News

POST TAGGED AS

ရှမ်းပြည်

28-Dec-2016

ရှမ်းပြည်
တိုင်းရင်းသားများ စည်းလုံးညီညွတ်မှုကြောင့် ရှမ်းအရှေ့ဒေသ တည်ငြိမ်အေးချမ်းဟုဆို

ကျိုင်းတုံ၊ ဒီဇင်ဘာ ၂၈ 

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းပေါင်း များစွာ အခြေစိုက် နေထိုင်နေသည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဒေသ တစ်ခုလုံး လက်ရှိအချိန်အထိ တည်ငြိမ် အေးချမ်းနေခြင်းသည် ဒေသခံ တိုင်းရင်းသားများ၏ စုပေါင်း နေထိုင်သည့် စိတ်ဓာတ်နှင့် စည်းလုံး ညီညွတ်သည့် စွမ်းအားများကြောင့်ဖြစ်ကြောင်း တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေးက ပြောကြားသည်။ 

ကျိုင်းတုံမြို့ မြို့မ အားကစားကွင်းကြီးတွင် ဒီဇင်ဘာလ ၂၈ ရက် နံနက် ၁ဝ နာရီက ကျင်းပသော အာခါ တိုင်းရင်းသား စုပေါင်း နှစ်သစ်ကူးပွဲတော်ဖွင့်ပွဲ အခမ်းအနား၌ နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့သည်။

“ရရှိထားတဲ့ ငြိမ်းချမ်းတဲ့ အခြေအနေတွေ တည်ငြိမ်အောင် ဆက်လက်ပြီးတော့ ဒေသခံ တိုင်းရင်းသား ညီအစ်ကို မောင်နှမများက ကြိုးစားပြီးတော့ နေထိုင် သွားကြရမှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောဆိုသည်။ 

မြန်မာနိုင်ငံ၌ ရာစုနှစ်ပေါင်း များစွာ နေထိုင်ခဲ့ပြီး ကိုယ်ပိုင် စာပေနှင့် ယဉ်ကျေးမှုများကို ထိန်းသိမ်း စောင့်ရှောက်နေသည့် အာခါ တိုင်းရင်းသားများသည် ယနေ့ နိုင်ငံတော်မှ အထူး အလေးထား ဆောင်ရွက်နေသည့် ထာဝရ ငြိမ်းချမ်းရေး ရရှိရေး ရည်မှန်းချက်များကို အခြား တိုင်းရင်းသားများနှင့်အတူ ပြည်ထောင်စု စိတ်ဓာတ်ဖြင့် လက်တွဲ ဆောင်ရွက်နေကြောင်း ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင် အာခါ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးအာဗလေက ပြောကြားသည်။ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒေသ၌ အများဆုံး နေထိုင်သည့် အာခါ တိုင်းရင်းသားများသည် စုပေါင်း နှစ်သစ်ကူး ပွဲတော်ကို ၁၉၇၅ ခုနှစ်က စတင် ကျင်းပခဲ့ကြောင်း၊ ယနေ့ ကျင်းပသည့် (၄၂) ကြိမ်မြောက် နှစ်သစ်ကူး ပွဲတော်၌ ရှမ်းပြည်နယ် ဝန်ကြီးချုပ်က နှစ်သစ်ကူး သဝဏ်လွှာ ပေးပို့ခဲ့သည့်အပြင် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် ဝန်ကြီးအချို့ တက်ရောက်ကြောင်း၊ ပွဲတော်ကို ဒီဇင်ဘာလ ၂၇ ရက် မှ ၂၉ ရက်အထိ ကျင်းပမည် ဖြစ်သည်။ 

R-16



FOLLOW US