News

POST TAGGED AS

ရဲတပ်သား

စစ်ကိုင်းရှေးဟောင်း အစေခံ ခံတပ် အစိုးရက အကြီးစားပြုပြင်ထိန်းသိမ်း


မန္တလေး၊ ဧပြီ ၅

စစ်ကိုင်းမြို့ရှိ အစေခံခံတပ်ကို တိုင်းအစိုးရအဖွဲ့၏ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း ၇၀၀ ကျော်ဖြင့် ပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်နေကြောင်း ယင်းမြို့နယ် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

မတ်လကုန်ပိုင်းကစ၍ ပြုပြင် ထိန်းသိမ်းမှုများ လုပ်နေခြင်းဖြစ်ပြီး ရှေးဟောင်းသုတေသနဌာန၏ ကြီးကြပ်မှုဖြင့် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ ပြည်တွင်းပြည်ပခရီးသွားများ လေ့လာစရာနေရာ ဖြစ်လာစေရန် အဆင့်မြှင့်တင်ရခြင်းဖြစ်ကြောင်း၊ မေလခန့်တွင်လုပ်ငန်း ပြီးစီးမည်ဟု ခန့်မှန်းထားကြောင်း စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းနိုင်က ပြောကြားသည်။

အစေခံခံတပ်ကို ပြုပြင်ထိန်းသိမ်းရာ၌ အစေခံခံတပ်အုတ်တံတိုင်းကို ရှေးမူမပျက် မြေဝါဆေးသုတ်ခြင်း၊ စက်ရေတွင်း တူးဖော်ခြင်းနှင့် ရေကန်တည်ဆောက်ခြင်း၊ ရေပိုက်လိုင်းများသွယ်တန်ခြင်း၊ လျှပ်စစ်မီးလိုင်းများ သွယ်တန်းခြင်း၊ အများသုံးသန့်စင်ခန်း တည်ဆောက်ခြင်း၊ ခံတပ်မြေခင်းအလှပြုပြင်ခြင်းနှင့် ကားရပ်နားကွင်း တည်ဆောက်ခြင်းလုပ်ငန်းများ ပါဝင်မည်ဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

အဆိုပါခံတပ်သည် စစ်ကိုင်းမြို့ ဧမြဝတီရပ်ကွက်တွင်တည်ရှိကာ မင်းတုန်းမင်းလက်ထက် ခရစ်နှစ် ၁၈၇၉ ခုနှစ်တွင် ကင်းဝန်မင်းကြီး၏ တိုက်တွန်းစီမံချက်ဖြင့် ပြည်တွင်း၊ ပြည်ပရန်ကို ကာကွယ်ရန်အတွက် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဆောက်လုပ်ရာတွင် အီတလီ ရေကြောင်းစစ်ဘက်ဌာနမှ ကွန်မိုတိုပဲရီနှင့် မိုလီနာရီတို့ကကြီးကြပ်ကာ မြန်မာအင်ဂျင်နီယာများနှင့် ပူးပေါင်းတည်ဆောက်ခဲ့ကြောင်း၊ အင်းဝဆင်ကျုံးခံတပ်၊ ရွှေကြက်ယက်သပြေတန်းခံတပ်နှင့် အစေခံ ခံတပ်တို့သည် သုံးပွင့်ဆိုင်တြိဂံပုံသဏ္ဌာန် တည်ရှိကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။

စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီအနေနှင့် စစ်ကိုင်းမြို့ရှိ ကနောင်မင်းသားကြီး တည်ထောင်ခဲ့သော သံရည်ကျိုစက်ရုံကို မတ်လဆန်းကစ၍ ရှေးမှုမပျက် ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်လျက်ရှိရာ လက်ရှိတွင် ၇၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း ယင်းကော်မတီထံမှ ထပ်မံသိရသည်။ 

M-05




FOLLOW US