News

POST TAGGED AS

လက်နက်ကိုင်

မြောက်ပိုင်းအဖွဲ့များ တိုက်ပွဲများလျှော့ရန် တရုတ်အစိုးရ ပြောကြား
ရန်ကုန်၊ ဇန်နဝါရီ ၂၁

တရုတ်အစိုးရက မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံ၍ တိုက်ပွဲများကို လျှော့ချသွားရန် ပြောကြားခဲ့ကြောင်း ယင်းလက်နက်ကိုင်များထံမှ သိရသည်။

မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်အဖွဲ့ လေးဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာဆွန်ကောချန်းနှင့် ဇန်နဝါရီ ၁၉ ရက်က တရုတ်နိုင်ငံ ကူမင်းမြို့တွင် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ငြိမ်းချမ်းရေး ရရှိရေးအတွက် မြန်မာအစိုးရနှင့် တွေ့ဆုံဆွေးနွေးရန်၊ တိုက်ပွဲများကို အတတ်နိုင်ဆုံး လျှော့ချသွားရန်၊ အထူးသဖြင့် နှစ်သစ်ကူး ကာလများတွင် တရုတ်နယ်စပ်အနီးတွင် တိုက်ပွဲများကို အတတ်နိုင်ဆုံး လျှော့ချသွားရန် တရုတ်ကိုယ်စားလှယ်က ဆွေးနွေးခဲ့ကြောင်း အဆိုပါ တွေ့ဆုံပွဲတွင် ပါဝင်သည့် တအာင်းပလောင်လက်နက်ကိုင်အဖွဲ့ (TNLA) မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး တာဘုန်းကျော်က The Voice သို့ ပြောကြားသည်။

ထို့ပြင် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် မြောက်ပိုင်းမဟာမိတ်အဖွဲ့များနှင့် မတွေ့ဆုံမီ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့်လည်း တွေ့ဆုံခဲ့သည့် အခြေအနေနှင့် အစိုးရ၏ သဘောထားများကိုလည်း သတင်းစကားပါးခဲ့ကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့ အနေနဲ့လည်း တပ်မတော်က ထိုးစစ်တွေ ဆင်နေတယ် လက်နက်ကြီးတွေနဲ့ ပစ်နေတယ်။ အဲဒီလိုပဲ ဖြစ်နေတယ်ဆိုရင် ကျွန်တော်တို့လည်း တိုက်ပွဲတွေ လျှော့ချဖို့ ခက်ပါတယ်လို့ ပြန်ပြီး ဆွေးနွေးခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။

တွေ့ဆုံမှုတွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မှ ဗိုလ်မှူးကြီး ဇော်တောင်နှင့် ဗိုလ်မှူးကြီး လနန်၊ တအောင်းပလောင်အဖွဲ့ (TNLA) မှ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး တာဘုန်းကျော်၊ ကိုးကန့်အဖွဲ့ (MNDAA) မှ ဆက်ဆံရေး တာဝန်ခံ ဒုဗိုလ်မှူးကြီး ဖုန်းဝင်းနိုင်နှင့် ရခိုင့်တပ်မတော် (AA) မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် ဒုစစ်ဦးချုပ်တို့ ပါဝင်ခဲ့ကြောင်း ယင်းအဖွဲ့များထံမှ သိရသည်။

တရုတ်ကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၁၀ ရက်တွင် တပ်/ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ပြီး မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များ အရေးနှင့် ပတ်သတ်၍ ဆွေးနွေးမှု ပြုလုပ်ခဲ့ကြကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။

တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသများနှင့် တရုတ်နိုင်ငံ နယ်စပ်ဒေတို့တွင် ပြီးခဲ့သည့် ၂၀၁၆ နှစ်ကုန်ပိုင်းတွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့သည်။

ယင်းတိုက်ပွဲများကြောင့် စစ်ဘေးရှောင်များ တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်မှုများကြောင့် တရုတ်အစိုးရနှင့် မြန်အစိုးရကြား ဆွေးနွေးမှုတချို့ ပြုလုပ်ခဲ့ရသည်။

J-08



FOLLOW US