News

POST TAGGED AS

ရှမ်းပြည်

ကျိုင်းတုံဆေးရုံတွင် သားအိမ်ခေါင်းကင်ဆာ အခမဲ့စစ်ပေးမည်
ကျိုင်းတုံ၊ ဇွန် ၁၀

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ အထွေထွေရောဂါကု ဆေးရုံကြီးတွင် ဇွန်လနောက်ဆုံးပတ်မှစတင်၍ အိမ်ထောင်ရှင် အမျိုးသမီးများကို သားအိမ်ခေါင်းကင်ဆာရောဂါ အခမဲ့စစ်ဆေးပေးမည်ဖြစ်ကြောင်း အဆိုပါဆေးရုံအုပ်ကြီး ဒေါက်တာဉာဏ်မြင့်က ပြောကြားသည်။ 

သားအိမ်ခေါင်းကင်ဆာ ရောဂါသည် အိမ်ထောင်ရှင် အမျိုးသားများထံမှတစ်ဆင့် အိမ်ထောင်ရှင် အမျိုးသမီးများထံသို့ ကူးစက်သည့် ရောဂါပိုးဖြစ်ပြီး ကျိုင်းတုံမြို့နယ်အပါအဝင် ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် အဖြစ်များနေကြောင်း စစ်တမ်းတွေ့ရှိခဲ့၍ ကြိုတင်ကာကွယ်နိုင်ရန် အခမဲ့စစ်ဆေးပေးခြင်းဖြစ်ကြောင်း ယင်းဆေးရုံကြီးမှ ရောဂါဗေဒ ဆရာဝန်ကြီး ဒေါက်တာစောမြတ်သွယ်က ဆိုသည်။ 

“ဒီဒေသမှာက အသက် ၂၀ ကျော်အရွယ် အိမ်ထောင်ရှင် အမျိုးသမီးတွေမှာ အဖြစ်များနေတာကို တွေ့နေရတယ်၊ ဒီရောဂါက ကုသရခက်ပြီး ငွေကုန်ကြေးကျများလို့ ကိုယ်ဝန်မဆောင်ထားတဲ့ အိမ်ထောင်ရှင် အမျိုးသမီးတွေအနေနဲ့ ကြိုတင်စစ်ဆေးပြီး ကာကွယ်ဆေးထိုးထားရင် အကောင်းဆုံးပါ”ဟု ၎င်းက ရှင်းပြသည်။ 

သားအိမ်ခေါင်းကင်ဆာရောဂါသည် အိမ်ထောင်ရှင်အမျိုးသားများ၏ လိင်အင်္ဂါ ကြွက်နို့ပိုးမှတစ်ဆင့် အိမ်ထောင်ရှင် အမျိုးသမီးများထံ ကူးစက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ကင်ဆာရောဂါဖြစ်ပွားမှုတွင် သားအိမ်ခေါင်းကင်ဆာရောဂါသည် ၁၆ ဒသမ ၅ ရာခိုင်နှုန်း ရှိကြောင်း အားကစားနှင့်ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ 

R-16



FOLLOW US