News

POST TAGGED AS

လက်နက်ကိုင်

မြန်မာအပေါ် မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက် မူဝါဒ ကျင့်သုံးနေသော တရုတ်ပြည်

Bertil Lintner ရေးသားပြီး ဆောင်းဦးကိုကို ဘာသာပြန်ဆိုသည် 

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ကူညီပေးသွားမည်ဟု ဆိုသည်။ တစ်ချိန်တည်းမှာပင် ယင်း၏ အလွှာပေါင်းစုံ မူဝါဒအရ မြန်မာအစိုးရကို ဆန့်ကျင်နေကြသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကိုလည်း လက်နက်များ ထောက်ပံ့ပေးနေသည်။

တရုတ်နိုင်ငံ၏ အာဆီယံရေးရာ အထူးကိုယ်စားလှယ် မစ္စတာ Sun Guoxiang က မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် ထောက်ပံ့ကူညီသွားမည်ဟု အကြိမ်ကြိမ် ပြောဆိုခဲ့ဖူးသည်။ “တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး သီးခြားနိုင်ငံခြားရေးမူဝါဒတစ်ခု ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကိုလည်း လေးစားပါတယ်။ ကျွန်တော်တို့ဟာ အိမ်နီးချင်းကောင်းများအဖြစ် တာဝန်များကို ကိုယ်စီ ထမ်းဆောင်နေကြပါတယ်” ဟု ဖေဖော်ဝါရီလ နှောင်းပိုင်းတွင် မစ္စတာ Sun ဦးစီပြီး ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့၏ ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲ၌ ၎င်းက ပြောကြားခဲ့သည်။ 

မစ္စတာ Sun ၏ ရင်းနှီးချိုသာသည့် သတင်းစကားမှာ တရုတ်ကျောထောက်နောက်ခံ ညီညွတ်သော ဝတပ်ဖွဲ့ (UWSA) က မြန်မာအစိုးရ၏ “တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်” အပေါ် ဆန့်ကျင်သည့် သတင်းစကားနှင့် ပြောင်းပြန်လိုဖြစ်နေသည်။ UWSA က ၎င်းနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့တို့ ဖေဖော်ဝါရီလ နှောင်းပိုင်း၌ တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ် ကျင်းပပြုလုပ်ခဲ့ချိန်တွင် ထုတ်ပြန်ကြေညာသွားခဲ့ခြင်း ဖြစ်သည်။ ယင်းသတင်းစကား နှစ်ခုသည် စောင့်ကြည့်လေ့လာသူများကို အံ့အားသင့်စေခဲ့ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးစီးသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၌ တရုတ်နိုင်ငံ၏ ရပ်တည်ချက်အပေါ် မေးခွန်းအသစ်များ ထုတ်လာကြသည်။ 

မြန်မာနိုင်ငံအပေါ် ထားရှိသည့် တရုတ်နိုင်ငံ၏ အလွှာပေါင်းစုံ မူဝါဒများသည်လည်း တစ်ခါတစ်ရံတွင် ရှေ့နောက်မညီညွတ်သလို ဖြစ်နေသည်။ သို့သော် ဖြစ်ကြောင်းကုန်စင်ကို သတ္တုချ စစ်ဆေးကြည့်မည် ဆိုပါက တရုတ်နိုင်ငံသည်လည်း ယင်းကိစ္စနှင့် ပတ်သက်၍ သူ၏ ကိုယ်ပိုင်စဉ်းစားချက် ရှိနေမည် ဖြစ်သည်။ အထူးကိုယ်စားလှယ် Sun ၏ သတင်းစကားသည် တရုတ်နိုင်ငံ၏ အပေါ်ယံ သံတမန်ရေးရာ မူဝါဒပင် ဖြစ်သည်။ တရုတ်နိုင်ငံသည် အာဆီယံဒေသတွင်း နိုင်ငံများနှင့် ဆက်ဆံရာတွင်လည်း ရင်းနှီးချစ်ခင်သော အသုံးအနှုန်းများကိုသာ အမြဲတမ်းလိုလို သုံးနှုန်းလေ့ ရှိပါသည်။ 

