News

POST TAGGED AS

လက်နက်ကိုင်

15-Sep-2017

လက်နက်ကိုင်
နမ္မတီးတွင် ဝါးရုံတော မျှစ်ချိုးသွားသည့် အမျိုးသမီး မိုင်းနင်းမိ
မြစ်ကြီးနား၊ စက်တင်ဘာ ၁၅

မိုးကောင်းမြို့နယ် နမ္မတီးမြို့မှ ဆယ်မိုင်ကျော်ရှိ နန့်ခမ်းခချောင်းဘေးသို့ ဝါးမျှစ်ချိုးသွားသော မချိုသဲ အမည်ရှိ အမျိုးသမီး မိုင်းနင်းမိ၍ ဘယ်ခြေထောက် ပြင်းပြင်းထန်ထန် ထိခိုက်သွားကြောင်း ၎င်း၏ ဆွေမျိုးများထံမှ သိရသည်။

စက်တင်ဘာလ ၁၅ ရက်နေ့ နံနက် ၈ နာရီခွဲခန့်က နမ္မတီးမြို့ မြို့သစ်ကြီးရွာနေ လင်မယားနှစ်ဦးသည် ဝါးရုံတောတစ်ခုသို့ မျှစ်ရှာရန် သွားစဉ် နန့်ခမ်းချောင်းဘေး တောစပ်အဝင်တွင် မိုင်းနင်းမိခြင်း ဖြစ်ကြောင်း ဒဏ်ရာရရှိသူ၏ အမျိုးသား ဦးထွန်းထွန်းဝင်းက ပြောသည်။
“နမ္မတီး နန့်ခမ်းချောင်းဘေးမှာ ဝါးရုံရှိတယ်။ အဲမှာဖြစ်သွားတာ” ဟု ၄င်းက ပြောသည်။

အဆိုပါဖြစ်ပွားမှုကြောင့် ဒဏ်ရာရရှိသူ မချိုသဲကို နမ္မတီးဆေးရုံမှတစ်ဆင့် မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသနေကြောင်း၊ ဖြစ်ပွားသည့်နေရာမှာ နမ္မတီးမြို့ ဒေသခံများ နေ့စဉ် တောထွက် ဟင်းသီးဟင်းရွက်များ ရှာဖွေရာနေရာ ဖြစ်ကြောင်း ရွာသားများထံမှ သိရသည်။

ယခုဖြစ်ပွားသောဒေသသည် ယခုနှစ် ပြီးခဲ့သည့် သြဂုတ်လ အတွင်းက တပ်မတော်နှင့် ကချင်လက်နက်ကိုင်တပ်ဖွဲ့တို့ကြား တိုက်ပွားဖြစ်ပွားသည့် ကဆုန့်ကျေးရွာသို့ သွားရာလမ်းဖြစ်ပြီး နမ္မတီးနှင့် ဆယ်မိုင်ကျော်ဝေးသည်။

ကချင်ပြည်နယ်တွင် ယခုနှစ် သြဂုတ်လ အထိပေါက်ကွဲမှု ၄၉ ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၅ ဦးနှင့် ဒဏ်ရာရရှိသူ ၆၇ ဦး ရှိကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ 

Photo - Yan Kaung

R-06



FOLLOW US