News

POST TAGGED AS

ရှစ်လေးလုံး

08-Aug-2018

ရှစ်လေးလုံး
၈၈၈၈ နှစ် (၃၀)ပြည့် အခမ်းအနားနှင့် ချဉ်းကပ်သင်ယူရမယ့် အရာများစွာ
သြဂုတ်လ ၈ ရက်နေ့ဆိုရင် ရှစ်လေးလုံး အရေးတော်ပုံ နှစ် (၃၀) ပြည့်မြောက်ခဲ့ပါပြီ။ အဲ့ဒီအတွက်ပဲ အခုရက်ပိုင်းမှာ အထိမ်းအမှတ် အခမ်းအနားတွေကို နိုင်ငံအတွင်းက နေရာအချို့မှာ ကျင်းပလာကြတာ ၈၈၈၈ အရေးတော်ပုံ နှစ် (၃၀) ကာလအတွက် ပြန်လည် သုံးသပ်ခြင်း ဆွေးနွေးပွဲတွေလုပ်တာနဲ့ အရေးအခင်းကာလက မှတ်တမ်းဓာတ်ပုံများ ခင်းကျင်းပြသမှု ပြုလုပ်တာတွေကို ပြုလုပ်ခဲ့ကြသလို ဒီအခမ်းအနားတွေကိုလည်း ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင်ဝန်ကြီးတချို့ တက်ရောက်ခဲ့ကြပါတယ်။ တချို့သူတွေကတော့ ၈၈၈၈ အရေးအခင်း ကာလမှာ ကျဆုံးခဲ့တဲ့သူရဲကောင်းများအတွက် ကုသိုလ်ပြု အမျှပေးကြသလို၊ ထိုနေ့အတွက် အမှတ်တရ စာပေဟောပြောပွဲများ၊ ဂုဏ်ပြုပွဲများ ကျင်းပခဲ့ကြပါတယ်။ ဒီအတွက် ဒီ ၈၈၈၈ အရေးတော်ပုံလို့ပဲခေါ်ခေါ် ရှစ်လေးလုံး အရေးအခင်းလို့ပဲဆိုဆို အဲ့ဒီခေတ် အဲ့ဒီကာလက ဒီကိစ္စကြီးဖြစ် ပေါ်လာတဲ့ အခြေခံသမိုင်းအကြောင်းကို ယနေ့ခေတ်လူငယ်တွေ အကြမ်းဖျင်းသိကြစေဖို့နဲ့ ဒါကိုသင်ခန်းစာယူပြီး နောင်ဒီလိုမဖြစ်အောင် ကျွန်တော်တို့ လူကြီးလူရွယ်လူငယ်တွေ၊ အုပ်ချုပ်သူအစိုးရတွေ၊ လူထုတွေအနေနဲ့ ဘယ်လိုသင်ခန်းစာယူ ထိန်းသိမ်းကြိုးစားသွားကြမလဲဆိုတာကို ဒီဆောင်းပါးလေးအထဲမှာ ဆွေးနွေးသွားကြရအောင်ပါ။

