POST TAGGED AS

ရှမ်း

20-Jan-2018

ရခိုင်
မေယုကိုဆန် မေယုကိုစုန်၍ အနောက်တံခါးကို ဖြတ်သန်းကြည့်ရှုခြင်း (၄)
အလယ်သံကျော်ရွာကြီးကိုဖြတ်၍ ပင်လယ်ကမ်းခြေရှိရာသို့ ဆက်ပြီး ထွက်ခွာလာခဲ့သည်။ လူသူကင်းမဲ့နေသော ရွာလမ်းက အတော့်ကို ဆိုးပါသည်။ မြေသားလမ်းဖြစ်ပြီး ချိုင့်တွေ ကျင်းတွေကို ရှောင်ကွင်း မောင်းနှင်ရသည်။ ရွာကိုဖြတ်၊ လယ်ကွင်းထဲက လမ်းကြမ်းကိုဖြတ်၍ အလယ်သံကျော် ပင်လယ်ကမ်းခြေကို ရောက်သည်။ အလွန်ကျယ်ပြန့်ညီညာသော သောင်ပြင်ကို မျက်စိတစ်ဆုံးမြင်ရသည်။ အကယ်၍ နယ်မြေဒေသသာ ပဋိပက္ခ မရှိဘဲ အေးချမ်းနေမည်ဆိုလျှင် အနောက်ဘက်ဒေသမှာ အကောင်းဆုံး အပန်းဖြေစခန်းတစ်ခု ဖော်ထုတ်နိုင်သည့် အနေအထားဖြစ်သည်။ အင်္ဂလိပ် ကိုလိုနီခေတ်တုန်းကတော့ အပန်းဖြေကမ်းခြေတစ်ခုအဖြစ် သူတို့အသုံးပြုခဲ့ဖူးသည်ဆို၏။ အုန်းပင်စုစုရှိပြီး အရိပ်ရသောနေရာမှာ ကားများရပ်လိုက်ကြပြီး အားလုံး အောက်ဆင်းကြည့်ကြသည်။ လတ်ဆတ်သော ပင်လယ်လေများ တိုးဝှေ့လာသည်။ အသင့်ကြိုနေသော ဒေသခံတာဝန်ရှိသူများက အုန်းသီးများကိုခွဲပြီး အုန်းရည်တိုက်ကြသည်။ အုန်းရည်ချိုချို သောက်ရင်း အလယ်သံကျော်ကမ်းခြေနှင့် ပင်လယ်ဘက်သို့ လှမ်းမျှော်ကြည့်မိသည်။ ဒီနေရာက ဘင်္ဂလားဒေ့ရှ်နှင့် သိပ်မဝေးတော့သော နေရာဖြစ်သည်။ မြေပုံကိုကြည့်လျှင် ကမ်းခြေနှင့် မလှမ်းမကမ်းမှာ အုန်းကျွန်းရှိသည်။ သို့သော် ထိုကျွန်းကို ဘင်္ဂလားဒေ့ရှ်က ပိုင်သည်ဟု ဆို၏။ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်က မြေပြင်ပေါ်မှာသာ ခြံစည်းရိုးကာထားနိုင်သော်လည်း ရေပြင်ပေါ်မှာတော့ ဟင်းလင်းပွင့်နေသလိုပင်။ ဒီပင်လယ်ပြင်ကို အသုံးချပြီး တစ်ဖက်နိုင်ငံသားတွေ ဘယ်လောက်အထိ ဝင်ထွက်နေပြီလည်း မသိနိုင်ပါ။

