News

POST TAGGED AS

ရဲတပ်သား

ဟုမ္မလင်းတွင် ရဲတပ်သားတစ်ဦးက သေနတ်ဖြင့်ပစ်၍ လူငယ်နှစ်ဦး သေဆုံး
ကလေး၊ ဧပြီ ၁၈ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သစ်၌ ဧပြီလ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က သစ်ပါးလွှာ စက်ရုံတစ်ခုရှေ့တွင် ရဲတပ်သားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် လူငယ်နှစ်ဦးသေဆုံးခဲ့ကြောင်း ဟုမ္မလင်းမြို့နယ် ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

ယင်းနေ့က ရွှေပြည်အေးမြို့သစ် ရေကစားမဏ္ဍပ် အနောက်ဘက် ပေ ၁၅၀ ကျော် အကွာအဝေးတွင် ရန်ဖြစ်နေသည်ဟု ကြားသိရသဖြင့် ရွှေပြည်အေးရဲကင်းမှူး ရဲအုပ်ယဉ်ထွေး၊ ဒုတပ်ကြပ် ခိုင်ဇာထွန်းနှင့် သက်သေများသည် ရန်ဖြစ်ရာနေရာသို့ သွားရောက်ဖျန်ဖြေခဲ့ကြောင်း၊ ယင်းသို့ ဖျန်ဖြေသည်ကို လောင်းမင်းကျေးရွာ အုပ်စု စာဖာကျေးရွာနေ ကိုနေလင်းအောင် အသက်၂၀ ခန့်နှင့် ကိုပြည့်ဖြိုးအောင် အသက်၂၄ နှစ်တို့သည် ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုကာ ဆိုင်ကယ်ဖြင့် ထွက်သွားသဖြင့် ၎င်းတို့နောက်သို့ လိုက်လံခဲ့ကြောင်း၊ ယင်းသို့လိုက်ရာတွင် ရဲတပ်ဖွဲ့ဝင်များကို ထပ်မံဆဲဆိုပြီး ဆိုင်ကယ်ဖြင့် မောင်းနှင်ထွက်ပြေးရာ ရွှေပြည်အေးမြို့သစ်ရှိ သစ်ပါးလွှာစက်ရုံရှေ့အရောက်တွင် သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်ရာမှ ဆိုင်ကယ်နောက်တွင် ထိုင်နေသည့် ပြည့်ဖြိုးအောင် ဦးခေါင်းနောက်စေ့ကိုမှန်ပြီး ရှေ့တွင်မောင်းနေသည့် ကိုနေလင်းအောင်၏ ဦးခေါင်းကိုပါ ထပ်မံဆက်လက် ဖောက်ထွက်ခဲ့ပြီး ၎င်းတို့နှစ်ဦးမှာ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ဟုမ္မလင်းမြို့နယ် ရဲစခန်းထံမှ သိရသည်။ 

“သူ့ကိုလည်း ဖမ်းဆီးအချုပ်ထဲ ထည့်ထားပါပြီ။ အခုအမှုကို စပြီးစစ်ဆေးနေပါပြီ”ဟု ဟုမ္မလင်းမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကြည်စိုးက ပြောဆိုသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ လူငယ်နှစ်ဦးကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သူ လ ၂၀၉၉၅၇ ဒုတပ်ကြပ် ခိုင်ဇာထွန်းကို လူသတ်မှုဖြင့် အမှုဖွင့်ကာ ဟုမ္မလင်း မြို့မရဲစခန်းတွင် ချုပ်နှောင်ကာ စတင် စစ်ဆေးနေပြီဖြစ်ကြောင်း ဟုမ္မလင်းမြို့မရဲစခန်းမှ သိရသည်။ 

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ သိရှိနိုင်ရန် ရွှေပြည်အေးရဲကင်းမှူး ရဲအုပ်ယဉ်ထွေးကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားပေးခြင်း မရှိခဲ့ပေ။

R-20



FOLLOW US