အမှန်တော့ ဒီ ၈၈၈၈ အရေးတော်ပုံဟာ ၁၉၈၈ ခုနှစ်မှာသာ ဖြစ်ပွားခဲ့ရတယ်ဆိုပေမယ့် အစတည်လာခဲ့တာကတော့ ၁၉၈၀ ခုနှစ်ကျော် ကာလလောက်ကတည်းလို့ ပြောလို့ရပါတယ်။ ဒီအရေးအခင်း ဖြစ်ပွားလာခဲ့ရတာဟာ အဲ့ဒီကာလနှစ်ပိုင်းတွေမှာ ဆိုရှယ်လစ်လမ်းစဉ်ဆိုတဲ့ နိုင်ငံရေးစနစ်ကိုကျင့်သုံးပြီး ပြင်ပကမ္ဘာနဲ့အဆက်ဖြတ်လို့ တံခါးပိတ်ဝါဒ ကျင့်သုံးမှုတွေအကြားမှာ ပြည်တွင်းက လူထုတွေအနေနဲ့ ငွေတန်ဖိုးပြောင်းလဲမှု၊ ငွေကြေးဖောင်းပွမှု၊ အလုပ်အကိုင်ရှားပါးကြမှု၊ အရည်အသွေးနိမ့်ကျတဲ့ ပြည်တွင်းထုတ်ကုန်တွေကိုပဲ သုံးစွဲနေခဲ့ကြရမှု၊ နောက်အစိုးရဌာနဆိုင်ရာ တွေအထဲမှာလည်း အကျင့်ပျက်လာဘ်စားမှုတွေ အရှိန်ရနေမှုအကြားမှာ အထွေထွေ ကျပ်တည်းမှုတွေ ကြုံတွေ့နေခဲ့ကြရတယ်။ ဒီအပေါ် တစ်ဖက်ကလည်း နိုင်ငံရေး လှုပ်ရှားမှုတွေအနေနဲ့ ထိုအခြေအနေတွေကို ပြောင်းလဲဖို့ ဦးအောင်ကြီးရဲ့ နိုင်ငံ့အရေး အိတ်ဖွင့်ပေးစာပါ အကြောင်းအရာတွေနဲ့ အဲ့ဒီတုန်းက မဆလအစိုးရကို ပြုပြင်ပြောင်းလဲရေးလုပ်ဖို့၊ အခြားအိမ်နီးချင်း နိုင်ငံတွေနဲ့အလားတူ စီးပွားရေး တိုးတက်အောင်လုပ်ဖို့ တိုက်တွန်းချက်တွေနဲ့ အနုပညာရှင်လူရွှင်တော်အဖွဲ့ ကိုဇာဂနာ၊ ကိုမေတ္တာတို့အဖွဲ့တွေရဲ့ နိုင်ငံရေး ဟာသပြက်လုံးတွေအကြားမှာ ပြည်သူလူထုအနေနဲ့လည်း တစ်စတစ်စ နိုင်ငံ့အရေးကို စိတ်ဝင်စားလာကြမှုတွေ ရှိလာခဲ့ကြပါတယ်။ အဲ့ဒီကာလကဆိုရင် ကျွန်တော်ဟာ ၁၀ တန်းကျောင်းသားဘဝမို့ ဒီအဖြစ်တွေကို မှတ်မှတ်ထင်ထင် ရှိနေခဲ့ပါတယ်။