နယ်မြေအေးချမ်းလျှင် ဖွံ့ဖြိုးရေးလုပ်ငန်းနှင့် စီးပွားရေးအခွင့်အလမ်းကောင်းများ ရှိနေသည့်ဒေသတွေ ဒီကမ်းရိုးတန်းမှာရှိသည်။ ကျွန်တော်တို့လာခဲ့ကြစဉ် ကျောက်ပန္တုဟု အမည်ရသည့် ကမ်းခြေကိုလည်း ရောက်ခဲ့သည်။ ထိုနေရာက သောင်ပြင်မဟုတ်သော်လည်း ပင်လယ်ကမ်းစပ်ရေပြင်ထဲမှာ ဧရာမ ကျောက်ကုလားထိုင်တစ်လုံးချထားသလို ကျောက်ဆောင်ကြီးတစ်ခုရှိသည်။ ဟိုခပ်ဝေးဝေး ကမ်းခြေပေါ်မှာတော့ စေတီသဏ္ဌာန် ထီးထီးကြီး ဖြစ်နေသော တောင်ပူစာတစ်ခုရှိသည်။ အစဉ်အလာ ဒဏ္ဍာရီအရ ဟိန္ဒူဘာသာဝင်တို့၏ ရာမဇာတ်တော်ထဲက သီတာဒေဝီ၊ ရာမမင်းသားတို့နှင့် စပ်ဆိုင်သော သမိုင်းဝင်နေရာဟုဆိုသည်။ နှစ်စဉ် ဘုရားပွဲတော် ကျင်းပတိုင်း ဒေသခံဟိန္ဒူလူမျိုးတွေသာမက ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယတို့ဘက်က ဟိန္ဒူဘာသာဝင်တွေပါ လာရောက်ကြပြီး အလွန်စည်ကားသည်ဆို၏။ ကျောက်ပန္တုကမ်းခြေမှာတော့ ရန်ကုန်တိုင်းအစိုးရနှင့် ဧရာဝတီတိုင်း အစိုးရတို့က လာရောက်တည်ဆောက်ပေးထားသည့် သွပ်မိုးအိမ်ငယ် အများအပြားတွေ့ရသည်။ အချို့ဆောက်လက်စဖြစ်ပြီး လမ်းတွေလည်း မပြီးသေးပါ။ ဒီနေရာမှာ ဘယ်သူတွေကို ပြန်လည်နေရာချပေးမလဲတော့ မသိပါ။