ဒုတိယအလွှာတွင် တရုတ်ပြည် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံတကာ ဆက်ဆံရေးဌာန (ILD/CPC) ပါဝင်သည်။  အခြားနိုင်ငံများရှိ ကွန်မြူနစ်ပါတီများနှင့် ဆက်ဆံရေး ထူထောင်ရန်နှင့် တစ်ကမ္ဘာလုံးအနှံ့ ကွန်မြူနစ် တော်လှန်ရေး လှုပ်ရှားမှုကြီးကို ထောက်ပံ့ကူညီရန် ယင်းဌာနကို ၁၉၅၀ တွင် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ 

သို့သော် ယခုကာလတွင်တော့ ILD/CPC ကိုယ်စားလှယ်များကို ညီလာခံများနှင့် နိုင်ငံရေး အယူအဆပေါင်းစုံ ပါဝင်သည့် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပွဲများတွင် တွေ့မြင်ရလေ့ ရှိသည်။ ILD/CPC သည် တရုတ်နိုင်ငံ၏ ရေရှည်မဟာဗျူဟာနှင့် စီးပွားရေး အကျိုးစီးပွားတို့အတွက် ဆောင်ရွက်ပေးနေသည့် UWSA ကဲ့သို့သော လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ အပါအဝင် နိုင်ငံတော်နှင့် မသက်ဆိုင်သည့် အဖွဲ့အစည်းများစွာကိုလည်း ထောက်ပံ့ကူညီမှုများ ပြုလုပ်လျက်ရှိသည်။ 

တတိယအလွှာကတော့ တရုတ်ပြည် လွတ်မြောက်ရေး တပ်မတော် (PLA) ဖြစ်ပါသည်။ PLA သည် တစ်ကမ္ဘာလုံးရှိ အခြားနိုင်ငံများ၏ စစ်တပ်များနှင့် ဆက်ဆံရေးကို တည်ဆောက်ရသော အဖွဲ့အစည်း ဖြစ်သည်။ PLA သည် နိုင်ငံခြားအစိုးရများနှင့် အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများကို တိုက်ရိုက်သော် လည်းကောင်း၊ ကုမ္ပဏီများမှ တစ်ဆင့်သော် လည်းကောင်း လက်နက်များ ရောင်းချလျက် ရှိသည်။ UWSA သို့လည်း လက်နက်မျိုးစုံ တင်ပို့ရောင်းချခဲ့သည်။ UWSA က အစိုးရကို ဆန့်ကျင်နေသည့် အခြားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသို့ ယင်းလက်နက်များထဲက တချို့ကို မျှဝေပေးခဲ့သည်။ 

တရုတ်နိုင်ငံသည် ဆိုရှယ်လစ် စီးပွားရေးစနစ်ကနေ အရင်းရှင်စနစ်သို့ အသွင်ကူးပြောင်းခဲ့သော်လည်း နိုင်ငံရေးစနစ်မှာတော့ တစ်ပါတီစနစ်ကို ကျင့်သုံးလျက် ရှိနေသေးကာ တရုတ်ကွန်မြူနစ်ပါတီ (CPC) သည် အစိုးရနှင့် တပ်မတော် အထက်တွင် ရှိနေသည်။ တရုတ်နိုင်ငံ ကျင့်သုံးအကောင်အထည် ဖော်နေသည့် အိုဟောင်းနေပြီ ဖြစ်သော အစိုးရချင်း ဆက်ဆံရေးနှင့် ပါတီချင်း ဆက်ဆံရေးမှာလည်း ပြောင်းလဲသွားခြင်း မရှိခဲ့ပေ။ 