အဲ့ဒီတုန်းက လူရွှင်တော်ဇာဂနာတို့ ပြက်လုံးထုတ်ခဲ့တဲ့ ယူနစ်မကောင်းရင် ဖြုတ်ချလဲလှယ်ပစ်ပါဆိုတာတို့၊ ဦးနှောက်မရှိဘဲ လူကြီးလုပ်နေတာတို့၊ လွှတ်တော် ... လိမ်တယ် ... ဆိုတာတို့ ဆိုတဲ့ တစ်ခန်းရပ်ဇာတ်လမ်းတို ဟာသပြက်လုံးတွေနဲ့ ထိုခေတ်က အစိုးရရဲ့အခြေအနေတွေကို သူတို့ မီးမောင်းထိုးပြခဲ့ကြတာကို ရှေးမီနောက်မီ လူကြီးလူရွယ်များအားလုံး သိခဲ့ကြမယ် ထင်ပါတယ်။ ဒီလိုဖြစ်စဉ်တွေအကြားမှာ ယခင် ၁၉၅၈ လောက်ကစပြီး ပါလီမန်ဒီမိုကရေစီစနစ်နဲ့ နှစ်ပေါင်း ၃၀ နီးပါးဝေးကွာခဲ့ရ၊ တစ်ပါတီအာဏာရှင်စနစ်အောက်မှာပဲ ရှင်သန်လုပ်ကိုင်နေခဲ့ရတဲ့လူထုဟာ နိုင်ငံရေးအသိနဲ့အတူ ရှေးယခင် နိုင်ငံလွတ်လပ်ရေး ရပြီးခါစကနေ ၁၀ နှစ်လောက် ကျင့်သုံးဖော်ဆောင်ခဲ့တဲ့ ဒီမိုကရေစီစနစ်ဆီကို ပြန်တောင့်တ၊ ပြန်သွားချင်နေခဲ့ကြတဲ့ အခံဓာတ်က ရင့်သန်နေခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီစနစ်ကို ပြည်သူတွေကပါ ပါဝင်ပြောင်းလဲဖို့ အခွင့်မရခဲ့ကြသလို ကနဦး အစဖော် ကောက်ကြောင်းပေး လှုံ့ဆော်ထောက်ပြသူတွေကိုတောင် ဖမ်းဆီးထောင်ချပြီး အကြောက်တရားနဲ့ ဖိနှိပ်ထားခဲ့တာ သိခဲ့ကြမှာပါပဲ။ ၁၉၈၆ ခုနှစ်လောက်က ဗိုလ်ချုပ်အောင်ဆန်းပုံပါ ၁၀၀ တန် ငွေစက္ကူတွေကို ငွေမည်းကြေညာပြီး အစိုးရက ပြန်သိမ်းခဲ့တာ၊ နောက်တစ်ကြိမ် ၇၅ ကျပ်တန်၊ ၃၅ ကျပ်တန်တွေရယ်ကို ငွေမည်းကြေညာခဲ့တာတွေဟာ ကျေးလက်နေ ပြည်သူကအစ တစ်နိုင်ငံလုံးကို အထိနာစေခဲ့ပြီး အဲ့ဒီအချိန်က နိုင်ငံကိုအုပ်ချုပ်မင်းလုပ်နေတဲ့ အစိုးရအပေါ် ခံစားချက်တွေပြင်းထန်လို့ အကြည်ညိုပျက်ခဲ့ရပြန်ပါတယ်။ ပြည်သူကိုအဆင်ပြေအောင်၊ ဝမ်းဝခါးလှအောင်ထားပေး၊ ကားလမ်း၊ ရထားလမ်းတွေ ကောင်းမွန်အောင်ခင်းပြီး အလုပ်အကိုင်တွေ ဖန်တီးပေး၊ တစ်နေတာဝင်ငွေတွေ တိုးတက်ရရှိအောင် လုပ်ပေး၊ ပြည်ပ၊ ပြည်တွင်းက ထုတ်ကုန်တွေအပေါ် အဖိုးအခနည်းနည်းနဲ့ ရယူဝယ်ယူနေနိုင်အောင်လုပ်ပေး၊ ပြည်သူကို တိုက်တစ်လုံး၊ ကားတစ်စီးဆိုတဲ့ ပြည်တော်သာစီမံကိန်းကို အောင်မြင်အောင်ဖော်ဆောင်ပေး၊ အရည်အသွေး မြှင့်မယ့်ထုတ်ကုန်တွေထုတ်မယ့် စက်ရုံတွေများများတည်ဆောက်၊ အလုပ်ရုံတွေပေါပေါထားပြီး ပြည်သူကိုအလုပ်ပေးကြရမယ့်အစား ပြည်သူတွေ အကျပ်အတည်းဖြစ်စေမယ့် ကိစ္စမျိုးတွေချည်းပဲ ဦးတည်ခဲ့တာဟာ ဒီလို ၈၈၈၈ အရေးတော်ပုံကြီးဖြစ်လာဖို့ လမ်းစတစ်ခုဖြစ်စေခဲ့တာပါပဲ။

