News

POST TAGGED AS

လက်နက်ကိုင်

မူဆယ်သူ ခရီးသည်တင်ယာဉ်မှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ကို လက်နက်ကိုင်များ ဖမ်းဆီးခေါ်ဆောင်
မူဆယ်၊ ဇန်နဝါရီ ၃

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နှင့် ၁၀ မိုင်ခန့်အကွာ မော်တောင်းကျေးရွာအနီး ပြည်ထောင်စုလမ်းပေါ်တွင် ဇန်နဝါရီလ ၂ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က မူဆယ်သူ ခရီးသည်တင်ယာဉ်မှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်နှစ်ဦးတို့ကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က သေနတ်ဖြင့်ခြိမ်းခြောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ ခရီးသည်တင်ယာဉ်သည် မူဆယ်မြို့မှ မန္တလေးမြို့သို့ ထွက်ခွာလာခြင်းဖြစ်ပြီး ယင်းနေ့ညနေက မော်တောင်းနှင့် တာလုံကျေးရွာအကြား အရောက်တွင် နောက်မှလိုက်ပါလာသည့် မော်တော်ယာဉ် တစ်စီးပေါ်မှ လက်နက်ကိုင်ခြောက်ဦးက သေနတ်ဖြင့်ချိန်ကာ ၎င်းတို့ကားပေါ်တင်၍ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း မူဆယ် မြို့မရဲစခန်းမှူး ဒုရဲမှူးအေးမြင့်က ပြောကြားသည်။

ယင်းဖြစ်စဉ်တွင် ယာဉ်မောင်း ဦးဝေဖုန်း၊ ယာဉ်နောက်လိုက် အောင်မျိုးသန့်နှင့် မြတ်မင်းတို့သုံးဦး ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရပြီး မည်သူမည်ဝါ၏ လက်ချက်ဖြစ်သည်ကို ရဲတပ်ဖွဲ့က အတိအလင်း မပြောဆိုနိုင်သေးပေ။

ခရီးသည်တင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ ဖမ်းဆီးခေါ်ဆောင်ခံရသည့်အတွက် ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသူများအနက်မှ ခရီးသည်တစ်ဦးက ယာဉ်ကို နမ့်ပေါ်တံတားအထိ မောင်းနှင်လာပြီး တံတားအရောက်တွင် တံတားတာဝန်ကျ ရဲတပ်ဖွဲ့ဝင်များကို ခရီးသည်များက ဖြစ်စဉ်ကိုရှင်းပြခဲ့ပြီး ကားကိုအပ်နှံကာ ခရီးသည်အချို့မှာ ဆက်လက်ခရီး ထွက်ခွာသွားပြီး အချို့မှာလည်း နီးစပ်ရာကျေးရွာတို့တွင် ခိုလှုံခဲ့ကြောင်း ယာဉ်ပေါ်လိုက်ပါလာသူ မန္တလေးမြို့မှ ကိုမင်းအောင်က ပြောဆိုသည်။ 

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး မူဆယ်​မြို့ရှိ နယ်​​မြေခံတပ်​ရင်း၊ ပြည်​သူ့စစ်​တပ်​ဖွဲ့များနှင့်အတူ ရဲတပ်​ဖွဲ့က လက်​နက်​ကိုင်​အဖွဲ့နောက်​သို့ လိုက်လံရှင်းလင်း​နေရာ ဇန်နဝါရီလ ၃ ရက်နေ့ မွန်းတည့် ၁၂ နာရီအထိ ယာဉ်​​မောင်းနှင့် ယာဉ်​နောက်လိုက်​များကို ပြန်​လည်ရရှိခြင်းမရှိသေးဘဲ လက်​နက်​ကိုင်​များဘက်​ကလည်း ယာဉ်​လိုင်းသို့ တစ်စုံတစ်ရာ ဆက်​သွယ်​မှုမရှိသေးကြောင်း မူဆယ်​မြို့နယ်​ ရဲတပ်​ဖွဲ့မှူး ရဲမှူးကျော်​ဇင်​က​ ပြောကြားသည်​။  

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်အတွင်းက ခရီးသည်တင်ယာဉ်တစ်စီးမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ကို ယခုကဲ့သို့ပင် ဖမ်းဆီးခေါ်ဆောင်ကာ ယာဉ်လိုင်းထံမှ ငွေကြေးတောင်းခံမှုများ ရှိခဲ့ဖူးပြီး၂၀၁၇ ခုနှစ်အတွင်းကလည်း မူဆယ်- ရန်ကုန် ပြေးဆွဲသည့် မြတ်မန္တလာထွန်း ခရီးသည်တင်ယာဉ်ကို မော်တောင်းကျေးရွာအထွက်တွင် မီးရှို့ဖျက်ဆီးခဲ့သည့် ဖြစ်စဉ်အပြင် ပြည်ထောင်စုလမ်းပိုင်းတွင် ဆက်ကြေးကောက်ခံမှုများ ရှိခဲ့သည်။   

R-07



FOLLOW US