News

POST TAGGED AS

လက်နက်ကိုင်

တရုတ်လွှမ်းမိုးမှုအောက်က မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် (အပိုင်း ၅)
ယမန်နေ့မှအဆက်


Yun Sun ရေးသားပြီး ချွန်ထူးဟန် ဘာသာပြန်ဆိုသည်။ 

မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အသက်တမျှ အရေးကြီးသော ငြိမ်းချမ်းရေး ဖော်ဆောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာ့အရေး လေ့လာသူ နိုင်ငံရေးသုတေသီ Yun Sunက အစီရင်ခံစာတစ်စောင်ကို သုတေသနပြု ရေးသားခဲ့ပြီး မတ်လကုန်ပိုင်းတွင် အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု (USIP) က ထုတ်ပြန်ခဲ့သည်။ အစီရင်ခံစာ၏ ခေါင်းစဉ်မှာ China and Myanmar’s Peace Process ဖြစ်ပြီး တရုတ်နိုင်ငံအစိုးရ အရာရှိကြီးများနှင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ပြုလုပ်ခဲ့သော အင်တာဗျူးပေါင်း ၈၀ ကျော်ခန့်ကို အခြေခံကာ ရေးသားထားခြင်း ဖြစ်သည်ဟု သုတေသီ Yun Sun က ဆိုထားသည်။ စာမျက်နှာ ၂၀ နီးပါးခန့် ရှိသည့် ယင်းအစီရင်ခံစာကို The Voice Daily သတင်းစာတွင် ဆီလျော်သလို အပိုင်းခွဲကာ ဘာသာပြန်ဆို ဖော်ပြသွားမည် ဖြစ်ပါသည်။ နှစ်ပေါင်း  ၅၀ ကျော်၊ ၆၀ နီးပါး ကြာမြင့်နေပြီ ဖြစ်သည့် မြန်မာပြည်တွင်းစစ် အဆုံးသတ်ရေးနှင့် ငြိမ်းချမ်းရေး ဆောင်ကြဉ်းပေးနိုင်ရေးအတွက် ကြိုးပမ်းနေသူများ၊ တရုတ်နှင့် မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး သမိုင်းကြောင်းကို စိတ်ဝင်တစား လေ့လာနေသူများအတွက် များစွာအထောက်အကူပြုမည့် အစီအရင်ခံစာဟုလည်း ယုံကြည်ပါသည်။ (အစီအရင်ခံစာမူရင်းကို ဖတ်ရှုလိုသူများ အနေနှင့် www.usip.org ဝက်ဘ်ဆိုက်တွင် ဒေါင်းလုပ်ယူကာ ဖတ်ရှုနိုင်ပါသည်)

