News

POST TAGGED AS

လက်နက်ကိုင်

ငြိမ်းချမ်းရေးကော်မရှင်နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ မတ် ၇ ရက် တွေ့မည်
ရန်ကုန်၊ မတ် ၃

အစိုးရငြိမ်းချမ်းရေးကော်မရှင်နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) လက်နက်ကိုင်အဖွဲ့တို့ မတ်လ ၇ ရက်၌ ရန်ကုန်မြို့တွင် တွေ့ဆုံမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုးက ပြောကြားသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) သည် အစိုးရနှင့် NCA လက်မှတ်ရေးထိုးရန် ဆွေးနွေးနေသည့် UNFC အဖွဲ့အတွင်းမှ လက်မှတ်ထိုးရန် ကျန်ရှိနေသေးသည့်အဖွဲ့ဖြစ်ပြီး ယခုငြိမ်းချမ်းရေးကော်မရှင်က သီးသန့်တွေ့ဆုံကာ ညှိနှိုင်းသွားရန် စီစဉ်နေခြင်းဖြစ်သည်။

အဆိုပါတွေ့ဆုံမှုသည် ငြိမ်းချမ်းရေးကော်မရှင်နှင့် သီးသန့်တွေ့ဆုံမှုဟုသာ သိထားရပြီး တပ်မတော်ဘက်က ကိုယ်စားလှယ် ပါဝင်မှု ရှိ၊ မရှိကိုမူ မသိရှိရသေးကြောင်း ဦးအောင်စိုးက ဆက်လက်ပြောဆိုသည်။

“ကျွန်တော်တို့ သိထားတာကတော့ KNPP နဲ့ PC (ငြိမ်းချမ်းရေးကော်မရှင်) နဲ့ တွေ့မယ်လို့ပဲ သိထားတယ်။ တပ်မတော်က ပါမပါကိုတော့ မသိရသေးဘူးပေါ့”ဟု ၎င်းက ဆိုသည်။

အဆိုပါတွေ့ဆုံမှုတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးရာတွင် ကြိုတင်သဘောတူညီချက်ပဋိညာဉ်များကို အလွတ်သဘောဆွေးနွေးသွားရန် စီစဉ်ထားပြီး လွိုင်ကော်တွင် ဖြစ်ပွားခဲ့သော KNPP တပ်ဖွဲ့ဝင်များ အသတ်ခံရမှုကိစ္စရပ်များကိုလည်း ထည့်သွင်းဆွေးနွေးမည်ဖြစ်ကြောင်း KNPP အဖွဲ့က ပြောကြားထားသည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့တွင် ပါဝင်သည့် မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ NCA တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီးနောက် အစိုးရက KNPP အဖွဲ့ကို သီးသန့်တွေ့ဆုံဆွေးနွေးလာခြင်းဖြစ်သည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အဖွဲ့သည် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးစက စတင်ဖွဲ့စည်းခဲ့သည့် သက်တမ်းရှည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ပြီး အစိုးရနှင့် ပြည်နယ်အဆင့် အပစ်ရပ်သဘောတူထားသည့် အဖွဲ့လည်းဖြစ်သည်။

J-08



FOLLOW US