အလယ်သံကျော်ကမ်းခြေက ပြန်ထွက်လာပြီးနောက် ညနေ ၃ နာရီ ထိုးလုလုမှာ ကိုင်းကြီးရွာကို ရောက်လာကြသည်။ အငူမော် - မောင်တောလမ်းမှာ အရှေ့ဘက်က မေယုတောင်တန်းကြီးနှင့် အပြိုင်ရှိနေသော လမ်းဖြစ်သည်။ အသုံးနည်းသောလမ်းဟောင်းဖြစ်ပြီး ကျောက်ကြမ်းအဆင့်သာ ဖြစ်သည်။ လမ်း၏ အရှေ့ဘက်ကိုကြည့်လိုက်လျှင် ပြာညိုသော မေယုတောင်တန်းကို အဆက်မပြတ်မြင်နေရသည်။ လမ်း၏ ဝဲဘက်ခြမ်းကွင်းပြင်ထဲမှာ သိပ်မကြာသေးခင်က ဆောက်ပြီးထားဟန်ရှိသည့် အိမ်ငယ်လေးတွေ တန်းစီနေကြသည်။ မြိုတိုင်းရင်းသားများနေထိုင်ဖို့ မကြာမီက တည်ဆောက်ပေးခဲ့သည့် ရွာဖြစ်သည်။ လမ်းဘေးမှာ ကားတွေ စီတန်းရပ်ပြီး ရွာထဲဝင်ကြည့်ကြသည်။ သူတို့မမြင်ဖူးသော မျက်နှာစိမ်းလူတွေ ကင်မရာတွေကိုင်ပြီး ဝင်လာကြသဖြင့် ရွာသားအချို့ အထူးအဆန်းနှင့် ဝိုင်းအုံပြီး ရောက်လာကြသည်။ ဦးစံထွန်းဆိုသူ ရွာလူကြီးက ဤရွာဖြစ်ပေါ်လာပုံကို ရှင်းပြသည်။ ၂၀၁၇ ခုနစ် ဩဂုတ်လ ၂၅ ရက်နေ့ အကြမ်းဖက်အဖွဲ့ ARSA တိုက်ခိုက်မှုမဖြစ်ပွားမီ ရက်စက်သော သတ်ဖြတ်မှုတစ်ခု ဤရွာအနီးဝန်းကျင်တွင် ဖြစ်ပွားခဲ့သည်။ မြိုတိုင်းရင်းသားတို့မှာ အဓိက တောင်ယာလုပ်ကိုင်ပြီး တောထဲတောင်ထဲတွင် နေကြသူများဖြစ်သည်။ ဩဂုတ်လဆန်းပိုင်း တစ်ရက်တွင် မေယုတောင်အရှေ့ဘက်၌ တောင်ယာလုပ်ကိုင်နေသော မြိုလူမျိုး ၈ ဦးကို အာဆာအကြမ်းဖက်သမားများက ရက်စက်စွာ ခုတ်သတ်ခဲ့ကြသည်။ အချို့မှာ အလောင်းပင်ပြန်မရဟုဆိုသည်။ “သူတို့က အဲဒီဘက်မှာ တောင်ယာလုပ်ကြတယ်။ အဲဒီမှာ ရိုးမဘက်က သေနတ်သံတွေလည်း ကြားတယ်။ တောင်ပေါ်မှာ အာဆာအဖွဲ့စခန်းရှိနေတယ်။ အဲဒီအဖွဲ့က သူတို့ကိုတွေ့ပြီး သတ်လိုက်တာပဲ”။ ဦးစံထွန်းဆိုသူ၏ ပြောပြချက်အရ အာဆာအဖွဲ့သည် မေယုတောင်ပေါ်တွင် အခိုင်အမာ စခန်းလုပ်ထားကြောင်း၊ သူတို့စခန်းကို တွေ့မြင်သွား၍ သတ်ပစ်လိုက်တာဖြစ်နိုင်ကြောင်း သိရသည်။ မောင်တောတောင်ပိုင်းတွင် မြိုရွာသုံးရွာရှိရာ ပြန့်ကျဲနေမည့်အစား သက်ဆိုင်ရာက ယခုကဲ့သို့ ရွာသစ်တစ်ခုအဖြစ် စုစည်းတည်ဆောက် ပေးထားခြင်းဖြစ်သည်။ ပြီးခဲ့သည့် နိုဝင်ဘာလက ယခုနေရာသို့ ပြောင်းရွှေ့လာခြင်းဖြစ်ပြီး စုစုပေါင်း အိမ်ခြေ ၅၁ လုံးနှင့် လူဦးရေ ၂၉၈ ဦးရှိသည်ဟု သိရသည်။ နေလောင်ထားသဖြင့် ညိုပြီးပြောင်နေသော အသားအရေ၊ အပေါ်ဗလာကျင်း ခေါင်းပေါင်းဖြူပေါင်းထားသော အမျိုးသားများ၊ ချင်းတိုင်းရင်းသူတို့ ဝတ်ဆင်လေ့ရှိသည့် လက်ရက်ချည်ထည်နှင့် လည်တွင် ရောင်စုံပုတီးဆွဲထားသည့် မြိုတိုင်းရင်းသူအချို့ကို တွေ့ရသည်။ ရိုးသား အေးဆေးသော အသွင်အပြင်ကို သူတို့မျက်နှာပေါ်မှာ မြင်ရသည်။ တကယ်တော့ သူတို့သည် ပဋိပက္ခကြားက မြေစာပင်။

