News

POST TAGGED AS

ရှမ်းပြည်

စစ်ရှောင်မိသားစု ၅၀ ကျော် ကျောက်မဲမြို့တွင် အိမ်ငှားနေထိုင်


မန္တလေး၊ ဧပြီ ၃၀

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဒေသ အချို့တွင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားနေမှုကြောင့် စစ်ရှောင်မိသားစု ၅၀ ကျော် ကျောက်မဲမြို့ပေါ်ရပ်ကွက်များတွင် အိမ်ငှားဖြင့် နေထိုင်နေကြရကြောင်း ယင်းမြို့ခံများထံမှ သိရသည်။

“စစ်ရှောင်စခန်းမှာနေရတာ အဆင်ပြေပါတယ်။ ဒါပေမဲ့ ရေရှည်မှာ မိသားစုဝင်ငွေမရှိရင် ရပ်တည်ဖို့ ခက်ခဲတော့ ရပ်ကွက်ထဲမှာအိမ်ငှားပြီး နေရတာ”ဟု ကျောက်မဲမြို့နယ် တောဖယ်ကျေးရွာမှ စစ်ရှောင်လာသူ ဦးမာလက ပြောကြားသည်။

လက်နက်ကိုင်တပ်ဖွဲ့များ အပြန်အလှန် ပစ်ခတ်မှုများရှိနေသေးသဖြင့် ကျောက်မဲမြို့ပေါ်တွင် နေထိုင်ရခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆက်လက်ပြောဆိုသည်။

ကျောက်မဲမြို့ပေါ်ရှိ စစ်ရှောင်စခန်းများတွင် နေထိုင်သူများအနေနှင့် သင်္ကြန်မတိုင်မီကစ၍ နေထိုင်ခြင်းမရှိတော့ဘဲ မြို့ပေါ်ရပ်ကွက်များအတွင်း အိမ်ငှားနေထိုင်ခြင်း၊ ဆွေမျိုးသားချင်းများထံတွင် နေထိုင်လျက်ရှိကြောင်း စစ်ရှောင်ပြည်သူများကို ကူညီပေးနေသည့် ကျောက်မဲမြို့ခံ ဦးတင်မောင်သိန်းက ပြောကြားသည်။

အိမ်ငှားဖြင့် နေထိုင်သူများမှာ ကျောက်မဲမြို့နှင့် ၁၄ မိုင်ခန့်ဝေးသော ခွန်ကော်အုပ်စု တောဖယ်ကျေးရွာမှ ပလောင်တိုင်းရင်းသားများဖြစ်ပြီး အိမ်ထောင်စု ၅၃ စုခန့်ရှိကြောင်း၊ အိမ်ငှားခအနေနှင့် တစ်လလျှင် ကျပ် ၂၀,၀၀၀ မှ ကျပ် ၆၀,၀၀၀ အကြားတွင်ရှိကြောင်း ၎င်းက ပြောဆိုသည်။

ကျောက်မဲမြို့နယ် ခွန်ကော်ကျေးရွာအုပ်စုတွင် ဧပြီလတတိယပတ်အတွင်းက တံတားနှစ်စင်း မိုင်းခွဲဖျက်ဆီးခံခဲ့ရသေးသည်။  

M-01



FOLLOW US