News

POST TAGGED AS

လက်နက်ကိုင်

27-May-2017

လက်နက်ကိုင်
မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များ ပင်လုံညီလာခံမပြီးခင် နေရပ်ပြန်

နေပြည်တော်၊ မေ ၂၇

နေပြည်တော်တွင် ကျင်းပနေသော  ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ၂၁ရာစု ပင်လုံညီလာခံသို့ လာရောက်ခဲ့သော မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့များသည် မေလ ၂၇ ရက် မွန်းလွဲပိုင်းက နေပြည်တော်မှ တရုတ်နိုင်ငံသို့ လေကြောင်းခရီးဖြင့် ပြန်လည် ထွက်ခွာသွားပြီဖြစ်ကြောင်း ယင်းအဖွဲ့များထံမှ သိရသည်။

“ဝ”ပြည် သွေးစည်း ညီညွတ်ရေး ပါတီ (UWSA) ဦးဆောင်ပြီး တိုင်းရင်းသား လက်နက်ကိုင် ခုနစ်ဖွဲ့ ပါဝင်သည့် ယင်းမြောက်ပိုင်း အဖွဲ့များသည် ၂၁ ရာစု ပင်လုံ ညီလာခံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံမှုများ ပြုလုပ်ခဲ့သည်။

မြောက်ပိုင်းအဖွဲ့ (ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှု ကော်မတီ) တွင် ရက္ခိုင့်လက်နက်ကိုင်အဖွဲ့ (AA)၊ (KIA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် လက်နက်ကိုင်အဖွဲ့(MNDAA)၊ တအာင်း/ပလောင် အမျိုးသား လွတ်မြောက်ရေး လက်နက်ကိုင်အဖွဲ့ (TNLA)၊(SSA)၊ ရှမ်းပြည်နယ် အရှေ့ပိုင်း အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ (NDAA)၊ “ဝ”ပြည် သွေးစည်းညီညွတ်ရေးအဖွဲ့ (UWSA) တို့ ပါဝင်သည်။

ယင်းအဖွဲ့များသည် တရုတ်နိုင်ငံ၏ ကြားဝင် စေ့စပ်မှုကြောင့် ၂၁ ရာစု ပင်လုံညီလာခံသို့ အထူး ဖိတ်ကြားသူများအဖြစ် လာရောက်ခဲ့ကြခြင်းဖြစ်ပြီး လက်ရှိတွင် နေပြည်တော် မှ တရုတ်နိုင်ငံ ကူမင်းသို့ ပြန်လည် ထွက်ခွာသွားကြခြင်း ဖြစ်သည်။

မြောက်ပိုင်းအဖွဲ့များကို ငြိမ်းချမ်းရေး ကော်မရှင် ဒုဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးတို့က လိုက်ပါ ပို့ဆောင်ခဲ့သည်။ မြောက်ပိုင်းအဖွဲ့သည် တရုတ်နိုင်ငံကူမင်းမှတစ်ဆင့် အခြားလမ်းကြောင်းများမှ သက်ဆိုင်ရာ နေရပ်များသို့ ပြန်မည်ဖြစ်ကြောင်း ယင်းအဖွဲ့များထံမှ သိရသည်။

J-08



FOLLOW US