ဗဟိုဘေဂျင်းနှင့် ပြည်နယ်အစိုးရတို့အကြား ကွင်းဆက်ပြတ်နေသလော

မြန်မာနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသော ယူနန်ပြည်နယ် အစိုးရ၏ မူဝါဒများ သို့မဟုတ် ယူနန်ပြည်နယ်ရှိ ခရိုင်၊ ဒေသ၊ မြို့ အစရှိသည်တို့၏ လုပ်ဆောင်ချက်များသည် မြန်မာအပေါ် ထားရှိသည့် တရုတ်ဗဟိုအစိုးရ (ဘေဂျင်း) ၏ မူဝါဒဆိုင်ရာ အကျိုးသက်ရောက်မှုများအား ထိခိုက်စေနိုင်သည့် ကိန်းရှင်များအဖြစ် သတ်မှတ်ခံရသည်။ ယူနန်အခြေစိုက် စီးပွားရေး လုပ်ငန်းများနှင့် ကုမ္ပဏီများသည် မြန်မာပြည်မြောက်ပိုင်းဒေသတွင် သတ္တုတူးဖော်ရေး၊  သီးနှံအစားထိုး စိုက်ပျိုးရေးနှင့် အခြားသော ဖက်စပ်လုပ်ငန်းများ အပါအဝင် ရှုပ်ထွေးနက်နဲသော စီးပွားရေးများကို လုပ်ကိုင်လျက် ရှိကြသည်။ အကြောင်းမှာ  ယင်းဒေသများကို တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများက ချုပ်ကိုင်ထားပြီး စီးပွားရေး လုပ်ကိုင်ခွင့်များကို နေပြည်တော်အစိုးရ၏ ခွင့်ပြုချက်မပါဘဲ လုပ်ဆောင်နိုင်ခြင်းကြောင့် ဖြစ်လေသည်။ ဤဖြစ်ရပ်သည် တရုတ်-မြန်မာ ဆက်ဆံရေးအကြား ကတောက်ကဆ ဖြစ်စေသော အနာတစ်ခုသဖွယ် ဖြစ်ခဲ့လေသည်။ ယူနန်ပြည်နယ်မှ ကုမ္ပဏီများသည် မြန်မာပြည်မြောက်ပိုင်းဒေသတွင် တိုင်းရင်းသားအုပ်စုများနှင့် ပူးပေါင်းကာ တရားမဝင် စီးပွားရေးလုပ်ငန်းများ (အထူးသဖြင့် သစ်ထုတ်လုပ်ရေးနှင့် သတ္တုတူးဖော်ရေး) လုပ်ကိုင်လျက်ရှိသည်ဟု မြန်မာစစ်အစိုးရက ၁၉၉၀ ပြည့်နှစ်များတွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီ ဌာနကို တိုင်တန်းခဲ့ဖူးသည်။ မြန်မာနိုင်ငံအတွက် လတ်တလော စိတ်ကသိကအောက် ဖြစ်စေခဲ့သော ကိစ္စမှာ ၂၀၁၅ ခုနှစ်အတွင်း ယူနန်ပြည်နယ်မှ တရားမဝင် တရုတ်သစ်ခုတ်သမား ၁၅၀ ကချင်ပြည်နယ်တွင် ဖမ်းဆီးအပြစ်ပေးခံရသည့် အမှုပင် ဖြစ်သည်။ ယင်းအမှုကိစ္စအတွက် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနသည်လည်း အလားတူ စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရသည်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ယူနန်ပြည်နယ် အစိုးရတို့သည် ဘေဂျင်း၏ ဗျူရိုကရေစီယန္တရားတွင် အဆင့်တူသော ဌာနများ ဖြစ်ကြရာ ဌာနတစ်ခုနှင့်တစ်ခုအပေါ် သြဇာအာဏာ ကြီးစိုးလွှမ်းမိုးနိုင်ခြင်း မရှိကြပေ။ 

သမိုင်းကြောင်းဆိုင်ရာ အလှုပ်အယမ်းများ ရှိထားသော်လည်း နယ်စပ်ဒေသအပေါ် ဘေဂျင်းအစိုးရ၏ ထိန်းချုပ်မှုမှာ ၂၀၀၉ ခုနှစ် ကိုးကန့်စစ်မက်ပဋိပက္ခ ပေါ်ပေါက်လာသည့် အချိန်မှစ၍ ပိုမိုအားကောင်းမောင်းသန် ဖြစ်လာခဲ့သည်။ ထိုစဉ်က မြန်မာစစ်အစိုးရသည် ကိုးကန့်ခေါင်းဆောင်အဖွဲ့ကို ဖယ်ရှားပစ်ခဲ့ပြီး ကိုးကန့်ဒေသအပေါ် ပြန်လည်ထိန်းချုပ်နိုင်ခဲ့လေသည်။ ယင်းကိုးကန့်ပြဿနာကြောင့် ဘေဂျင်းအစိုးရမှာ လွန်စွာအံ့အားသင့်ခဲ့ရသလို မူဝါဒရေးရာ  ပြန်လည်ဆန်းစစ်ရသည်အထိ ဖြစ်ခဲ့သည်။ ယူနန်ပြည်နယ်၏ သတင်းအချက်အလက်များ ထိန်းချုပ်ထားမှုနှင့် အဆိုပါပြည်နယ်နှင့် မြန်မာပြည်မြောက်ပိုင်းမှ တိုင်းရင်းသားအုပ်စုများ အကြား ဆက်ဆံရေးသည် နယ်စပ်ဒေသ စီမံခန့်ခွဲရေးတွင် အဂတိလိုက်စားမှုတို့ကို ဖြစ်ပေါ်စေပြီး တရုတ်အမျိုးသား လုံခြုံရေးအတွက် အန္တရာယ်တစ်ရပ် ဖြစ်စေခဲ့သည်ဟု မူဝါဒရေးရာ ပြန်လည်ဆန်းစစ်ရာတွင် တရုတ်ခေါင်းဆောင်များ ဆုံးဖြတ်ခဲ့ကြသည်။ (ဝါရှင်တန်ဒီစီတွင်  တွေ့ဆုံခဲ့သော တရုတ်အစိုးရ အရာရှိကြီးများ၏ အဆိုအရ သိရပါသည်) သို့အတွက်ကြောင့် ဘေဂျင်းအစိုးရက မြန်မာပြည်ထဲရှိ တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများနှင့် တိုက်ရိုက်ဆက်သွယ်နိုင်သည့် လမ်းကြောင်းတစ်ရပ် ပိုမိုအားကောင်းလာအောင် စတင်လုပ်ဆောင်ခဲ့သည်။ လွတ်လပ်သော ဆက်သွယ်ရေးလမ်းကြောင်းများ ပေါ်ပေါက်လာရေး၊ သတင်းပေးများ ထားရှိရေး၊ ပုဂ္ဂလိက အဆက်အသွယ်များ ပေါ်ပေါက်ရေး၊ လုံခြုံရေး အရာရှိများ အပြောင်းအလဲလုပ်ခြင်း၊ လက်နက်ကိုင် ရဲတပ်ဖွဲ့များ အချိန်အလိုက် ထားရှိခြင်း၊ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (တရုတ်စစ်တပ်) ကို အရေးကြီးသော နယ်စပ်စောင့်ကြပ်ရေး နေရာများတွင် တာဝန်ပေးအပ်ရေး စသည့်တို့ကို လုပ်ဆောင်လာခဲ့တော့သည်။ 