မြန်မာနိုင်ငံ၏ နိုင်ငံရေးဇာတ်ကောင်များနှင့် ထိတွေ့ဆက်ဆံနေရသည့် တရုတ်နိုင်ငံ၏ အဓိကပုဂ္ဂိုလ်မှာ မစ္စတာ Sun မဟုတ်ပါ။ ILD/CPC ဥက္ကဋ္ဌ Song Tao ဖြစ်ပါသည်။ Song သည် ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်ရုံ သာမက သံတမန်တစ်ဦးလည်း ဖြစ်ပါသည်။ သြစတြေးလျနိုင်ငံ Monash တက္ကသိုလ်တွင် ပညာသင်ယူခဲ့ပြီး အိန္ဒိယနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်၏ လက်ထောက်အဖြစ် ၂၀၀၀ ပြည့်လွန် အစောပိုင်း နှစ်များတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ ထို့နောက် ဂါယာနာနှင့် ဖိလစ်ပိုင်နိုင်ငံတို့တွင် တရုတ်သံအမတ် ဖြစ်လာခဲ့သည်။ 

၂၀၁၅ အောက်တိုဘာတွငှ် Song သည် မြောက်ကိုရီးယားသို့ အဆင့်မြင့် သံတမန် ခရီးစဉ်တစ်ခု သွားရောက်ခဲ့ပြီး နောက်ပိုင်းတွင်မူ ILD/CPC ၏ ဥက္ကဋ္ဌ တာဝန်ကို Wang Jiarui ထံကနေ လွှဲပြောင်းရယူခဲ့သည်။ Wang Jiarui သည် မြောက်ကိုရီးယား၊ ကျူးဘားနှင့် ဗီယက်နမ် နိုင်ငံများကဲ့သို့သော ကွန်မြစ်နစ်အဖွဲ့ဝင် နိုင်ငံများနှင့် ဆက်ဆံရေးကို အဓိက တာဝန်ယူခဲ့ရသည့် CPC  အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။ 

Song သည် Sun ကဲ့သို့ နာမည်ကျော်ကြားသည့်သူ တစ်ဦးတော့ မဟုတ်ပါ။ နောက်ကွယ်ကနေ အဓိက အလုပ်လုပ်နေသူ အဖြစ်သာ သူ့ကို သိထားကြပါသည်။ မြန်မာနိုင်ငံရေးသမားများနှင့် တပ်မတော် အရာရှိများကို တွေ့ဆုံရာ၌လည်း နေပြည်တော်မှာထက် ဘေဂျင်းတွင်သာ ပို၍ တွေ့ဆုံလိုသူတစ်ဦး ဖြစ်ပါသည်။ Song သည် ပြီးခဲ့သည့် သြဂုတ်လက မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်စဉ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည် အစိုးရ ဦးစီးသည့် ငြိမ်းချမ်းရေးဖြစ်စဉ် မစတင်မီ သီတင်းပတ် အနည်းငယ်ခန့်က ဖြစ်သည်။ 

တရုတ်နိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီးဌာနက လုပ်ဆောင်နေသည့် အစိုးရ အချင်းချင်းအကြား ဆက်ဆံရေးနှင့် CPC က UWSA ကဲ့သို့သော အဖွဲ့များနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ပါတီချင်းချင်းအကြား ဆက်ဆံရေးတွင် ကွဲပြားခြားနားမှုများ ရှိနေသည့်အပြင် CPC သည် တရုတ်အစိုးရနှင့် PLA တို့၏ အထက်တွင် ရှိနေသည်။ ယင်းအခြေအနေများကို ထောက်ချင့်သုံးသပ်ခြင်းအားဖြင့် တရုတ်နိုင်ငံသည် မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အဘယ်ကြောင့် လူသိရှင်ကြား ထောက်ခံနေရသနည်း ဆိုသည့် အချက်အပြင် တစ်ပြိုင်နက်တည်းတွင် UWSA ကို ဘာကြောင့် လက်နက်များ ထောက်ပံ့ပေးနေရသနည်း ဆိုသည့် အချက်များကို သိရှိနိုင်သည်။ 

များမကြာမီကပင် UWSA သို့ လေကြောင်းကာကွယ်ရေးစနစ်များ၊ တင့်ကားများ၊ ဒုံးကျည်များနှင့် အခြားသော အဆင့်မြင့် လက်နက်များကို ရောင်းချခဲ့သည်။ “ဒီလက်နက်တွေဟာ တရားမဝင် တင်ပို့တာမျိုး မဟုတ်ပါဘူး။ ယူနန်ပြည်နယ်က အချို့အရာရှိတွေက UWSA ကို ရောင်းချသွားတာ ဖြစ်နိုင်ပါတယ်” ဟု စစ်ရေးစောင့်ကြည့်လေ့လာသူတစ်ဦးက ဆိုသည်။ သူက လက်နက်ရောင်းချမှုများသည် တရုတ်အစိုးရ၏ အမြင့်ဆုံးအာဏာပိုင် အဆင့်က ညွှန်ကြားခြင်ြး ဖစ်ကြောင်းကိုလည်း ထည့်သွင်းပြောဆိုသွားသည်။

