News

POST TAGGED AS

ရှမ်းပြည်

မူဆယ်ရဲစခန်းအချုပ်မှ ထွက်ပြေးရန်ကြံစည်သူ ၁၇ ဦးကို အမှုဖွင့်
မူဆယ်၊ ဇွန်၂၃ 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် မြို့မရဲစခန်းအချုပ်ခန်းအတွင်းမှ ထွက်ပြေးရန်ကြံစည်ခဲ့သူ ၁၇ ဦးကို ပုဒ်မအသီးသီးဖြင့် ထပ်မံအမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း မူဆယ်မြို့မရဲစခန်းမှူး ဒုရဲမှူးအေးမြင့်က ပြောကြားသည်။

ဇွန်လ ၂၂ ရက်နေ့ မွန်းလွဲပိုင်းတွင် မူဆယ်မြို့မရဲစခန်းအချုပ်ဆောင်ရှိ အချုပ်သား ၁၇ ဦးက အချုပ်ခန်းသို့ ထမင်းလာပို့သည့် ရဲတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ပြီး ထွက်ပြေးဖို့ကြံစည်ခဲ့မှုအပေါ် အချုပ်အနှောင်မှထွက်ပြေးမှုနှင့် ရဲတပ်ဖွဲ့ဝင်များကို နာကျင်အောင်တိုက်ခိုက်မှုတို့ဖြင့် ထပ်မံအမှုဖွင့်ထားကြောင်း ၎င်းက ပြောဆိုသည်။ 

အဆိုပါအချုပ်သား ၁၇ ဦးမှာ မူဆယ်နှင့် နမ့်ခမ်းမြို့များမှ မူးယစ်ဆေးဝါးမှုအပါအဝင် ပြစ်မှုအသီးသီးဖြင့် စွဲဆိုခံနေရသူများဖြစ်ပြီး ၎င်းတို့က တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များကို ရေနွေးပူဖြင့်ပက်ခြင်း၊ ထိုးကြိတ်ခြင်း၊ ရုန်းရင်းဆန်ခတ်ပြုလုပ်ကာ ထွက်ပြေးရန်ကြံစည်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

“အချုပ်သားတွေက ရဲတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ပြီး တံခါးက အတင်းတိုးထွက်လာကြတာကိုမြင်ရပြီး ငြာသံပေးပြီး လှေကားက ပြေးဆင်းလာတာနဲ့ ရှေ့ကင်းကခြောက်လှန့်ပြီး သေနတ်ပစ်ဖောက်တယ်။ ဒါကို ငြာသံပေးပြီး ဆက်ဆင်းလာတယ်။ ထပ်ပစ်လိုက်မှ အပေါ်ထပ်ကိုပြန် တက်သွားကြတာ၊ ထွက်ပြေးဖို့ပြေးဆင်းလာတဲ့ ၁၇ ယောက်စလုံးကို ပြန်ထိန်းချုပ်နိုင်ခဲ့ပါတယ်”ဟု မူဆယ်မြို့မရဲစခန်းမှူး ဒုရဲမှူးအေးမြင့်က ပြောဆိုသည်။

အဆိုပါ အချုပ်သား ၁၇ ဦးအနက် စိုင်းလှဝင်း ၄၁ နှစ်က ရဲတပ်သားစည်သူဟိန်းကို ရေနွေးပူဖြင့်ပက်ခဲ့မှုကြောင့် ရဲတပ်သား စည်သူဟိန်း၏ ရင်ဘတ်၌ ဒဏ်ရာရရှိခဲ့ပြီး ရဲတပ်ကြပ်စောဝင်းခိုင်ထွေးမှာ ထိုးကြိတ်ခံရခြင်းကြောင့် ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းဖြစ်စဉ်တွင် ရဲတပ်ဖွဲ့မှ တပ်ကြပ်ကြီး ကျော်စိုးဦးက ခြောက်လှန့်ပစ်ခတ်မှုကြောင့် စိုင်းလှဝင်း၏ဝမ်းဗိုက်တွင် သေနတ်ကျည်ဆန်ထိမှန်ပြီး ဇွန်လ ၂၂ ရက်နေ့ မွန်းလွဲပိုင်းတွင် မူဆယ်ဆေးရုံကြီး၌ သေဆုံးခဲ့ကြောင်း မူဆယ်ရဲစခန်းထံမှ သိရသည်။ 

ယင်းသို့ထွက်ပြေးရန်ကြံစည်သည့် အချုပ်သား ၁၇ ဦးကို မူဆယ်မြို့မရဲစခန်းတွင် ပထမသတင်းပေးတိုင်ချက် အမှတ်၂၂၁/၂၀၁၈ တွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၂၄ အချုပ်အနှောင်မှ ထွက်ပြေးမှုနှင့် ပြည်သူ့ဝန်ထမ်းကို ထိခိုက်ဒဏ်ရာရအောင်ပြုလုပ်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၃၃ အရ အသီးသီး အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း ယင်းစခန်းထံမှ စုံစမ်းသိရှိရသည်။ 

R-07



FOLLOW US