News

POST TAGGED AS

ရှမ်းပြည်

ဝန်ကြီးများ အချက်အလက်စုံအောင် စုဆောင်းပြီးမှ မေးခွန်းများကိုဖြေရန် ကချင်လွှတ်တော် ဥက္ကဋ္ဌပြော
မြစ်ကြီးနား၊ မေ ၂၆

ကချင်ပြည်နယ် လွှတ်တော်အစည်းအဝေးများ၌ လွှတ်တော်ကိုယ်စားလှယ်များ၏ မေးမြန်းမှုကို ပြည်နယ်အစိုးရဝန်ကြီးများအနေနှင့် အချက်အလက်များ စုံစုံလင်လင် စုဆောင်းထားပြီးမှသာ ပြန်လည်ဖြေကြားရန် ကချင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးထွန်းတင်က ပြောကြားသည်။

မေလ ၂၅ ရက်နေ့က ကျင်းပသည့် ကချင်ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ မေးမြန်းမှုကို ပြည်နယ်အဆင့် ဝန်ကြီးအချို့က ဖြေကြားရာတွင် မေးခွန်းနှင့်အဖြေ လွဲမှားခြင်း၊ ဖြေကြားမှုမစုံလင်ခြင်းတို့ ရှိနေသည့်အပေါ် လွှတ်တော်ဥက္ကဋ္ဌက ယင်းသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

“ဝန်ကြီးဟာ အစိုးရအဖွဲ့က တာဝန်ခံတဲ့ ဝန်ကြီးတစ်ပါးလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ နောင်အချိန်မှာ မေးလာတဲ့ မေးခွန်းတွေနဲ့ပတ်သက်လို့ ဝန်ကြီးဌာနတွေအနေနဲ့ အချက်အလက်တွေကို တိတိကျကျ စုဆောင်းပြီးမှသာလျှင် လွှတ်တော်ထဲ ဖြေကြားပါလို့ အကြံပြုချင်တယ်”ဟု လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်က ပြောဆိုသည်။

လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူများက ရွေးကောက်ထားသည့် ကိုယ်စားလှယ်များဖြစ်သည့်နည်းတူ ပြည်သူများ၏လိုအပ်ချက်ကို လွှတ်တော်သို့ ဆွေးနွေးတင်ပြခြင်းဖြစ်ကြောင်း၊ ပြည်နယ်အတွင်း လွှတ်တော်သည် ဥပဒေပြုရေးအတွက်လည်း အမြင့်ဆုံးနေရာဖြစ်သည့်အတွက် ဝန်ကြီးဌာနများအနေနှင့်လည်း မေးခွန်းများ ရှင်းလင်းဖြေကြားရာ၌ ထိထိရောက်ရောက် ဖြေကြားပေးရန် နောင်မွန်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးချန်တန်ခင်က ပြောကြားသည်။

“လွှတ်တော်ဆိုတာ အခြေခံဥပဒေမှာပါတဲ့အတိုင်း တရားဝင်မေးလို့ရပြီး တရားဝင်ဆွေးနွေးလို့ရတဲ့ အစည်းအဝေးပါ။ ဒါကြောင့် ခုနဝန်ကြီးပြောသွားတဲ့ ဟိုဌာနသွားပါ၊ ဒီဌာနသွားပါဆိုတာက ဒါ လုံးဝတာဝန်ယူမှု တာဝန်ခံမှုမရှိပါဘူး။ ကျွန်တော်တို့က ဘယ်ပြည်နယ်မှူးနဲ့မှ ဆက်သွယ်စရာ သိစရာမလိုပါဘူး။ ကျွန်တော်တို့ရဲ့ကိုယ်စား ဆောင်ရွက်ရမှာက ဝန်ကြီးတွေဖြစ်ပါတယ်။ ဝန်ကြီးတွေက ဆောင်ရွက်နိုင်လို့ ဆောင်ရွက်နိုင်တဲ့ အရည်အချင်းရှိတယ်လို့ ယူဆပါတယ်”ဟု ၎င်းက ဆိုသည်။

ကချင်ပြည်နယ်၏ ဒုတိယအကြိမ် ကချင်ပြည်နယ် လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို မေလ ၂၄ ရက်နေ့မှ စတင်၍ မြစ်ကြီးနားမြို့ရှိ ပြည်နယ်လွှတ်တော်ရုံး၌ ကျင်းပလျက်ရှိသည်။ 

R-06




FOLLOW US