News

POST TAGGED AS

ရှမ်းပြည်

မိုးအဆက်မပြတ်ရွာ၍ လားရှိုးမြို့ပေါ်ရေကြီး


လားရှိုး၊ ဇွန် ၂

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပြီးခဲ့သည့်ရက်ပိုင်းမှစ၍ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်အတွင်း ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ရာ ရေဝင်နစ်မြုပ်မှုဆိုးရွားခဲ့သည့် နေအိမ်လေးလုံးမှ မိသားစုများသည် ဘုန်းကြီးကျောင်းတွင် ယာယီခိုလှုံနေရကြောင်း ဒေသခံများထံမှသိရသည်။ 

လားရှိုးမြို့၊ ရပ်ကွက် ၁၊ နယ်မြေ ၉ အနိမ့်ပိုင်းမှ နေအိမ်လေးလုံးသည် ရေဝင်နစ်မြုပ်ခဲ့သည့်အတွက် ယင်းအိမ်များရှိ မိသားစုပေါင်း၁၃ ဦးမှာ လတ်တလောတွင် ဓမ္မဂုဏ်ရည်ဘုန်းတော်ကြီးကျောင်း၌ ယာယီခိုလှုံနေရကြောင်း ၎င်းတို့ထံမှသိရသည်။

“ဇွန်လ ၁ ရက်နေ့ မနက် ၁ နာရီ၊ ၂ နာရီကတည်းက ရေမြောင်းတွေ ရေလျှံလာပြီး တစ်ဖြည်းဖြည်းအိမ်ထဲကို ရေဝင်လာတာ။ ရင်ခေါင်းလောက်အထိ မြုပ်လာတယ်။ အိမ်မှာက အသက် ၇၀ ကျော် အမေက လေဖြတ်နေတာမို့ စိုးရိမ်စိတ်တွေ ဖြစ်လာတယ်။ ဒါနဲ့အုပ်ချုပ်ရေးဌာနကို သတင်းပို့အကူအညီတောင်းပြီး ဓမ္မဂုဏ်ရည် ဘုန်းတော်ကြီးကျောင်းကို ရွှေ့လာတာပါ”ဟု ရပ်ကွက် (၁)၊ နယ်မြေ ၉ တွင် နေထိုင်သူ ဒေါ်ပုက ပြောဆိုသည်။

မေလ ၃၁ ရက်နေ့ ညပိုင်းမှစတင်ကာ အဆက်မပြတ်မိုးရွာသွန်းခြင်းကြောင့် အနိမ့်ပိုင်းရှိနေအိမ်များတွင် မိုးရေများ စတင်ဝင်လာပြီး ဇွန်လ ၁ ရက်နေ့ ညနေပိုင်းတွင် တောင်ကျရေကြောင့် အိမ်အတွင်း ဝင်ရောက်သည့်ရေမှာ ခြောက်ပေခန့်အထိ မြင့်တက်လာကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဇွန်လ ၂ ရက်နေ့၌ ယာယီခိုလှုံနေရသည့် အိမ်ထောင်စုလေးစုကို စားနပ်ရိက္ခာများထောက်ပံ့ပေးခဲ့ပြီး လားရှိုးမြို့၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဦးစီးဌာနကလည်း ထောက်ပံပစ္စည်း ၂၂ မျိုးကို သွားရောက်ထောက်ပံ့ခဲ့ကြောင်း လားရှိုးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။

ရပ်ကွက် ၁ နားမခေါ်တိုးချဲ့ကွက်သစ်အတွင်း ၂၀၁၂ ခုနှစ်က ရေကြီးနစ်မြုပ်မှု အများဆုံးဖြစ်ပေါ်မှုကြောင့် ရေစီးရေလာ ကောင်းမွန်ရေးအတွက် ရေမြောင်းများကို စက်ယန္တရားများဖြင့် တူးဖော်ပေးခဲ့သော်လည်း အမှိုက်စွန့်ပစ်မှုကြောင့် ရေမြောင်းများပိတ်ဆို့ကာ ရေကြီးရေလျှံမှု ဖြစ်ပေါ်ရကြောင်း ရပ်ကွက် (၁)၊ နယ်မြေ ၉ တွင် နေထိုင်သူ ဦးခင်မောင်လှက ပြောကြားသည်။

လားရှိုးမြို့ပေါ်တွင် ရပ်ကွက် ၁၂ ခု ရှိပြီး ရပ်ကွက် (၁)၊ နယ်မြေ ၉ နားမခေါ် ကွက်သစ်သည် တောင်ကျရေအများအပြား စီးဆင်းရာ နေရာတစ်ခုဖြစ်နေ၍ ယင်းရပ်ကွက် အနိမ့်ပိုင်းရှိ နေအိမ်များသည် နှစ်စဉ်ရေဝင်လေ့ရှိသည်။ 

R-07



FOLLOW US