မောင်တောသို့ ရောက်ရှိချိန်မှာ ညနေ ၄ နာရီကျော်ခဲ့ပြီ။ လမ်းတွင် ကင်းချောင်းကျေးရွာရှိ ရခိုင်မျိုးစောင့်ပရဟိတစခန်းကို ဝင်ကြည့်ကြသေးသည်။ ဂျပန်နိုင်ငံရောက် ရခိုင်တိုင်းရင်းသားတို့၏ အထောက်အပံ့ဖြင့် ဤအဖွဲ့ကို ဖွဲ့စည်းထားခြင်းဖြစ်ပြီး ရခိုင်တိုင်းရင်းသားတို့၏ လယ်ယာစိုက်ပျိုးရေးလိုအပ်ချက်တွေကို ဖြည့်တင်းကူညီပေးနေသည်ဟု ဆိုသည်။ မောင်တောက နတ်မြစ်ကမ်းနှင့် မလှမ်းမကမ်းမှာရှိသော နယ်စပ်မြို့ဖြစ်သည်။ အငူမော်မှလာသောလမ်းသည် မောင်တောမြို့အပြင်ဘက် ဝေသာလီ၊ သုံးမိုင်ရွာတွင် လမ်းခွဲပြီး မောင်တောသို့ဝင်သည်။ ထိုနေရာမှ မောင်တောအကြား လမ်းမ၏ တစ်ဖက်တစ်ချက်မှာ ကျယ်ပြန့်သော လယ်ကွင်းပြင်ကြီးရှိသည်။ ဒီနေရာတွင်လည်း မြေတူးစက်ကြီးတွေနှင့် လမ်းချဲ့နေတာမြင်ရသည်။ မောင်တောအဝင် ဝဲဘက်မှာ မီးသင့်ထားသော ဘင်္ဂါလီရွာကြီးတစ်ရွာ၏ အကြွင်းအကျန်တွေကို မြင်ရသည်။ မြို့သူကြီးရွာဟုခေါ်တွင်ပြီး ယခုမရှိတော့ပါ။ မြေထိုးစက်အချို့ဖြင့် အကြွင်းအကျန်သစ်ပင်တွေ၊ အဆောက်အအုံ အုတ်ပုံတွေကို တွန်းဖြိုနေတာ တွေ့ရသည်။ ဩဂုတ် ၂၅ ရက်၊ အာဆာအဖွဲ့၏ တိုက်ခိုက်မှု အပြင်းထန်ဆုံးဖြစ်ပွားခဲ့သောနေရာဟု သိရသည်။ အကြမ်းဖက်သမားများသည် သတင်းပေး မြို့သူကြီးရွာသားအချို့ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး လုံခြုံရေးယာဉ်များကို မိုင်းဆွဲဖျက်ဆီးခဲ့သည်ဆို၏။ အပြင်းထန်ဆုံး ပစ်ခတ်တိုက်ခိုက်မှုဖြစ်ခဲ့သော မြို့သူကြီးရွာမှာ ယခုတော့ လုံးဝ ပြောင်ရှင်းသွားပြီ။ အဆောက်အအုံတစ်လုံးတလေပင် မကျန်တော့ပါ။ ဒီနေရာတွင် အစိုးရက ရဲတပ်ရင်းအသစ်တစ်ခု စတင်တည်ဆောက်နေသည်ဟု ကြားသိရသည်။ ကျွန်တော်တို့ ဖြတ်လာချိန်မှာ မြေထိုးစက်အချို့နှင့် ယာယီအဆောက်အအုံတစ်ခုပဲ တွေ့ရသည်။

မောင်တောမှာ ပထမဦးဆုံး သွားရောက်ခဲ့သည့်နေရာမှာ “ကညင် ချောင်း စီးပွားရေးဇုန်” ဖြစ်သည်။ မောင်တောမြောက်ဘက်ကို တော်တော်လေးသွားပြီးမှ ရောက်သောနေရာ။ မောင်တောမှာ အထူးစီးပွားရေးဇုန် တစ်ခုတည်ဆောက်နေသည်ဆိုသော သတင်းကြားနေရသည်မှာ ကြာပြီဖြစ်သည်။ ဒီလောက် ပဋိပက္ခတွေများနေသောနေရာမှာ နယ်စပ်စီးပွားရေးဇုန် တည်ဆောက်မည်ဆိုတော့ ဖြစ်ပါ့မလား သံသယဝင်မိသည်။ အားလုံး သိကြသည့်အတိုင်း ၂၀၁၂ ခုနှစ် ရခိုင် - ဘင်္ဂါလီ ပဋိပက္ခတွေဖြစ်ပြီးကတည်းက မောင်တောဒေသ နယ်စပ်ကုန်သွယ်ရေးမှာ ဆွံ့အသွားခဲ့သည်။ ထိုမတိုင်မီက မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်အကြား နယ်စပ်ကုန်သွယ်ရေး ပုံမှန်ရှိခဲ့သည်။ နောက်ပိုင်းကျတော့ အရင်လို ပုံမှန်မဟုတ်တော့။ ပြီးခဲ့သည့်နှစ်ကတော့ မောင်တောမှာ အထူးစီးပွားရေးဇုန်တစ်ခု အကောင်အထည်ဖော်တော့မည်ဟု သတင်းတွေထဲမှာ ဖတ်ရသည်။ ပြီးခဲ့သည့်လများက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ရခိုင်ပြည်နယ် ပြန်လည်ဖွံ့ဖြိုးရေးကော်မတီ UEHRD ဖွဲ့စည်းခဲ့ရာတွင် ကညင်ချောင်းစီးပွားရေးဇုန် ကိစ္စလည်း ပါဝင်လာတာတွေ့ရသည်။ ယခု ကျွန်တော်တို့အဖွဲ့က ပထမဦးဆုံး လာကြည့်ကြခြင်းဖြစ်သည်။ ကညင်ချောင်းစီးပွားရေးဇုန်က ဘင်္ဂလားဒေ့ရှ်နှင့် ပိုနီးသည်။ နတ်မြစ်ကို ဖြတ်ကျော်လိုက်သည်နှင့် ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်း ရောက်ပြီ။ ထိုနေရာမှာ ကညင်ချောင်းစီးပွားရေးဇုန် ဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက ဇုန်အကောင်အထည်ဖော်မည့်အနေအထားကို ရှင်းပြသည်။

