News

POST TAGGED AS

လက်နက်ကိုင်

တနိုင်းဒေသအတွင်း တိုက်ပွဲကြောင့် ပိတ်မိနေသူ ၁၂၀၀ ဦး လွတ်မြောက်၊ အများစုပိတ်မိနေဆဲဖြစ်

မြစ်ကြီးနား၊ ဇန်နဝါရီ ၃၁

တနိုင်းဒေသအတွင်း တပ်မတော်နှင့် ကချင်လက်နက်ကိုင် တပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ပိတ်မိနေသည့် မှော်လုပ်သားများ ၁၂၀၀ ဦးမှာ သုံးရက်အတွင်း ပြန်လည် လွတ်မြောက်လာပြီး လူဦးရေ ၂၀၀၀ ကျော် ပိတ်မိနေဆဲဖြစ်ကြောင်း ယင်းပိတ်မိနေသူများကို ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

အဆိုပါ ပယင်းမှော်နှင့် ရွှေမှော်များမှ ဒေသခံလုပ်သား ၃၄၀၀ ဦး ပိတ်မိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ကို ကယ်ဆယ်ရေးများလုပ်ခဲ့ရာ ဇန်နဝါရီလ ၂၉ ရက်နေ့မှ ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက်ပိုင်း အထိ တနိုင်းမြို့ပေါ်သို့ ရောက်ရှိလာသူဦးရေ စုစုပေါင်း ၁၂၀၀ ဦးရှိနေပြီဖြစ်ကြောင်း ယင်းကူညီရေးကို လုပ်ဆောင်နေသည့် တနိုင်းမြို့နယ်မှ ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက ပြောကြားသည်။

“မနေ့က အဲဒီက ကြားရတာတော့ ငါးယောက်တစ်ဖွဲ့စီ လွှတ်ပေးတယ်လို့ သိရတယ်။ အဲဒီလွှတ်တဲ့ ဂိတ်ကနေကို စက်လှေစီးမယ့်နေရာအထိ ခြေလှမ်းမြန်ရင် နှစ်နာရီ၊ နှေးတဲ့လူတွေဆို လေးနာရီလောက် လျှောက်ရတယ်လို့ သိရတယ်”ဟု ၎င်းကဆိုသည်။ 

အဆိုပါ ပိတ်မိနေသူများကို ကြိုမည့်စက်လှေအစင်းရေမှာ ပထမနေ့က ၁၀ စင်းကျော်လွှတ်ပြီး ဒုတိယနေ့က အစင်းရေ ၂၀ ကျော်လွှတ်၍ ကူညီနေကြောင်း၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင်လည်း စက်လှေ အစင်းရေကိုတိုးမြှင့်၍ ကူညီဆောင်ရွက်ပေးနေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“အခုကတော့ သူတို့တပ်ကို ခွင့်ပြုချက်တောင်းပြီး စုပေါင်း ကူညီနေတယ်။ တချို့ စက်လှေက လူငါးယောက် ခြောက်ယောက်ပဲ တင်လို့ရတယ်ဆိုတော့ ဒီနေ့ဆို စက်လှေအစင်းရေ ၃၀ လောက် လွှတ်မယ်”ဟု ၎င်းကဆိုသည်။ 

လက်ရှိ တနိုင်းမြို့အတွင်းသို့ ရောက်ရှိလာသည့် ဒေသခံများကို စာရင်းပြုစု၍ မိမိနေရပ်ဒေသသို့ ပြန်နိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ လူမှုကူညီရေးအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ အခြား အသင်းအဖွဲ့များနှင့် ဌာနဆိုင်ရာများက စီစဉ်ဆောင်ရွက်ပေးနေကြောင်း ယင်းပိတ်မိနေသူများကို ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

တနိုင်းမြို့နယ်အတွင်း တရားမဝင် ရွှေမှော်နှင့် ပယင်းမှော်များကို တပ်မတော်က နယ်မြေ ရှင်းလင်းမည်ဖြစ်ကြောင်း ၂၀၁၇ ခုနှစ်၊ ဇွန်လက သတိပေးချက် ထုတ်ပြန်အပြီး ဇန်နဝါရီလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းတွင် တနိုင်းမြို့နယ်အတွင်းရှိ ဇီးဖြူကုန်း ပယင်းမှော်အတွင်း ကေအိုင်အေ တပ်စခန်းရှိရာသို့ တပ်မတော်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် စခန်းတစ်ခု ပျက်စီး၍ မှော်လုပ်သား ဒေသခံတစ်ဦး သေဆုံးခဲ့ကာ လေးဦးဒဏ်ရာ ရရှိခဲ့ကြောင်း ယင်းပယင်းမှော်လုပ်ကိုင်သူများထံမှ သိရသည်။

R-06



FOLLOW US