တရုတ်သမ္မတ ရှီကျင့်ဖျင်၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး စီမံချက်များကလည်း ယူနန်ပြည်နယ်မှ ဗျူရိုကရေစီယန္တရားအပေါ် ပိုမိုဖိအားပေးလာခဲ့လေသည်။ ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ သုံးနှစ်တာ ကာလအတွင်း ယူနန်ပြည်နယ် အစိုးရမှ အကြီးတန်းအရာရှိ ရှစ်ဦးခန့် စုံစမ်းစစ်ဆေးခံရ သို့မဟုတ်  ဖမ်းဆီးထိန်းသိမ်းခံရသည်။ ၎င်းတို့ထဲတွင် တရုတ်ကွန်မြူနစ်ပါတီ၏ ယခင်ပြည်နယ်အတွင်းရေးမှူး Qin Guangrong နှင့် Bai Enpei၊ ကွန်မြူနစ်ပါတီ ဒုတိယအတွင်းရေးမှူး Qiu He၊ ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူးဟောင်း Shen Peiping၊ ယခင် ကူမင်းမြို့ ကွန်မြူနစ်ပါတီ အတွင်းရေးမှူးများ ဖြစ်သော Gao Jinsong နှင့် Zhang Tianxin၊ ကူမင်း ဒုတိယမြို့တော်ဝန် (အမှုဆောင်) Li Xi နှင့် ကူမင်းဒုတိယမြို့တော်ဝန် Xie Xinsong တို့လည်း ပါဝင်ခဲ့သည်။ တရုတ်နိုင်ငံရှိ ပြည်နယ်များ အားလုံးတွင် ယူနန်ပြည်နယ်သည် ၂၀၁၄ မှ ၂၀၁၆ ခုနှစ်အတွင်း အဂတိလိုက်စားမှုကြောင့် အစိုးရအရာရှိဦးရေ အများဆုံး အလုပ်ထုတ်ခံရသည့် ပြည်နယ်တစ်ခု ဖြစ်ခဲ့သည်။ (စုစုပေါင်း ၉၀၄ ဦး အဂတိလိုက်စားမှုဖြင့် အလုပ်ထုတ်ခံခဲ့ရသည်) ယူနန်ပြည်နယ် အစိုးရတွင် ယင်းသို့ ဖြုတ်ထုတ်သန့်စင်မှုကြီး ပေါ်ပေါက်ခဲ့ခြင်းကြောင့် ယင်းပြည်နယ်နှင့် မြန်မာပြည်မြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများနှင့် ဆက်ဆံရေးအပေါ် တိုက်ရိုက်ဂယက်ရိုက်ခတ်မှုမျိုးတော့ မဖြစ်ပေါ်ခဲ့ပေ။ သို့သော်လည်း ဘေဂျင်း ဗဟိုအစိုးရနှင့် ဆန့်ကျင်သော လုပ်ဆောင်ချက်များတွင် နောက်ဆက်တွဲ ဂယက်များရှိသည် ဟူသော အချက်ကို ပြည်နယ်အရာရှိများ သိအောင် သတိပေးနိုင်ခဲ့လေသည်။ ယူနန်ပြည်နယ်တွင် တွေ့ဆုံမေးမြန်း ဖြစ်ခဲ့သော အရာရှိတစ်ဦး၏ မှတ်ချက်စကားမှာ ယခုလို ဖြစ်လေသည်။ 