“မောင်တောဟာ နယ်စပ်ကုန်သွယ်ရေးစခန်းတွေထဲမှာ အဓိကကျတဲ့ ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်ခဲ့တယ်။ ဒီဘက်က ကုန်တွေကို ဘင်္ဂလားဒေ့ရှ်ပို့ရာမှာ အရင်ကတည်းက အသာစီးကရရှိခဲ့တယ်။ ပဋိပက္ခတွေဖြစ်ပြီးတော့ ကုန်သွယ်ရေးက အရင်အခြေအနေပြန်မရောက်ဘူး။ ဒီနေရာမှာ ကုန်သွယ်ရေးဇုန်တစ်ခု အကောင်အထည်ဖော်နိုင်ရင် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာကြား ကုန်သွယ်ရေး ပိုကောင်းလာမယ်။ အခုမြင်နေရတဲ့ ဆိပ်ခံတံတားနှစ်ခုနဲ့ ဒီဘက်မှာ ကုန်သွယ်ရေးရုံး၊ ဂိုဒေါင်တွေ၊ အအေးခန်းတွေ၊ နောက်ပိုင်း အထည်ချုပ်စက်ရုံတွေအထိ လုပ်ဖို့စီစဉ်ထားတယ်။ ဟိုဘက်မှာရှိတဲ့ လူဦးရေနဲ့ ကြီးမားတဲ့ဈေးကွက်က ဒီနေရာရဲ့အားသာချက်ပဲ”

အနောက်ဘက်မှာ နေဝင်တော့မည်။ ဖောက်လုပ်ဆဲ လမ်း၊ ဆောက်လုပ်ဆဲ အဆောက်အအုံအချို့ကို ကွင်းပြင်ထဲမှာ မြင်ရသည်။ ဆိပ်ခံတံတားမှာ ကုန်တင်သင်္ဘောကြီးနှစ်စင်း ရပ်ထားပြီး အလုပ်သမားအချို့ သင်္ဘောပေါ်သို့ စပါးအိတ်တွေသယ်တင်နေတာ တွေ့ရသည်။ ဒီနေရာ၏ ဟိုဘက်အခြမ်း နတ်မြစ်တစ်ဖက်ကမ်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက်ခနက်မြို့ရှိသည်။ မောင်တောနှင့် တက်ခနက်အကြား ယခုကုန်သွယ်ရေးဇုန်က ပိုနီးပြီး ပိုအဆင်ပြေသည်။ ဒီဒေသမှာ ပဋိပက္ခတွေ ထပ်မံမဖြစ်ပွားတော့ဘဲ ဆက်လက်တည်ငြိမ်နေမည်ဆိုလျှင်တော့ မောင်တောကညင်ချောင်း စီးပွားရေးဇုန်က အလွန်အလားအလာကောင်းသော အနေအထားမှာ ရှိနေပါသည်။

ချစ်ဝင်းမောင်



FOLLOW US