ဒါပေမဲ့ ဒီလိုတစ်နိုင်ငံလုံး အုန်းအုန်းကျွက်ကျွက်ဖြစ်ပြီး အရေးတော်ပုံဖြစ်သွားတဲ့အထိတော့ ပြည်သူတွေကရည်ရွယ်ပြီး အစပျိုးခဲ့မှုမျိုးလည်း လုပ်လောက်တဲ့အထိ ဖိနှိပ်မှုတွေအကြားမှာ သတ္တိမရှိခဲ့ကြပြန်ပါဘူး။ ဒါပေမဲ့ ဒီဖြစ်စဉ်ရဲ့အစကတော့ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားတစ်ဖွဲ့ ကျောင်းရှေ့ရပ်ကွက်ထဲက လက်ဖက်ရည်ဆိုင်မှာ သီချင်းဖွင့်နားထောင်ရာကစပြီး ဖြစ်ခဲ့တဲ့ရန်ပွဲကစခဲ့တာလို့ ပြောလို့ရနိုင်ပါတယ်။ ဒီဖြစ်စဉ်ကနေတစ်ဆင့် နိုင်ငံရေးဆိုတာ လုံးဝ စိတ်မဝင်စားခဲ့တဲ့ ပြည်သူတွေထဲအထိ တစ်စတစ်စ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိသွားခဲ့ရာကနေ နောက်ဆုံးမှာတော့ ၈၈၈၈ အရေးတော်ပုံကြီးအထိ တစ်နိုင်ငံလုံးက ရဟန်းရှင်လူ၊ ဝန်ထမ်းတွေကအစ တောရောမြို့ပါမကျန် အားလုံးပါဝင်ချီတက်လို့ နိုင်ငံရေးစနစ်ကိုပြောင်းလဲဖို့၊ စီးပွားရေးတိုးတက်အောင်၊ ပညာရေး၊ ကျန်းမာရေးတို့အတွက် ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့အထိ ဖြစ်ခဲ့ရတာပါ။

၈၈၈၈ အရေးတော်ပုံကြီး ဘာ့ကြောင့်ဖြစ်ခဲ့ရတာလဲ ဆိုတဲ့အချက်ကို အခြေခံကျကျ ပြန်ကောက်ကြည့်ရရင် အပေါ်က ပြောခဲ့တာတွေကိုပဲ တွေ့ကြရမယ်ဆိုတာ ယနေ့ အသက် ၄၅၊ ၅၀ ဝန်းကျင်နဲ့အထက်သူတွေ အားလုံး လက်ခံကြရမယ့်အချက်ပါ။ သာမန်ကျောင်းသားလေးရန်ပွဲက စခဲ့တာတို့၊ ပြည်တွင်းပြည်ပ မြေပေါ်မြေအောက်က အစိုးရကိုဆန့်ကျင်သူတွေက လှုံ့ဆော်ခဲ့တာတို့ဆိုတဲ့ မိမိတို့အစိုးရတွေရဲ့ အားနည်းချက်ကိုဖုံးကွယ်တဲ့ အပြောမျိုးတွေကလည်း ဒီနေ့ဒီအခါမှာ အလုပ်မဖြစ်တော့ပါဘူး။ အမှန်တကယ်လည်း ပြည်သူတွေရဲ့ခံစားချက်၊ ပြောင်းလဲစေချင်ခဲ့တဲ့ နိုင်ငံရေးလမ်းစဉ်၊ စီးပွားရေးမူဝါဒတွေအတွက်ကိုပဲ ဦးတည်လို့ လူထုကိုယ်တိုင် တောင်းဆိုခဲ့ကြတာမို့လည်း ဒီနေ့ ဒီအခြေအနေကို ရောက်ခဲ့ကြတာကိုလည်း အမှန်အတိုင်းပဲ လက်ခံကြရမှာပါပဲ။

အမှန်တကယ်သာ အဲ့ဒီတုန်းက အစိုးရတစ်ရပ်အနေနဲ့ ပြည်သူတွေကို စီးပွားရေး အကျပ်အတည်းမဖြစ်အောင်၊ စက်မှုနိုင်ငံဖြစ်အောင်၊ ပြည်ပနဲ့ ကူးသွားကူးလာလုပ် ပညာတွေသင် တံခါးဖွင့်ဝါဒကျင့်သုံးပြီး ကိုယ့်နိုင်ငံသားတွေ ကမ္ဘာနဲ့ရင်ပေါင်တန်းနိုင်အောင်၊ ကိုယ့်နိုင်ငံသားတွေ အလုပ်အကိုင် အခွင့်အလမ်းတွေအများကြီးရပြီး တစ်နေတာဝင်ငွေတိုးတက်ရရှိနေအောင်၊ ကျွဲ၊ နွားတွေ၊ အထွက်နှုန်းနည်းပြီး ရာသီဥတု၊ ပိုးမွှားဒဏ် မခံနိုင်တဲ့ ခေတ်နောက်ကျတဲ့ မျိုးစေ့တွေသုံးနေရတဲ့ လက်မှုလယ်ယာစနစ်ကနေ စက်မှုလယ်ယာစနစ်ဖြစ်အောင် ကြံဆောင်လုပ်ဆောင်ပေးခဲ့ရင် ဒီလိုအဖြစ်မျိုးတွေ ဖြစ်လာနိုင်မယ် မထင်ပါဘူး။

