News

POST TAGGED AS

ရှမ်းပြည်

ရှမ်းတွင် စစ်ဘေးရှောင် ၂၈၀၀ ကျော် အသစ်ထပ်တိုး
ရန်ကုန်၊ ဇူလိုင် ၂၄

ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဇူလိုင်လ ၉ ရက် မှစတင်၍ လက်ရှိအချိန်ထိ စစ်ဘေးရှောင်ဦးရေ ၂၈၀၀ ကျော် အသစ်ထပ်မံ၍ နေရပ်စွန့်ခွာနေရကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) က ထုတ်ပြန်လိုက်သည်။

ရှမ်းပြည်နယ် မြောက်ပိုင်းဒေသများဖြစ်သည့် နမ္မတူ၊ မိုင်းကိုင်နှင့် နမ့်ခမ်းမြို့နယ်များတွင် ဇူလိုင်လ ၉ ရက်မှ စတင်ကာ လူဦးရေ ၂၈၀၀ ကျော်သည် အသစ်ထပ်မံတိမ်းရှောင်နေရကြောင်း UNOCHA က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲများသည် တပ်မတော်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တို့အကြား RCSS နှင့် တအာင်းပလောင် လက်နက်ကိုင်အဖွဲ့ (TNLA) တို့အကြားတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နေရပ်စွန့်ခွာတိမ်းရှောင်ရသူများ သည် ဘုန်းကြီးကျောင်းများ၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်းများတွင် ခိုလှုံနေရပြီး အစိုးရအာဏာပိုင်များ၊ ပြည်တွင်းမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ဒေသတွင်းမှ အရပ်ဘက်လူမှု အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကအလှူရှင်များက အစားအစာများ၊ ကယ်ဆယ်ရေးပစ္စည်းများ၊ ငွေကြေးပံ့ပိုးမှုများအပါအဝင် အကူအညီများ ပံ့ပိုးနေကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်ကလည်း ရှမ်းပြည်နယ် ကျေးသီးမြို့နယ်အတွင်း တပ်မတော်နှင့် RCSS တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံ ၁၀၀ ခန့် ကျေးသီးမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း အဆိုပါဒေသခံများထံမှ သိရသည်။

အဆိုပါ ဒေသခံများကို လတ် တလောတွင် ကျေးသီးမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းတွင် နေထိုင်ရန် စီစဉ်ပေးထားပြီး တိုက်ပွဲဖြစ်သည့် ကျေးရွာများတွင် တောအတွင်းသို့ ဝင်ပုန်းနေသည့် ဒေသခံအချို့ကျန်နေသေးကြောင်း ကျေးသီးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းစံမိန်းက ပြောကြားသည်။

တပ်မတော်နှင့် RCSS တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရှိရပြီး ကျေးသီးမြို့နှင့် ၁၈ မိုင်ခန့် ကွာဝေးသည့် ကျေးရွာအချို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

RCSS အဖွဲ့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့လည်းဖြစ်သည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလမှစတင်ကာ ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာသူ လူဦးရေ စုစုပေါင်း ၆၅၀၀ ကျော် ရှိသည့်အပြင် ကချင်ပြည်နယ်တွင်း တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာသူ အရေအတွက် ၆၈၀၀ ကျော်ထိ ရှိလာပြီဖြစ်ကြောင်း UNOCHA ထံမှ သိရသည်။


J-08



FOLLOW US