးဘဲ ညီလာခံရက် သတ်မှတ်ထုတ်ပြန်မှုကို စိတ်မကောင်းဟု အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားသူ လက်နက်ကိုင် ခေါင်းဆောင်အချို့က မှတ်ချက်ပြုသည်။

"ကျွန်တော်တို့က သူဖြစ်ချင်တာ လုပ်ပေးရတာပါ" ဟု ဒေါ်အောင်ဆန်းစုကြည်၏ ညီလာခံအစီအစဉ်အပေါ် ဝါရင့်နိုင်ငံရေးသမားကြီး ဦးသုဝေက မှတ်ချက်ပြုသည်။  သူက အစိုးရ၊ လက်နက်ကိုင်နှင့် ပါတီများ ပူးတွဲဖွဲ့စည်းထားသည့် ဆွေးနွေးမှုကော်မတီတွင် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ ဖြစ်သည်။ 

လွန်ခဲ့သော နှစ်ဝက်ခန့်အချိန်  ဇန်နဝါရီလတွင်ဖြစ်သည်။ သမ္မတဦးသိန်းစိန် အစိုးရတာဝန် ယူဆဲအချိန် ပြုလုပ်သော ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမှာ အပစ်ရပ်စာချုပ်ကို အသိအမှတ်ပြုသည့် သဘောသာဖြစ်ပြီး တကယ့် ငြိမ်းချမ်းရေးညီလာခံကို အစိုးရသစ် လက်ထက်တွင်မှ ပြုလုပ်မည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။

"တကယ့် ငြိမ်းချမ်းရေးညီလာခံကတော့ နောက်အစိုးရကမှ ဆက်ပြီးလုပ်ရမှာပေါ့နော်။ ငါးရက်ထဲနဲ့တော့ ဘယ်လိုလုပ် ငြိမ်းချမ်းရေး ညီလာခံ ပြီးနိုင်မလဲ" ဟု ဒီမိုကရေစီ ခရီးကြမ်းနှင့် ဒေါ်အောင်ဆန်းစုကြည်ဟူသော ရေဒီယို အသံလွှင့် အစီအစဉ်တွင်  ပြောဆိုခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အထက်ပါ ပြောဆိုမှုကို ယခု ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူးအဖြစ် တာဝန်ယူနေသော အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦးက ကန့်ကွက်ခဲ့သေးသည်။ ပထမအကြိမ် ညီလာခံမှာ တကယ့်ညီလာခံမဟုတ်ဟု ပြောဆို မှုကို လက်မခံဟု ဦးခင်ဇော်ဦးက ဆိုခဲ့သည်။ 
ယခု သြဂုတ်လ ၃၁ ရက်နေ့တွင် ပြုလုပ်မည့် ၂၁ ရာစု ပင်လုံသည် တကယ့်ညီလာခံလော။ အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ်တွင် ယခင် ရှစ်ဖွဲ့မှအပ အဖွဲ့ထပ်တိုး လက်မှတ်မထိုးနိုင်သေးသော

အခြေအနေတွင် ကျင်းပမည့် ၂၁ ရာစု ပင်လုံမှာ တကယ့် ညီလာခံဟူသော ဂုဏ်ပုဒ်ကို ရယူနိုင်ဖွယ်မရှိ။ ယခုကျင်းပမည့် ညီလာခံမှာ ဟန်ပြသာဖြစ်ပြီး နောက်ခြောက်လခန့်တွင်မှ အမှန်တကယ် ဆွေးနွေးမှုများ စတင်မည်ဟု ဖဒိုကွယ်ထူးဝင်းက ဆိုသည်။ "အခုက စာတမ်းဖတ်ရုံလောက်ပဲ"ဟု သူကဆိုသည်။

ညီလာခံသို့ တက်ရောက်မည့်သူများကိုလည်း ယခင်က ညီလာခံကိုယ်စားလှယ်ဟု သုံးနှုန်းခဲ့ရာက ယခုအခါ ညီလာခံ တက်ရောက်သူများဟု ပြောင်းလဲ သုံးနှုန်းမည်ဖြစ်ကြောင်း ၂၁ ရာစုပင်လုံ ပြင်ဆင်ရေးကော်မတီက ဆိုသည်။

ယခုတစ်ကြိမ်တွင်လည်း ငါးရက်ကြာ ကျင်းပရန် လျာထားသော ညီလာခံမှာ ကျင်းပချိန် ၁၀ ရက်ခန့်သာ လိုတော့သည်အထိ အဆင်သင့်မဖြစ်သေး။ ညီလာခံ တက်ရောက်မည့် ပြည်တွင်းပြည်ပ ဧည့်သည်များကို ဖိတ်ကြားမည့် အစီအစဉ်ပင် ရေရေရာရာ မရှိသေးဟု ပြင်ဆင်ရေး ကော်မတီထံမှ  သိရသည်။

၂၀၁၆ ခုနှစ် သြဂုတ်လ ၃၁ ရက် ဗုဒ္ဓဟူးနေ့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစုပင်လုံကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကျင်းပမည်ဖြစ်သည်။ တကယ့်ငြိမ်းချမ်းရေး ညီလာခံကိုမူ အနည်းဆုံး ခြောက်လစောင့်ရပေဦးမည်။ ခြောက်လမတိုင်မီ ဖြေရှင်းရမည့်  ငြိမ်းချမ်းရေး ပုစ္ဆာများက ဒေါ်အောင်ဆန်းစုကြည်ကို စောင့်ကြိုနေသည်။ 





FOLLOW US