News

POST TAGGED AS

လက်နက်ကိုင်

လက်နက်ကိုင်များ NCA တွင် ပါလာရေး အစိုးရ၊ တပ်မတော်က လမ်းဖွင့်ပေးရန် တောင်းဆို
ရန်ကုန်၊ ဇန်နဝါရီ ၂၀

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) တွင် အမြန်ဆုံး ပါဝင်လက်မှတ်ထိုးနိုင်ရေး အစိုးရ၊ တပ်မတော်တို့က  ပိုမိုလမ်းဖွင့်ပေးရန် ပထမအကြိမ် ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲက ထုတ်ပြန်တောင်းဆိုလိုက်သည်။

ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်မထိုးနိုင်သေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေနှင့် အမြန်ဆုံး ပါဝင်လက်မှတ်ထိုးနိုင်ရေး အစိုးရ၊ တပ်မတော်က ပိုမိုလမ်းဖွင့်ပေးရန် ဇန်နဝါရီလ ၂၀ ရက်နေ့က ထုတ်ပြန်တောင်းဆိုခြင်း ဖြစ်သည်။

လူမျိုးအလိုက်ကျင်းပသော အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို ကရင်ပြည်နယ်တွင် ပထမဆုံးအကြိမ်အဖြစ် ဇန်နဝါရီလ ၁၈ ရက်မှ ၂၀ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပခဲ့ပြီး အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ပေးရန်၊ NCA တွင် လက်နက်ကိုင်များ ပါဝင်ရန်အတွက် အစိုးရ၊ တပ်မတော်တို့က လမ်းဖွင့်ပေးရန်နှင့် နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် ဆွေးနွေးအဖြေရှာရန်စသည်တို့ကို တောင်းဆိုခဲ့သည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ၏ ဆက်စပ်အစည်းအဝေးများ ဖြစ်သော အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို နိုင်ငံတစ်ဝန်းတွင် ကျင်းပရမည် ဖြစ်သော်လည်း အဆင်သင့် မဖြစ်သေးဟုဆိုကာ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် နေပြည်တော်တို့တွင် ဦးစွာကျင်းပရန် အစိုးရက ဆုံးဖြတ်ထားသည်။

၂၁ ရာစု ပင်လုံညီလာခံ ဒုတိယအကြိမ်ကို ဖေဖော်ဝါရီလကုန်တွင် ကျင်းပရန် အစိုးရက စီစဉ်နေပြီး တိုင်းရင်းသား လက်နက်ကိုင် အများအပြား NCA တွင် မပါဝင်သေးသဖြင့် ၂၀၁၆ ခုနှစ် ဩဂုတ်လကုန်က ကျင်းပခဲ့သော ပထမအကြိမ် ညီလာခံကဲ့သို့ မည်သည့်ရလဒ်မျှ မထွက်မည်ကို  စိုးရိမ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များက ပြောဆိုထားသည်။



FOLLOW US