News

POST TAGGED AS

ရှမ်းပြည်

28-Apr-2018

ငွေကြေး
ငွေကြေးခဝါချမှုများကိုလျင်မြန်စွာတရားစွဲနိုင်ရန်အရှိန်မြှင့်ဆောင်ရွက်မည်
ရန်ကုန်၊ ဧပြီ၂၈

ငွေကြေးဆိုင်ရာမှုခင်းနှင့်ငွေကြေး ခဝါချမှုများကို တရားစွဲဆိုမှုမြန်ဆန်စေရန် ပြည်ထဲရေးဝန်ကြီးဌာနက အရှိန်မြှင့် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“သံသယစောင့်ကြည့်နေတုန်းမှာ ပစ်မှတ်တွေက ပြောင်းလဲကုန်တာတွေ ရှိတယ်။ ငွေကြေးခဝါချ ဖြစ်စဉ်တွေကို ရဲလုပ်ငန်း အရှိန်မြှင့်လုပ်ရမယ်။ အဓိကတော့ ဥပဒေကြောင်းအရ အမြန်ဆုံး တရားစွဲတင်နိုင်အောင် ဆောင်ရွက်ဖို့ပေါ့”ဟု ၎င်းကဆိုသည်။

ယခုနှစ် ဧပြီနောက်ဆုံးပတ်က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးအကူအညီဖြင့် ဆောင်ရွက်သည့် နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ ငွေကြေးဆိုင်ရာ မှုခင်းများနှင့် ငွေကြေးခဝါချမှုများကို တရားစွဲဆိုခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲအပြီး အထက်ပါအတိုင်း အရှိန်မြှင့် ဆောင်ရွက်ရန် ပြည်ထဲရေးဝန်ကြီးဌာနက စီစဉ်နေခြင်းဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနထံမှ သိရသည်။

ထို့အပြင် နိုင်ငံဖြတ်ကျော် မှုခင်းများ တိုက်ဖျက်ရာတွင် ပူးပေါင်းဆောင်မည့် နိုင်ငံအချင်းချင်းမှ ဝန်ထမ်းများအရည်အချင်း မြင့်မားရန်လိုအပ်ပြီး ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းမှုနှင့် တရားစွဲဆိုမှု လုပ်ငန်းများ၌ ငွေကြေးမှတ်တမ်းများနှင့် သက်သေခံချက်များကို တရားရုံးတွင်ရယူခြင်း၊ အခြားနိုင်ငံများမှ သက်သေခံချက်များ ရယူခြင်းနှင့် တရားစွဲအဖွဲ့အစည်းများကြား ပူးပေါင်း လုပ်ဆောင်ရွက်ခြင်းစသော လုပ်ထုံးလုပ်နည်း အဆင့်ဆင့်ရှိကြောင်း အမေရိကန် ပြည်ထောင်စုမှ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေး ပညာရှင်များက ဆွေးနွေးပွဲတွင် ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ဆိုသည်။

လက်ရှိ အစိုးရသက်တမ်း တစ်နှစ်ကျော်အတွင်း ငွေကြေးခဝါချမှုနှင့် ဆက်နွှယ်သည်ဟု ယူဆသော အမှုပေါင်း ၉၃ မှုကို အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန အပါအဝင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အောက်ရှိ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေး ရဲတပ်ဖွဲ့တို့သည် နိုင်ငံတော် သမ္မတရုံး၊ နိုင်ငံတော် အတိုင်ပင်ခံရုံးနှင့် ပြည်ထဲရေး ဝန်ကြီးဌာနသုံးခုက ဖွဲ့စည်းပေးထားသော စိစစ်ရေးအဖွဲ့ထံ စာရင်းများ လွှဲပြောင်းပေးခဲ့ဖူးကြောင်း ရဲအရာရှိတစ်ဦးက မှတ်ချက်ပြုသည်။

“ပြည်တွင်း လက်နက်ကိုင်တွေနဲ့ ဆက်နွှယ်တာလည်း ရှိတယ်။ နောက်ပြီးတော့ နယ်စပ်လမ်းကြောင်း မူးယစ်ကုန်ကူးနေတဲ့ ဖြစ်စဉ်တွေကနေ ငွေကြေးခဝါချနေတာ အများဆုံးဖြစ်တယ်” ဟု ၎င်းက မှတ်ချက်ပြုသည်။

ငွေကြေးခဝါချမှုသည် ကြီးမားသော စီးပွားရေးဆိုင်ရာ ကျင့်ဝတ်၏မသမာမှုများဖြစ်ပြီး အခွန်မဆောင်ထားသည့် တရားမဝင်သော နည်းလမ်းမှတစ်ဆင့် ရရှိခဲ့သောငွေကြေးအပြင် ပစ္စည်းများကို အသွင်ပြောင်းခြင်း၊ ဖုံးကွယ်ခြင်း၊ တရားမဝင် လွှဲပြောင်းခြင်းဖြင့် တရားဝင်အနေအထားသို့ရောက်ရှိရန် မသမာသောနည်းလမ်းဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတ်မှတ်ထားသည်။

J-17



FOLLOW US