News

POST TAGGED AS

လက်နက်ကိုင်

12-Dec-2016

NCA လက်နက်ကိုင်
မြောက်ပိုင်းလက်နက်ကိုင်များကို အကြမ်းဖက်အဖွဲ့ သတ်မှတ်မှု အပစ်ရပ်ထိုးထားသော လက်နက်ကိုင်များ ကန့်ကွက်
ရန်ကုန်၊ ဒီဇင်ဘာ ၁၂

မြောက်ပိုင်း မဟာမိတ် လက်နက်ကိုင်အဖွဲ့များကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ဆောင်ရွက်ခြင်းကို ဆန့်ကျင်ကန့်ကွက်ကြောင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး  လက်မှတ်ထိုးထားသော လက်နက်ကိုင်ရှစ်ဖွဲ့က ပူးတွဲကြေညာချက်ကို ထုတ်ပြန်လိုက်သည်။

အပစ်ရပ် လက်မှတ်ရေးထိုးထား သော တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) နှင့် လုပ်ငန်းအဖွဲ့ (PPWT/CT)  တို့၏ ညှိနှိုင်း အစည်းအဝေးအပြီး ယင်းပူးတွဲ သဘော ထားထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

လတ်တလော နိုင်ငံရေး၊ စစ်ရေး အခြေအနေများနှင့် ပတ်သက်၍ မည်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း နှင့် ခေါင်းဆောင်ကိုမဆို အကြမ်းဖက် အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်အဖြစ် သတ်မှတ် ရန် ဆောင်ရွက်နေမှုများသည် လက်ရှိ ကြိုးပမ်းနေသော အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်နေမှုများကို ထိခိုက်စေနိုင်သည့် အတွက် ဆန့်ကျင်ကန့်ကွက်ကြောင်း ယင်း သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

ပြီးခဲ့သည့် လတ်တလောပိုင်းက ရှမ်းမြောက်ဒေသတွင် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည့် မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစုဝင်များဖြစ်သော ကချင် လွတ်လပ်ရေးတပ်မတော်(KIA)၊ ရက္ခိုင့် တပ်မတော်(AA)၊ တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် မြန်မာအမျိုးသား ဒီမို ကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့ကို အကြမ်းဖက် အဖွဲ့အစည်းများအဖြစ် သတ်မှတ်ရန် ဒီဇင်ဘာလ ၇ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော ရှမ်းပြည်နယ် လွှတ်တော် အရေးပေါ် အစည်းအဝေးတွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ပြည်နယ်လွှတ်တော်၏ လုပ်ပိုင်ခွင့်တွင် ပါဝင်ခြင်းမရှိဘဲ လုပ်ဆောင်ခဲ့ခြင်းသည် လက်ရှိဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ထိခိုက် လာနိုင်ကြောင်း နှစ်ဖက်အဖွဲ့အစည်းအနေနှင့် အပြုသဘောဆောင်သည့် ဆောင် ရွက်ချက်များကိုသာ လုပ်ဆောင်သင့် ကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့မှ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားသည်။

"ငြိမ်းချမ်းရေးဖြစ်စဉ်မှာ နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်နေ တယ်။ အဲဒီလို ဦးဆောင်ပြီးတော့ အားလုံး ပါဝင်ဖို့ ကြိုးပမ်းရာမှာ နှစ်ဖက်၊ ပြည်ထောင်စု အစိုးရဘက်ကသော်လည်းကောင်း၊ NCA လက်မှတ် မထိုးရသေးတဲ့အဖွဲ့တွေက သော်လည်းကောင်း ပိုမိုအပြုသဘော ဆောင်ရွက်ကြဖို့၊ ပိုမိုလုပ်ဆောင်ဖို့ တိုက်တွန်းပါတယ်" ဟု ၎င်းက ဆိုသည်။

ထို့ပြင် အပစ်ရပ် လက်မှတ်ထိုး ထားသည့် တိုင်းရင်းသား လက်နက်ကိုင်ရှစ်ဖွဲ့အနေနှင့် NCA စာချုပ်ပါ ကတိက၀တ်များအတိုင်း အကောင်အထည် ဖော်ဆောင်မှုများကို ပြီးစီးသည်အထိ ပူးပေါင်းဆောင်ရွက်သွားရန် လက်နက်ကိုင်များအကြား သဘောတူခဲ့ကြောင်း ၎င်းက ဆိုသည်။

ပထမအကြိမ် ကျင်းပပြီးစီးခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစု ပင်လုံညီလာခံတွင် ဆုံးဖြတ်ခဲ့သည့်အတိုင်း အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ ဒုတိယအကြိမ် ပင်လုံကို အောင်မြင်စွာ ကျင်းပရေးနှင့် ယင်းမှတစ်ဆင့် ပြည်ထောင်စု သဘောတူစာချုပ် ချုပ်ဆိုနိုင်သည်အထိ ကြိုးပမ်းသွားရန် အပစ်ရပ်ထိုးထားသည့် လက်နက်ကိုင်များ၏ အစည်းအဝေးက မူဝါဒချမှတ်ခဲ့သည်။



FOLLOW US