နောက်တစ်ချက်ကတော့ အဲ့ဒီ ၈၈၈၈ အရေးတော်ပုံကာလတုန်းက ဘယ်သူက ဘယ်လိုဖြစ်ခဲ့တယ်၊ ဘယ်လိုဖိနှိပ် အနိုင်ကျင့်သတ်ဖြတ်ခံခဲ့ကြတယ်၊ ဘယ်လောက်အထိဆိုးရွားခဲ့တယ်၊ ဘယ်သူတွေအပြစ်လုပ်ခဲ့တယ်၊ ဘာတွေဘယ်လိုဆိုတဲ့ ပြသမှု၊ လှုံ့ဆော်မှု၊ ဟောပြောမှုမျိုးတွေ၊ ပုံပြဆောင်ရွက်မှုမျိုး မလုပ်ကြဘဲ ဒီထက်ကျော်လွန်တဲ့အတွေး၊ ဒီထက် ကောင်းမွန်တဲ့ ဆောင်ရွက်ချက်တွေနဲ့ ပြည်သူကရော၊ အစိုးရကပါ၊ နိုင်ငံရေးသမားတွေအစုံက ဒါကို ဒီဖြစ်စဉ်အပေါ် ချဉ်းကပ်သင်ခန်းစာယူ ကြိုးစားကြရမယ့် လမ်းကြောင်းဆီ ဦးတည်စေသင့်ပါပြီ။ ဥပမာအားဖြင့် ၂၀၁၆ ခုနှစ်က ဂျာမနီနိုင်ငံလွှတ်တော်အထဲကို ကျွန်တော်ရောက်ရှိလေ့လာခဲ့တုန်းက တွေ့ခဲ့ရတာလေးတစ်ခုနဲ့ နှိုင်းပြဥပမာပေးပြီး ပြောပြချင်ပါတယ်။

ဒါကတော့ သူတို့နိုင်ငံအနေနဲ့ ဒုတိယကမ္ဘာစစ်မတိုင်မီက ဒီမိုကရေစီစနစ်ကိုကျင့်သုံးခဲ့ကြစဉ် ဖောက်လွှဲဖောက်ပြန်လမ်းစဉ်ကိုလျှောက်ပြီး ဥရောပတွင်မက ကမ္ဘာတစ်ဝန်းကိုပါ စစ်မီးတောက်လောင်စေခဲ့တဲ့ အမတ်တစ်ယောက်အကြောင်းကို နောင်လာနောင်သားတွေ သင်ခန်းစာယူကြရအောင် အဲ့ဒီအမတ်နေရာမှာ ဘာအမည်မှာမရေးဘဲ သူတို့အခေါ် (Black Box) အဖြစ် ချန်လှပ်ထားတာ မြင်ခဲ့ရပါတယ်။ သူတို့ဆိုလိုတာကတော့ အဲ့ဒီအမတ်တစ်ဦးဖြစ်ခဲ့သူ အဒေါ့ဟစ်တလာကို သူတို့ခေတ်သစ်သမိုင်းမှာ နောင်လာနောင်သားတွေ အတုမယူနိုင်အောင် သူတို့သမိုင်းကနေ ဖျောက်ဖျက်ပစ်ထားတယ်လို့ ဆိုလိုချင်တာ။ အခုထိလည်း ဂျာမနီနိုင်ငံရဲ့ပြတိုက်ထဲမှာ နိုင်ငံရေးအစွန်းရောက်အာဏာရှင် အဒေါ့ဟစ်တလာအကြောင်း သမိုင်းကြောင်းကို မသင်ပြ လက်ဆင့်မကမ်းကြတာ မြင်ခဲ့ရတယ်။

