News

POST TAGGED AS

ရှမ်းပြည်

13-Aug-2017

ရှမ်းပြည်
နမ့်ခမ်းတွင် တပ်မတော်နှင့် TNLA တိုက်ပွဲဖြစ်ပွား၊ အရပ်သားလေးဦး ဒဏ်ရာရ
ရန်ကုန်၊ ဩဂုတ် ၁၃

ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းတွင် တပ်မတော်နှင့် တအာင်း/ ပလောင် လက်နက်ကိုင်အဖွဲ့ (TNLA) တို့ တိုက်ပွဲဖြစ်ပွားမှုများကြောင့် ဒေသခံ အရပ်သားတို့ ထိခိုက်ဒဏ်ရာရမှု ဖြစ်ပွားခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ် ကောင်းဝိုင်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အရပ်သား လေးဦး ဒဏ်ရာရရှိပြီး တစ်ဦး စိုးရိမ်ရသည့် အနေအထားတွင်ရှိကာ နမ့်ခမ်းဆေးရုံသို့ ရောက်ရှိနေကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ကျေးရွာအနီးတွင် လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုများ ဩဂုတ်လ ၁၃ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အိမ်အချို့လည်း ပျက်စီးခဲ့ကြောင်း ယင်းတာဝန်ရှိသူက ဆိုသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်၍ တပ်မတော် ပြောရေးဆိုခွင့်ရှိသူများထံ ဆက်သွယ် မေးမြန်းသော်လည်း ဖုန်းကိုင်ခြင်း မရှိပေ။

ဩဂုတ်လ ၁၃ ရက် နံနက်ပိုင်းတွင် ကောင်းဝိုင်းကျေးရွာအနီး ပေါက်ကွဲခဲ့သည့် လက်နက်ကြီး အချက်ပေါင်း ၂၀ ကျော်ခန့် ပေါက်ကွဲခဲ့ပြီး ဒေသခံများသည် နေအိမ်အောက်တွင် အကာအကွယ်ယူမှုများ ပြုလုပ်ခဲ့ရကြောင်း ယင်းဒေသတွင် လူမှုရေးလုပ်ငန်း လုပ်ဆောင်နေသည့် တအာင်း စာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးကျော်မြင့်က ပြောကြားသည်။

“အိမ်အောက်မှာ ပုန်းနေတာ လက်နက်ကြီးကျည်က အိမ်ကို လာမှန်ပြီးတော့ သူတို့ကို ထိတာ”ဟု ၎င်းက ပြောကြားသည်။

တပ်မတော်နှင့် TNLA အဖွဲ့တို့သည် ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်း၊ နမ့်စန်၊ သီပေါမြို့နယ်များတွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

တအာင်း/ပလောင် လက်နက်ကိုင်အဖွဲ့ (TNLA) သည် မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင် လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့လည်း ဖြစ်ပြီး ပြီးခဲ့သည့် ၂၁ ရာစု ပင်လုံညီလာခံသို့လည်း လာရောက်ထားသည့်အဖွဲ့ ဖြစ်သည်။                 

J-08



FOLLOW US