News

POST TAGGED AS

ရှမ်းပြည်

နမ္မတူတွင် တိုက်ပွဲဖြစ်မည်ကိုစိုးရိမ်၍ ဒေသခံရွာသားများ တိမ်းရှောင်
လားရှိုး၊ ဩဂုတ် ၁၂

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ် မိုင်းမုကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာငါးရွာမှ ဒေသခံ ၈၀၀ ခန့်သည် တိုက်ပွဲကြားပိတ်မိနေမည်ကို စိုးရိမ်မှုကြောင့် မန်စံကျေးရွာဘုန်းတော်ကြီး ကျောင်း၌ ခိုလှုံနေကြောင်း စစ်ဘေးရှောင်သူများ ကူညီစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းဘဉာဏ်က ပြောကြားသည်။

“မန်စံကျေးရွာ ဘုန်းကြီးကျောင်းမှာ ဒေသခံရှစ်ရာလောက် ရောက်လာပါတယ်။ အိမ်ထောင်စုစာရင်းကကောက် နေတုန်းပါပဲ”ဟု ၎င်းက ပြောဆိုသည်။

နမ္မတူမြို့နယ်၊ မိုင်းမုကျေးရွာအတွင်းရှိ နောင်ငင်း၊ နားဟုတ်၊ ဆမ်ခံ၊ ပန်လုံ၊ လောင်းဟုန်း စသည့်ကျေးရွာများမှ ဒေသခံများသည် တိုက်ပွဲအတွင်း ပိတ်မိခြင်း၊ ထိခိုက်ခြင်းတို့ဖြစ်မည်ကို စိုးရိမ်မှုကြောင့် ကြိုတင်တိမ်းရှောင်လာကြရာတွင် အများစုမှာသက်ကြီးရွယ်အို အမျိုးသမီးများနှင့် ကလေးများသာဖြစ်ကြောင်း၊ စိုက်ပျိုးချိန်ဖြစ်နေသည့်အတွက် အမျိုးသားနှင့် အမျိုးသမီးအချို့မှာမူ ရွာတွင်ကျန်ခဲ့ပြီး စိုက်ပျိုးလုပ်ကိုင်နေကြောင်း ယင်းဒေသခံများ၏အဆိုအရ သိရသည်။

အဆိုပါဒေသခံများအတွက် သက်ဆိုင်ရာဌာနများ၏ ကူညီထောက်ပံ့မှုများ မရရှိသေးသော်လည်း လူမှုရေးပရဟိတ အသင်းများကလာရောက်၍ ထောက်ပံ့လှူဒါန်းမှုများရှိနေကြောင်း ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

နမ္မတူမြို့နယ်အတွင်းရှိ ကျေးရွာများအနီးတစ်ဝိုက်တွင် လက်နက်ကိုင်အဖွဲ့များက မကြာခဏပစ်ခတ်တိုက်ခိုက်မှုများရှိနေ၍ ကျေးရွာဒေသခံများ ထွက်ပြေးတိမ်းရှောင်ရမှုများရှိရာ နမ္မတူမြို့ပေါ် စခန်းငါးခုတွင် ခိုလှုံနေသည့် ဒေသခံ ၆၀၀ ကျော်မှာ နေရပ်သို့ မပြန်နိုင်သေးပေ။

R-07
 



FOLLOW US