News

POST TAGGED AS

ရှမ်းပြည်

16-Aug-2018

NCA လက်နက်ကိုင်
အပစ်ရပ်လက်နက်ကိုင်ခြောက်ဖွဲ့ ရေရှည်ရပ်တည်ရေး ကုမ္ပဏီထောင်ရန်စီစဉ်
ရန်ကုန်၊ ဩဂုတ် ၁၅

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခြောက်ဖွဲ့အနေနှင့် ရေရှည်ရပ်တည်နိုင်ရန် စီးပွားရေးကုမ္ပဏီတစ်ခု ပူးပေါင်းတည်ထောင်သွားမည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့များထံမှ သိရသည်။

သမ္မတဦးသိန်းစိန်လက်ထက် အပစ်ရပ်လက်မှတ်ထိုးခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်ရှစ်ဖွဲ့တွင် ပါဝင်သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) စသည့် တိုင်းရင်းသားလက်နက်ကိုင်ခြောက်ဖွဲ့က ပူးပေါင်းကာစီးပွားရေး ကုမ္ပဏီတစ်ခု တည်ထောင်ရန်စီစဉ်နေကြောင်း PNLO ဒုဥက္ကဋ္ဌဦးခွန်မြင့်ထွန်းက ပြောကြားသည်။

အဖွဲ့အစည်း၏ ရပ်တည်ရေးနှင့် နိုင်ငံ၏ စီးပွားရေးပြောင်းလဲမှုဖြစ်စဉ်တွင် ပါဝင်သည့်အနေဖြင့် ထိုသို့လုပ်ဆောင်ရန် စီစဉ်ခြင်းဖြစ်ပြီး NCA မတိုင်ခင် ပြည်ထောင်စုသဘောတူညီချက်များအရ ယင်းသို့စီးပွားရေးလုပ်ကိုင်နိုင်သည့် ဆွေးနွေးသဘောတူညီချက်များရှိထားကြောင်း ဦးခွန်မြင့်ထွန်းက ပြောကြားသည်။

NCA စာချုပ်မချုပ်ဆိုခင်က အဖွဲ့အစည်းရပ်တည်ရေး လုပ်ဆောင်ခဲ့သည့် စီးပွားရေးလုပ်ငန်းများသည် NCA သဘောတူညီချက်အရ လုပ်ကိုင်ခွင့်မရတော့ခြင်းများရှိလာပြီး NCA ထိုးပြီးနောက် အခွန်ကောက်ခံခွင့်မရရှိတော့ကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့ အဖွဲ့အစည်းတွေမှာ NCA ရေးထိုးလိုက်တဲ့အခါမှာ NCA မထိုးခင်ကတော့ အချို့ဆောင်ရွက်ခဲ့တဲ့လုပ်ငန်းတွေကတော့ NCA ထိုးပြီးတော့ ဆောင်ရွက်လို့မရပါဘူး။ ဥပမာအားဖြင့် နှစ်ဖက်တပ်တွေကကော တပ်မတော်ကကောလိုက်နာရမှာရှိပါတယ်။ အခွန်ကောက်ခံတဲ့ကိစ္စလိုမျိုး NCA လက်မှတ်ထိုးတာမျိုး နှစ်ဖက်သဘောတူညီချက်အရ မဆောင်ရွက်တော့ပါဘူး။ နောက်ပိုင်းမှာ ဒီလိုကိစ္စရပ်တွေ အပါအဝင်အရင်က ရပ်တည်ရေးအတွက် လုပ်ခဲ့တဲ့လုပ်ငန်းတွေကို ကျွန်တော်တို့ မလုပ်နိုင်တော့ဘူး။မလုပ်ကြတော့တဲ့အတွက်လည်း ကျွန်တော်တို့ရပ်တည်ရေးကို ဒီလိုလုပ်ငန်းတွေလုပ်ပြီးတော့ ဆောင်ရွက်ကြတာဖြစ်ပါတယ်”ဟု၎င်းကဆိုသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) အဖွဲ့နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) အဖွဲ့တို့အနေနှင့် သီးခြားစီ လုပ်ကိုင်သွားမည်ဟု သဘောထားပေးထားကြောင်း ၎င်းက ဆိုသည်။

KNU အဖွဲ့အနေနှင့် သီးခြားစီ စီးပွားရေးကုမ္ပဏီတည်ထောင်သွားရန်အစီအစဉ်မရှိကြောင်း KNU ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

“သီးခြားစီဆိုတာကတော့ ထောင်ဖို့အစီအစဉ်မရှိဘူးဆိုတဲ့ သဘောထားပါ။ ထောင်ဖို့လည်း ဘာမှသဘောထားမရှိပါဘူး။ ကျွန်တော်တို့က နှစ်ပေါင်းခြောက်ဆယ် ဒီအတိုင်းရပ်တည်လာတာပဲ။ ဘာပူစရာရှိလဲ။ လောလောဆယ်ထောင်ဖို့ မရှိဘူး” ဟု ၎င်းကဆိုသည်။

အပစ်ရပ် လက်မှတ်ထိုးထားသည့်အဖွဲ့များကို ရေရှည်ရပ်တည်ရေးစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်တတ်စေရန် အစိုးရမှပံ့ပိုးကူညီမည်ဖြစ်ပြီး စိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရေး Public - Private Partnership - PPP လုပ်ငန်းစဉ်များမှ တစ်ဆင့် ဒေသခံပြည်သူများ အကျိုးရှိမည့်လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် အစိုးရက ပံ့ပိုးပေးမည်ဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားသည်။

လက်ရှိတွင်တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာသဘောတူစာချုပ် (NCA) ကို အဆိုပါ လက်နက်ကိုင်ရှစ်ဖွဲ့အပြင် ယခုအစိုးရလက်ထက်တွင် ထပ်တိုးလက်မှတ်ထိုးခဲ့သည့် မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူအဖွဲ့ (LDU) တို့ပါဝင်လာပြီး ယခုအခါ တိုင်းရင်းသားလက်နက်ကိုင်ဆယ်ဖွဲ့ လက်မှတ်ရေးထိုးထားသည်။

J-08



FOLLOW US