News

POST TAGGED AS

လက်နက်ကိုင်

01-Sep-2016

လက်နက်ကိုင်
အချိန်ကာလ တစ်ခုထိ တိုင်းရင်းသား လက်နက်ကိုင်တပ်များကို ဆက်လက် ထားရှိသွားမည်ဟုဆို
နေပြည်တော်၊ စက်တင်ဘာ ၁

ပြည်နယ် အသီးသီးရှိ တိုင်းရင်းသား လက်နက်ကိုင် တပ်များကို အချိန်ကာလ အတိုင်းအတာ တစ်ခုထိ ဆက်လက် ထားရှိသွားမည် ဖြစ်ကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဒုတိယ ဥက္ကဋ္ဌ နိုင်ဟံသာက ပြောကြားသည်။

နေပြည်တော်၌ ကျင်းပနေသော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယနေ့ အပြီးတွင် The Voice သတင်းထောက်ကို အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

တိုင်းရင်းသား လက်နက်ကိုင်များ အနေနှင့် လက်နက်ကိုင် အင်အား မရှိတော့ပါက နိုင်ငံရေးအရ ပြောရေး ဆိုခွင့်တွင် အခွင့်အရေး အာမခံချက် မရှိတော့သည်ကို စိုးရိမ်မှု ရှိသည့်အတွက် အချိန်ကာလ တစ်ခုအထိ တပ်များကို ဆက်လက် ထားရှိသွားမည်ဟု ၎င်းက ဆိုသည်။

“သဘောကတော့ ယုံကြည်မှု မရှိသေးဘူး။ ကျွန်တော်တို့ နိုင်ငံမှာ စစ်တပ်က အာဏာကို အများကြီး ချုပ်ကိုင်ထားတယ်။ အင်အားသုံး ဖြေရှင်းတယ်။ အဲဒီတော့ မိမိတို့ တပ်တွေကို မိမိပြည်နယ်ရဲ့ လုံခြုံရေး တပ်တွေ အနေနဲ့ ဆက်လက် ထားရှိဖို့ သဘောထားရှိတယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိ ကျင်းပနေသည့် ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယနေ့ ကျင်းပပြီးစီးသည့်အချိန်ထိ UNFC မှ ဆွေးနွေး ပြောကြားခြင်း မရှိသေးဘဲ UNFC စာတမ်းကို အဖွဲ့ဝင်များက တစ်ဖွဲ့ချင်းစီအလိုက် ဖတ်ကြားသွားမည် ဖြစ်ကြောင်း UNFC ထံမှ သိရသည်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) သည် အပစ်ရပ် စာချုပ်တွင် လက်မှတ် ရေးထိုးထားခြင်း မရှိသေးသော တိုင်းရင်းသား လက်နက်ကိုင်များဖြင့် တပ်ပေါင်းစု ဖွဲ့စည်းထားသည်။ လက်ရှိတွင် UNFC အဖွဲ့ဝင်များ အနေနှင့် အပစ်ရပ် စာချုပ် NCA တွင် လက်မှတ် ရေးထိုးရန်အတွက် အချက် ရှစ်ချက်ကို တောင်းဆိုထားပြီး ညှိနှိုင်းမှု အဆင်ပြေပါက စာချုပ်တွင် လက်မှတ် ရေးထိုးသွားမည်ဟု UNFC တာဝန်ရှိသူများက ပြောကြားထားသည်။    



FOLLOW US