“သမ္မတရှီကျင့်ဖျင် လက်ထက်မှာ တရုတ်ဗဟိုအစိုးရကို ဆန့်ကျင်တဲ့အလုပ် လုပ်မိတယ်ဆိုရင် အဲဒါဟာ နိုင်ငံရေး သေကြောင်းကြံတာမျိုးတင် မကဘူး၊ လက်တွေ့မှာလည်း တကယ့်ကို သေကြောင်းကြံမိတဲ့ ကိစ္စပဲ”
 
ယင်းသို့ သမ္မတရှီကျင့်ဖျင် လက်ထက် တရုတ်ပြည်တွင်း နိုင်ငံရေး၌ အာဏာအပြည့်အဝ ထိန်းချုပ်လာခြင်း၊ ပြည်နယ်အစိုးရများအပေါ် တင်းတင်းကျပ် ကျပ်ကိုင်တွယ်လာခြင်း စသည့် အနေအထားများကြောင့် ယူနန်ပြည်နယ် အနေနှင့် ဘေဂျင်းနှင့် နေပြည်တော်အကြား ဆက်ဆံရေးကို ပိုမိုဂရုတစိုက် လုပ်ဆောင်လာရသလို ယင်း၏ ပြန်ကြားရေး အခန်းကဏ္ဍတွင်လည်း အမိန့်နာခံမှုများ ပိုမိုပြသလာရတော့သည်။ ယူနန်ပြည်နယ်ထဲရှိ တရုတ်နိုင်ငံသား အချို့ကတော့ တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများကို ယနေ့အချိန်အထိ စာနာထောက်ထားနေကြသလို ကူညီပံ့ပိုးမှုများလည်း ဆက်လုပ်နေကြဆဲပင် ဖြစ်လေသည်။ သို့သော် ပြည်နယ်အစိုးရမှ ဇာတ်ကောင်များကတော့ နိုင်ငံရေးအရ လွန်စွာအန္တရာယ်များမည့် လုပ်ရပ်များကို လက်ရှောင်လာကြပါသည်။ တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများအပေါ် ယူနန်ပြည်နယ်၏ ကူညီထောက်ပံ့မှုများနှင့် ပတ်သက်၍ မရှင်းမလင်း ကိစ္စများ ပေါ်ထွက်လာပါက ယင်းကိစ္စအပေါ် လေ့လာဆန်းစစ်သူများ အနေနှင့် လွန်စွာ သတိထား ကြည့်ရှုသင့်ပေသည်။ လေ့လာဆန်းစစ်သူများ အနေနှင့် ယူနန်ပြည်နယ်သည် အမှန်တကယ်ပင် ဘေဂျင်းအစိုးရကို ဆန့်ကျင်လုပ်ဆောင်နေသလော၊ သို့မဟုတ် ကြားထဲကနေ အသုံးချခံသက်သက်မျှ ဖြစ်နေခြင်းလော ဟူသည်ကို မေးခွန်းထုတ် ဆန်းစစ်ကြည့်သင့်ပေသည်။ ထင်မြင်နားလည်မှုလွဲခြင်း၊ အကောက်အယူလွဲခြင်း ဟူသည်မှာ ဘေဂျင်းအတွက် သက်သောင့်သက်သာ ဖြစ်စေပါသည်။ အကြောင်းမှာ ဘေဂျင်းသည် အလွယ်တကူ ငြင်းချက်ထုတ်နိုင်သည့် အနေအထားကို ဖန်တီးထားခြင်းကြောင့်ပင် ဖြစ်တော့သည်။ 

