News

POST TAGGED AS

ရှမ်းပြည်

သီ​ပေါတွင် လင်​မယား​နှစ်ဦး သေနတ်​ပစ်​ခံရ၍ သေဆုံး
လားရှိုး၊ ဇွန်​ ၁၆ 

ရှမ်းပြည်​နယ်​မြောက်ပိုင်း၊ သီ​ပေါမြို့နယ်​​၊ ရေပူကြံခင်းကျေးရွာရှိ ထမင်းဆိုင်​တစ်ဆိုင်တွင်​ ဇွန်လ ၁၅ ရက်နေ့ ညပိုင်းက ဆိုင်​ရှင်​လင်မယားနှစ်ဦး သေနတ်​ဖြင့် အပစ်​ခံရသဖြင့် ​သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

ယင်းနေ့ည ၁၀ နာရီခန့်က​ အဆိုပါကျေးရွာရှိ ထမင်းဆိုင်​သို့ ဆိုင်​ကယ်​စီးနင်းလာသည့် အမျိုးသားနှစ်ဦးရောက်​လာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ပစ်ခတ်ခံရမှုကြောင့် ​ဆိုင်​ရှင်အမျိုးသားမှာ​ နေရာ၌ သေဆုံးခဲ့ပြီး ဇနီးဖြစ်​သူမှာ ​ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ကြောင်း သီ​ပေါမြိုမရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ 

“ဆိုင်ကယ်တစ်စီးတည်းစီးလာတဲ့ အမျိုးသားနှစ်ယောက် ဆိုင်ထဲဝင်လာပြီး ဟင်းမှာလို့ ဆိုင်ပိုင်ရှင်ရဲ့တူမက မီးဖိုချောင်​မှာ ချက်ပြုတ်​​နေချိန် အဲဒီအမျိုးသား နှစ်ယောက်က သေနတ်နဲ့ပစ်ပြီး ထွက်ပြေးသွားတယ်။ ကျူးလွန်သူတွေကိုတော့ ရှာဖွေစုံစမ်းနေဆဲပါ”ဟု ၎င်းက ဆိုသည်။ 

ထမင်းဆိုင်ပိုင်ရှင် ဦးစိုင်းဆာညွန့် ၅၃ နှစ်​နှင့် ဒေါ်နန်းရွှေကြည် ၄၂ နှစ်​တို့မှာ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရခြင်းဖြစ်ပြီး ဦးစိုင်းဆာညွန့်မှာ သေနတ်ဒဏ်ရာ ငါးချက်နှင့် ဒေါ်နန်းရွှေကြည်မှာ သေနတ်ဒဏ်ရာ သုံးချက်ရရှိခဲ့ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။ 

အခင်းဖြစ်ရာနေရာသို့ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ပြီး သေဆုံးသူများကို ဘော်ကြိုကျေးရွာရှိ ပရဟိတအသင်းနှင့် သီပေါမြို့ရှိ ပရဟိတအသင်းနှစ်သင်းမှ သွားရောက်သယ်ဆောင်ပေးခဲ့သည်။ 

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကျွဲ၊ နွားများတင်ဆောင်လာသည့် ယာဉ်များကို သေနတ်ဖြင့်ပစ်ခတ်မှုများ မကြာခဏဖြစ်ပေါ်လျက်ရှိပြီး လူသေဆုံး၊ ဒဏ်ရာရမှုများလည်းရှိသည်။ 

R-07



FOLLOW US