ဒီအတွက် နောက်ဆုံးနိဂုံးချုပ်ရရင် ကျွန်တော်တို့နိုင်ငံနဲ့ လူမျိုးတွေအနေနဲ့လည်း ၈၈၈၈ အရေးတော်ပုံဆိုတဲ့အပေါ်မှာ နောက်ကြောင်းပြန်ပမာပြုလို့ လူထုကိုပြောပြကြတဲ့အခါ၊ အခမ်းအနားတွေကျင်းပကြတဲ့အခါ သူ့ကြောင့် ငါ့ကြောင့်ဆိုတဲ့ ဘောင်ကကျော်လွန်ပြီး ဒီအပေါ် အစိုးရနဲ့ ပြည်သူ့အကြား အပြန်ပြန်အလှန်လှန် ထမ်းဆောင်ကြရမယ့်တာဝန်တွေ ကျေပွန်ကြရေးဆီကိုသာ ဦးတည်ပြီး ရှေ့ခရီးကိုဆက်သင့်ကြပြီး ဒီလိုတွေဖြစ်ခဲ့တာ ဘာ့ကြောင့်၊ ဘယ်သူတွေက ဖိနှိပ်နှိမ်နင်း သတ်ဖြတ်ခဲ့ကြတယ်ဆိုတဲ့ အမုန်းတရား အာဃာတတွေဆီ ဦးမတည်ဘဲ အုပ်ချုပ်သူလူတန်းစားဖြစ်တဲ့အစိုးရက အားနည်းခဲ့လို့လား၊ ဘယ်သူက ဘာတာဝန်ရှိခဲ့တာလဲ၊ အစိုးရဆိုတာ ဘာလဲ၊ အစိုးရဆိုတာ ဘာတာဝန်ရှိတာလဲ။ အခုလို ၈၈၈၈ အရေးတော်ပုံလိုမျိုး နောက်ထပ်ဖြစ်မလာအောင် အခုလက်ရှိမှာ နိုင်ငံ့စီးပွားရေးကျ၊ မကျဆိုတဲ့အမေးပုစ္ဆာ၊ လူထုအကြားက အခက်အခဲ အကျပ်အတည်းတွေအတွက် ဘာလုပ်ကြရမလဲ၊ ပြည်သူတွေအပိုင်းကလည်း ဒီမိုကရေစီစနစ်ကို ရေရှည်တည်တံ့စေချင်တယ်၊ ဒီမိုကရေစီစနစ်ကို လိုချင်တယ်ဆိုရင် ဒီမိုကရေစီ ယဉ်ကျေးမှုကြွယ်ဝတဲ့ နိုင်ငံရေးလမ်းစဉ်အတွင်းကနေ မိမိတို့ရဲ့ဆန္ဒကို ဘယ်လိုဖော်ထုတ်ကြမလဲ၊ ဘယ်လိုစည်းကမ်းရှိရမယ်၊ အဲ့ဒီတုန်းကလို အဖျက်အမှောင့်ဆီ ဦးတည်မယ့်လမ်းကြောင်းဆီကိုမရောက်အောင် ဘယ်လိုပြုမူကြရမယ် ဆိုတာတွေကို လက်ရှိနိုင်ငံရေးသမားပါတီပေါင်းစုံက လူတွေ၊ လက်ရှိအာဏာရပါတီရဲ့အစိုးရထဲက သမ္မတကစလို့ ဝန်ကြီးဝန်လေးတွေ၊ နိုင်ငံ့ဝန်ထမ်းတွေအားလုံး၊ ပြည်သူတွေအားလုံးက သတိချပ်ကြ၊ သင်ခန်းစာယူ ပြင်ဆင်ကြရမယ့်အရာသာ ဖြစ်ပါကြောင်း စိတ်ကောင်းစေတနာကောင်းထားပြီး ရေးသားတင်ပြလိုက်ရပါတယ်။

အောင်ဇေယျ



FOLLOW US