News

POST TAGGED AS

ရှမ်းပြည်

20-Feb-2017

ရှမ်းပြည်
ရှမ်းပြည်မှ နိုင်ငံတကာအဆင့်မီ သံစိမ်း စထုတ်မည်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

စက်မှုဝန်ကြီးဌာနအောက်ရှိ ပင်းပက်သံမဏိစက်ရုံက အောက်တိုဘာလမှစ၍ ပြည်တွင်ဈေးကွက်သို့ သံစိမ်းများ ထုတ်လုပ်ဖြန့်ချိမည် ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနထံမှ သိရသည်။

တောင်ကြီးမြို့နယ် အမှတ် (၂) သံမဏိစက်ရုံ ပင်းပက်သည် တည်ဆောက်မှုလုပ်ငန်း  ကိုးဆယ့်ခြောက်ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်သည်။

“စက်ရုံက ရုရှားနည်းပညာနဲ့ ထုတ်လုပ်မယ်။ အဓိက နိုင်ငံရဲ့ သံနဲ့သံမဏိ ဈေးကွက်အတွက် ပိုမိုကောင်းမွန်လာမယ်။ နောက်ပြီး မြန်မာနိုင်ငံက ကုန်ကြမ်းပစ္စည်း သံကျောက်က အရည်အသွေး မမီဘူး။ သံရာခိုင်နှုန်း ပါဝင်မှု အရမ်းနည်းတယ်။ ဒါကြောင့် ကိုက်ညီနိုင်မယ့် Roll Match နည်းပညာနဲ့ သံစိမ်းတွေ ထုတ်လုပ်မှာပါ” ဟု စက်မှုဝန်ကြီးဌာန၊ အမှတ် (၂) စက်မှုလုပ်ငန်း (အကြီးစား) ဦးဆောင်ညွှန်ကြားရေးမှူး ဦးကံခြူးက ဆိုသည်။

အဆိုပါ သံမဏိစက်ရုံကို ၂၀၀၄ ခုနှစ်တွင် စက်မှုဝန်ကြီးဌာနနှင့် ရုရှားနိုင်ငံ သံမဏိလုပ်ငန်းတို့  သဘောတူစာချုပ် ချုပ်ဆိုပြီး ရုရှားနည်းပညာဖြင့် သံစိမ်းထုတ်လုပ်ရန် တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနထံမှ သိရသည်။

“အရည်အသွေးမီ သံမဏိဈေးကွက်က ပြည်တွင်းမှာ နည်းပညာအရကော အများကြီး လိုအပ်ပါတယ်။ ပြည်တွင်းဆောက်လုပ်ရေး လုပ်ငန်းတွေမှာလည်း နိုင်ငံခြားက ဝယ်ယူသုံးစွဲနေရတယ်။ ကိုယ့်နိုင်ငံထဲမှာ ရင်းနှီးမြှုပ်နှံမှုတွေ လက်ခံလိုက်တာ အရမ်းကောင်းမွန်ပါတယ်” ဟု ဂျာမနီနိုင်ငံ သံမဏိနှင့် သံထည်ပစ္စည်းများ တင်သွင်းနေသော မြန်မာမဟာကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

သံမဏိ ထုတ်လုပ်ခြင်းနှင့် ပတ်သက်၍ အမှတ် (၂) စက်မှုလုပ်ငန်း (အကြီးစား) အောက်ရှိ အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) ကိုလည်း  အီတလီနိုင်ငံနှင့် ပူးပေါင်းကာ တည်ဆောက်လျက်ရှိပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် သံမဏိနှင့် ဆက်စပ်သံထည် ပစ္စည်းများကို ထုတ်မည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနထံမှ သိရသည်။

J – 17



FOLLOW US