News

POST TAGGED AS

လက်နက်ကိုင်

ကိုးကန့်လက်နက်ကိုင်အဖွဲ့ ဘဏ်အကောင့်ကို တရုတ်အစိုးရဘဏ် ပိတ်သိမ်း

ရန်ကုန်၊ မတ် ၂၂

ကိုးကန့် လက်နက်ကိုင်အဖွဲ့ (MNDAA) ကို တရုတ်နိုင်ငံသားများ ငွေကြေး ထောက်ပံ့ရန်အတွက် ဖွင့်လှစ်ထားသည့် ဘဏ်အကောင့်ကို တရုတ်နိုင်ငံ စိုက်ပျိုးရေးဘဏ်က ပိတ်သိမ်းလိုက်ကြောင်း ရိုက်တာ သတင်းဌာနက သတင်းဖော်ပြထားသည်။

တရုတ်စိုက်ပျိုးရေးဘဏ်သည်  တရုတ်နိုင်ငံပိုင်ဘဏ်များအနက် အကြီးဆုံး ဘဏ်တစ်ခုဖြစ်ပြီး အဆိုပါ ဘဏ်အကောင့်သည် ကိုးကန့်တို့အပေါ် စာနာထောက်ခံသူ တရုတ်နိုင်ငံသားများက  ငွေကြေးထည့်ဝင်ရန် ရည်ရွယ် ဖွင့်လှစ်ထားသည့် အကောင့်ဖြစ်သည်။

လက်ရှိတွင် တရုတ်နိုင်ငံ နယ်စပ်တွင် ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် MNDAA တပ်များက ဝင်ရောက် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့်  တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့်အချိန်တွင် ယခုကဲ့သို့ MNDAA ၏ ဘဏ်အကောင့်ကို ပိတ်သိမ်းလိုက်ခြင်း ဖြစ်သည်။

အဆိုပါဘဏ်အကောင့်ကို ယာယီ ဆောင်ရွက်ရန် ကိစ္စရပ်များကြောင့် ပိတ်သိမ်းခဲ့သည်ဟု ဘဏ်က ဆက်သွယ် ပြောကြားလာကြောင်း MNDAA ကိုယ်စားလှယ်က အတည်ပြု ပြောကြားချက်ကိုလည်း ရိုက်တာ သတင်းတွင် ဖော်ပြထားသည်။

ယင်းသို့ ပိတ်သိမ်းခြင်းနှင့် ပတ်သက်၍ ရိုက်တာ သတင်းဌာနကမူ အကြမ်းဖက်မှုနှင့် ရာဇဝတ်မှု ကျုးလွန်ရန်အတွက် ငွေကြေး ထောက်ပံ့ပေးနေသည်ဟု သံသယ ရှိရသော ဘဏ်အကောင့်များ၏ ငွေလွှဲ စာရင်းများနှင့် ပတ်သက်၍ ရိုက်တာ သတင်းဌာမှ AgBank သို့ မေးခွန်းများ ပေးပို့ပြီးနောက် ပိတ်သိမ်းခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

အဆိုပါ ကိစ္စရပ်နှင့်ပတ်သတ်၍ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မြန်မာနိုင်ငံ အနေနှင့် ကိုယ်ကျိုးစီးပွားရလိုမှုအတွက် သောင်းကျန်းသူများကို ကူညီပေးနေရသည်ဟု ယုံကြည်ရသော အောက်ခြေပိုင်းမှ တရုတ်အရာရှိများကို တရုတ် အစိုးရထံ တိုင်ကြားထားကြောင်း ပြောဆိုသည်။

ယင်းသို့ ဘဏ်အကောင့် ပိတ်သိမ်းသည့် သတင်း မထွက်ပေါ်လာမီ မတ်လ ၂၁ ရက်နေ့က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ် Mr. Hong Liang တို့ နေပြည်တော်တွင် တွေ့ဆုံမှု ပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။

ထို့ပြင် ပြီးခဲ့သည့်ရက်ပိုင်းက မြောက်ပိုင်း မဟာမိတ် အဖွဲ့များကို တရုတ် အာရှရေးရာ အထူးကိုယ်စားလှယ်က ခေါ်ယူတွေ့ဆုံမှုပြုလုပ်၍ တရုတ်နယ်စပ်တွင် တိုက်ပွဲများ လျော့ချရန် ပြောကြားခဲ့ကြောင်း မြောက်ပိုင်း မဟာမိတ်အဖွဲ့က အတည်ပြုပြောဆိုခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က ဖုန်ကြားရှင် ဦးဆောင်သည့် ကိုးကန့် လက်နက်ကိုင်တပ်များနှင့် တပ်မတော်တို့ စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက် တပ်ချုပ်ရုံးက ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် လောက်ကိုင်စစ်ပွဲတွင် တရုတ်ကြေးစား စစ်သားများ ကိုးကန့်အဖွဲ့ဘက်မှ ပူးပေါင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း တပ်မတော်က ရှင်းလင်းခဲ့ရသည်။

ယခုနှစ်ပိုင်းတွင် တရုတ်နိုင်ငံမှ အာရှရေးရာ အထူး ကိုယ်စားလှယ်ကလည်း မြန်မာနိုင်ငံသို့ လာရောက်၍ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံမှုများ ပြုလုပ်ခဲ့ပြီး မြောက်ပိုင်း လက်နက်ကိုင်များနှင့်လည်း တွေ့ဆုံမှုများ ပြုလုပ်၍ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းများတွင် ပါဝင်လာခဲ့သည်။

လောက်ကိုင်မြို့တွင် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့် လက်နက်ကိုင် တပ်များနှင့် တပ်မတော်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် ကိုးကန့်ဒေသကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပြီးနောက် ၂၀၁၅ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် မူလ အခြေအနေ ပြန်လည် ရောက်ရှိလာသဖြင့် စစ်အုပ်ချုပ်ရေး ပြန်လည် ရုပ်သိမ်းခဲ့ခြင်း ဖြစ်သည်။

J-08



FOLLOW US