UWSA က ထောက်ပံ့ပေးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချို့နှင့် တပ်မတော်တို့ မြန်မာနိုင်ငံမြောက်ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ တရုတ်နိုင်ငံသည် ၎င်း၏ တောင်ပိုင်းနယ်စပ် တစ်လျှောက်တွင် ထိုကဲ့သို့ ပဋိပက္ခများ ဖြစ်ပေါ်နေသည်ကို တွေ့မြင်လိုသည့်ဆန္ဒ မရှိပေ။ သို့သော် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ဆက်ဆံရာတွင် မီးစတစ်ဖက်အဖြစ် ၎င်း၏ မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား တရုတ် ထောက်ပံ့ပေးထားသည့် လက်နက်များကို မျှဝေပေးသော UWSA ကို အားကောင်းသည့် လက်နက်ကိုင် အဖွဲ့အစည်းဖြစ်အောင် အကူအညီများ ပေးထားပြီး တစ်ချိန်တည်းမှာပင် ရေမှုတ်တစ်ဖက်အဖြစ် မြန်မာနိုင်ငံကို အကူအညီများပေးရန်နှင့် မြန်မာနိုင်ငံတွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ရန် ကတိကဝတ်များ ပေးထားသည်။ 

ပန်ဆိုင်းတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူများက တရုတ်နိုင်ငံ အနေနှင့်  အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲများ အပါအဝင် ရှေ့ဆက်လုပ်ဆောင်ရမည့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို  ကြီးကြပ်ပေးရန် တောင်းဆိုလိုက်သည်။ သူတို့သည် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင် အဆိုပြုထားသည့် ‘One Belt, One Road’ မဟာဗျူဟာကို အပြည့်အဝ ထောက်ခံကြောင်းလည်း ကြေညာခဲ့သည်။ ယင်းမဟာဗျူဟာမှာ တရုတ်နှင့် ကျန်အာရှနိုင်ငံများကို ချိတ်ဆက်ပေးမည့် ကုန်သွယ်ရေး လမ်းကြောင်းသစ်များ ဖွင့်လှစ်ရန် ဖြစ်သည်။ 

တောင်အာရှနှင့် အရှေ့တောင်အာရှအပြင် အိန္ဒိယသမုဒ္ဒရာကို ချိတ်ဆက်ပေးနိုင်သည့် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအတွက် မဟာဗျူဟာအရ အလွန်အရေးပါလှသည်။ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိခဲ့သည့် ယခင်တပ်မတော်အစိုးရအပေါ် နိုင်ငံတကာက၏ ဝေဖန်မှုများကို တရုတ်အစိုးရက မကြာခဏ ကာကွယ်ပေးခဲ့သည်။ အပြန်အလှန်အားဖြင့် တရုတ်နိုင်ငံကို မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေးတွင် ပါဝင်ခွင့် ပေးခဲ့ရသည်။ တပ်မတော်အုပ်ချုပ်ရေးမှ ဒီမိုကရက်တစ် အုပ်ချုပ်မှု အကူးအပြောင်း ကာလအတွင်း အချိန်ကာလ အနည်းငယ်ခန့် နှစ်နိုင်ငံကြား ဆက်ဆံရေး တုံ့ဆိုင်းနေရာမှ ယခုအခါတွင်မူ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအပေါ် ၎င်း၏ အလွှာပေါင်းစုံ မူဝါဒဖြင့် တစ်ဖန်ပြန်လည် သြဇာလွှမ်းမိုးရန် ကြိုးပမ်းလျက် ရှိနေပြီ ဖြစ်သည်။ 

Ref: Asia Times



FOLLOW US