News

POST TAGGED AS

ရှမ်း

အင်းဒင်ကျေးရွာတွင် ဆင်ရိုင်းအန္တရာယ် စိုးရိမ်ရ၍ တိုင်းရင်းသားများ မပြောင်းရွှေ့လိုဟုဆို
စစ်တွေ၊ မတ် ၁ 

မောင်တောမြို့နယ် တောင်ပိုင်းတွင် သင်္ဘောကွေ့ကျေးရွာသစ်ထူထောင်ကာ နေထိုင်ကြသော ရွှေ့ပြောင်း တိုင်းရင်းသားများကို အင်းဒင်ကျေးရွာသို့ ပြောင်းရွှေ့ခိုင်းရာ ယင်းရွာ၌ ဆင်ရိုင်းအန္တရာယ်ကို စိုးရိမ်ရ၍ မပြောင်းရွှေ့လိုကြောင်း ကျေးရွာသားများကပြောသည်။

“အဲဒီနေရာ (အင်းဒင်) ဟာ တိုင်းရင်းသားတွေအတွက် လုပ်ကိုင်စားသောက်ဖို့ အလွန် ခက်ခဲတယ်၊ ဆင်အန္တရာယ်ကလည်း နေ့စဉ်ကြုံတွေ့နေရတဲ့ နေရာဖြစ်တယ်။ တိုင်းရင်းသားတွေ နေထိုင်ဖို့အတွက် ဘယ်လိုမှ မသင့်တော်တဲ့နေရာဖြစ်တယ်”ဟု မွန်ပြည်နယ်မှ ပြောင်းရွှေ့လာသူ ဦးထွန်းမြင့်ဦးက ပြောသည်။

အကြမ်းဖက်မှု ဖြစ်စဉ်ကြောင့် အင်းဒင် (ဘင်္ဂါလီ) ကျေးရွာ ပျက်စီးသွားသဖြင့် ယင်းနေရာတွင် အမှတ် (၆) နယ်ခြားစောင့် ရဲစခန်း တည်ဆောက်ထားပြီး အနီးရှိတောင်ခြေရင်းနား၌ တိုင်းရင်းသားကျေးရွာ တည်ဆောက်ထားကြောင်း၊ ၎င်းတောင်ခြေရင်းနား၌ နေထိုင်နေရသူများမှာ ဆင်ရိုင်းအန္တရာယ်အပြင် အကြမ်းဖက်အဖွဲ့အစည်းများ ဝင်ရောက်တိုက်ခိုက်လာလျှင် လူသားတံတိုင်းတစ်ခု ဖြစ်နေကြောင်း သံတွဲမြို့နယ်မှ ပြောင်းရွှေ့လာသူ ဦးမောင်သာထွန်းကပြောသည်။

မောင်တောမြို့နယ် တောင်ပိုင်းဒေသသို့ သံတွဲ၊ ရသေ့တောင်၊ မွန်ပြည်နယ်တို့မှ မိသားစု ၆၈ စုက သင်္ဘောကွေ့ကျေးရွာ တည်ထောင်ပြီး နေထိုင်လျက်ရှိကြောင်း၊ လက်ရှိတွင် အင်းဒင်ကျေးရွာသို့ အိမ်ထောင်စု ၄၅ စု ပြောင်းရွှေ့သွားသဖြင့် အိမ်ထောင်စု ၂၃ စုသာ ကျန်ရှိကြောင်း သိရသည်။

ကျန်ရှိသော ရွှေ့ပြောင်းနေထိုင်သူများကို အင်းဒင်ကျေးရွာသို့ ဖေဖော်ဝါရီ ၂၆ ရက် နောက်ဆုံးထားကာ ပြောင်းရွှေ့ပေးရန် ခရိုင်အုပ်ချုပ်ရေးမှူးက အတင်းအကြပ် ပြောင်းရွှေ့စေခဲ့ကြောင်း ဦးထွန်းမြင့်ဦးကဆိုသည်။

အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး ကျေးရွာသားများက ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေအား တိုင်ကြားလာကြောင်း၊ တိုင်ကြားစာတွင် ထိုသို့ကြမ်းတမ်းစွာ ပြောဆိုခြိမ်းခြောက် မောင်းထုတ်သည်ဟု ပါဝင်ကြောင်း ဦးအောင်သောင်းရွှေက ပြောသည်။

ရွှေ့ပြောင်းလာကြသော တိုင်းရင်းသားများကို ယင်းသို့ကြမ်းတမ်းစွာ ပြောဆိုခြိမ်းခြောက်ခဲ့ခြင်း မရှိကြောင်း၊ မောင်တောခရိုင်၌ ၂ နှစ်ခန့် တာဝန်ထမ်းဆောင်နေသည့် ကာလအတွင်း မည်သူတစ်ဦးတစ်ယောက်ကိုမှ ကြမ်းတမ်းစွာ ပြောဖူးခဲ့ခြင်း မရှိကြောင်း၊ အင်းဒင်ကျေးရွာသို့ ပြောင်းရွှေ့ခိုင်းရခြင်းမှာ ပြည်နယ်အစိုးရ၏ ညွှန်ကြားမှုဖြစ်ကြောင်း တိုင်းရင်းသားများ ဥပဒေနှင့်အညီ နေထိုင်ကာ လုပ်ကိုင်စားသောက်နိုင်ရန် စီမံဆောင်ရွက်ရခြင်းဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ပြောကြားသည်။

ရွှေ့ပြောင်းကာ အခြေချနေထိုင်ရန် လာသူများသည် ပထမဆုံး ကျေးရွာအဖြစ် သင်္ဘောကွေ့ကျေးရွာကို တည်ထောင်ခြင်းဖြစ်ပြီး လုပ်ကိုင်စားသောက်ရန် အဆင်ပြေချောမွေ့သော နေရာတစ်ခုဖြစ်ကြောင်း နေထိုင်သူများက ပြောသည်။

R-22



FOLLOW US