တရုတ်တို့၏ စီးပွားရေး လုပ်လိုမှု 

စီးပွားရေးအရ မြန်မာနိုင်ငံမြောက်ပိုင်းဒေသအပေါ် တရုတ်နိုင်ငံ၏ စိတ်ဝင်စားမှုမှာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့၌ လောလောလတ်လတ်  ရင်းနှီးမြှုပ်နှံထားမှုများနှင့် များစွာ ဆက်စပ်ပတ်သက်နေပါသည်။ တရုတ်နိုင်ငံသည် ကချင်ရော၊ ရှမ်းပြည်တွင်ပါ ရေအားလျှပ်စစ် စီမံကိန်းကြီးများ ပြုလုပ်ရန် ရင်းနှီးမြှုပ်နှံထားလေသည်။ (အငြင်းပွားစရာ ဖြစ်နေသည့် ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံတန်ဖိုးရှိ မြစ်ဆုံစီမံကိန်းနှင့် ဒေါ်လာ ၆ ဘီလီယံ လျာထားသည့် မိုင်းတုံရေအားလျှပ်စစ် ထုတ်လုပ်ရေး စီမံကိန်းတို့ ပါဝင်သည်) တရုတ်အမျိုးသား ရေနံကုမ္ပဏီ (CNPC) က ရှမ်းပြည်နယ်ကို ဖြတ်သန်းတည်ဆောက်ခဲ့ပြီး တရုတ်ပြည်အတွက် မဟာဗျူဟာမြောက် ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်းကြီးသည် ကချင်ပြည်နယ် အရှေ့တောင်ပိုင်းနှင့် ရှမ်းပြည်နယ် အနောက်မြောက်ပိုင်းမှ စစ်မက်ပဋိပက္ခ နယ်မြေထဲတွင် တည်ရှိနေလေသည်။ Dapein  ရေလှောင်တမံမှာမူ ကချင်စစ်မက်ပဋိပက္ခကြောင့် ၂၀၁၁ ခုနှစ်တွင် ဖိအားပေး ရပ်ဆိုင်းခံခဲ့ရသည်။ သဘာဝရင်းမြစ်များ ထုတ်ဖော်အသုံးချသည့် စီမံကိန်းကြီးများနှင့် လုပ်ငန်းကြီးများ၌ တရုတ်တို့ ဝင်ရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ခြင်းသည် တိုင်းရင်းသား လူမျိုးစုများနှင့် ဗဟိုအစိုးရအကြား စီးပွားရေး အကျိုးအမြတ်များ ခွဲဝေမှုအပေါ် ဂယက်ရိုက်ခတ်စေသည်။ စီမံကိန်းကြီးများ  အတော်များများကို နေပြည်တော်အစိုးရနှင့် စေ့စပ်ညှိနှိုင်းပြီးမှ အကောင်အထည်ဖော်ခဲ့ရာ တိုင်းရင်းသားတို့ကို မကျေမချမ်း ဖြစ်စေခဲ့သလို လတ်တလော ပဋိပက္ခများကိုလည်း ပိုမိုကြီးထွားသွားစေတော့သည်။ 
တိုင်းရင်းသား လက်နက်ကိုင်အုပ်စု အတော်များများသည် ဆယ်စုနှစ်ပေါင်းများစွာ ၎င်းတို့၏ နယ်မြေများကို တရားမဝင် သဘောမျိုးဖြင့် မင်းမူအုပ်ချုပ်ခဲ့ပြီး ယင်းနယ်မြေများအပေါ် (မြန်မာ) ဗဟိုအစိုးရ၏ အုပ်ချုပ်ပိုင်ခွင့်အာဏာမှာ နှစ်ပေါင်း ၆၀ ကျော်ကြာအောင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရလေသည်။ 

တရုတ်တို့သည် လူသိရှင်ကြား တရားဝင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားသည့်အပြင် မြန်မာပြည်မြောက်ပိုင်းဒေသရှိ တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများနှင့် ပုဂ္ဂလိက စီးပွားရေးများ၊ တရားမဝင်လုပ်ငန်းများ၊ တစ်ခါတစ်ရံတွင် ဥပဒေနှင့် ဆန့်ကျင်သော လုပ်ငန်းများ၊ လူမှုရေး လုပ်ဆောင်ချက်များ စသည်တို့ကိုပါ လုပ်ကိုင်လျက် ရှိသည်။ တရုတ်ပြည်မှ ပုဂ္ဂလိက ကုမ္ပဏီများသည်လည်း အလားတူ ဝင်ရောက်လုပ်ကိုင်လျက် ရှိပေသည်။ အချို့ကိစ္စရပ်များကို ကြည့်မည်ဆိုလျှင် တရုတ်ကုမ္ပဏီများကို ပူးတွဲတိုင်းရင်းသား အုပ်စုများက လည်ပတ်လုပ်ကိုင်လျက် ရှိသည်ကို တွေ့ရသည်။ (ဥပမာ- Yunnan Jingcheng Group) 

ချွန်ထူးဟန် 
ဆက်လက်ဖော်ပြပါမည်



FOLLOW US