News

POST TAGGED AS

ရှမ်းပြည်

မသင်္ကာဖွယ်ကားကိုလိုက်ဖမ်းရာမှ အကောက်ခွန်အရာရှိနှစ်ဦး အရိုက်ခံရ
သိန်းနီး၊ မေ ၂၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန်းနီရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၌ အစစ်ဆေးမခံဘဲ မောင်းပြေးသည့်မော်တော် ယာဉ်ကို လိုက်လံဖမ်းဆီးရာတွင် ယင်းယာဉ် ပေါ်မှလူများ၏ ရိုက်နှက်မှုကြောင့် အကောက်ခွန်အရာရှိနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိန်းနီမြို့မရဲစခန်းထံမှ သိရသည်။

မေလ ၂၆ ရက်နေ့ နံနက်က သိန်းနီရေပူစစ်ဆေးရေးစခန်းနှင့် သိန်းနီမြို့အကြားဘောလုံးကွင်းအနီး၌ Toyota Wish အမျိုးအစားယာဉ်ပေါ်မှ လူနှစ်ဦးက ယာဉ်ပေါ်မှဆင်းကာ အကောက်ခွန်အရာရှိ ဦးမျိုးမြင့်သွင်နှင့် ဝန်ထမ်းတစ်ဦးကို သံတုတ်ဖြင့်ရိုက်နှက်ခဲ့သည့်အတွက် ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသမှုခံယူနေကြောင်း သိန်းနီမြို့မရဲစခန်းမှူး ဒုရဲမှူးမျိုးမြင့်က ပြောကြားသည်။

အဆိုပါယာဉ်သည် သိန်းနီရေပူစစ်ဆေးရေးစခန်းသို့ နံနက် ၉ နာရီခန့်တွင် ဖြတ်သန်းလာရာ စစ်ဆေးရန်အတွက် တားဆီးရာ၌ ယာဉ်ကိုမရပ်ဘဲ မောင်းပြေးခဲ့သည့်အတွက် ၎င်းတို့နှစ်ဦးက ကားဖြင့် လိုက်လံဖမ်းဆီးရာ ၂ မိုင်ခန့်အကွာအရောက်တွင် အဆိုပါမော်တော်ယာဉ်ကိုမီသဖြင့် အကောက်ခွန်အရာရှိများက ကားကိုရပ်နားခဲ့ရာ Wish ယာဉ်ပေါ်မှ လူ ၂ ဦးက ဆင်းလာပြီး သံတုတ်ဖြင့် ရိုက်နှက်ကာ ကားဖြင့်ပြန်လည်ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ယင်းဖြစ်စဉ်ကို သိန်းနီမြို့မ ရဲစခန်းတွင် ပထမသတင်းပေးချက်အမှတ် (ပ) ၁၀၇/ ၂၀၁၈ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၃၃/ ၁၁၄ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်နေကြောင်း လက်ရှိအချိန်အထိ ၎င်းတို့ကို ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း ယင်းစခန်းထံမှ သိရသည်။ 

သိန်းနီရေပူအမြဲတမ်း စစ်ဆေးရေးစခန်းကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၆ ရက် နေ့က ပြန်လည်ဖွင့်လှစ်ခဲ့ပြီး နေ့စဉ်ယာဉ် အစီးရေ ၆၀၀၀ ကျော် ဖြတ်သန်းသွားလာနေသည့် စစ်ဆေးရေးစခန်းဖြစ်သည့်အတွက် ဖြတ်သန်းသမျှ ယာဉ်များကို တားဆီးစစ်ဆေးခြင်းမျိုးမပြုလုပ်နိုင်ဘဲ မသင်္ကာဖွယ်ရာယာဉ်များကိုသာ တားဆီးစစ်ဆေးနေခြင်းဖြစ်သည်။

R-07 



FOLLOW US