News

POST TAGGED AS

ရဲတပ်ဖွဲ့

14-May-2017

ရဲတပ်ဖွဲ့
ကြီးမားသော ရာဇဝတ်မှုခင်းကြီးများ မဖော်ထုတ်နိုင်ခြင်း နည်းပညာ အားနည်းမှုကြောင့်ဟုဆို
ရန်ကုန်၊ မေ ၁၃ 

မင်္ဂလာဒုံမြို့နယ်၊ လေးလောင်းပြိုင် လူသတ်မှု၊ ကြည့်မြင်တိုင်မြို့နယ် နေ့ခင်းကြောင်တောင် ပြန်ပေးဆွဲမှု အပါအဝင် ကြီးမားသော ရာဇဝတ်မှုခင်းကြီးများ မဖော်ထုတ်နိုင်ခြင်းမှာ ရဲတပ်ဖွဲ့တွင် နည်းပညာ အားနည်းမှုကြောင့် ဖြစ်ကြောင်း ရဲမှူးချုပ် ဝင်းခေါင် (ငြိမ်း) က ပြောကြားလိုက်သည်။

ပုဇွန်တောင်မြို့နယ် Orchid Hotel တွင် မေလ ၁၃ ရက် နေ့လယ်ပိုင်းက ‘မြန်မာနိုင်ငံရဲတပ်ဖွဲ့ စွမ်းဆောင်ရည်မြှင့်တင်ရေးနဲ့ ရှေ့အလားအလာ’ ခေါင်းစဉ် ဖြင့်ပြုလုပ်ခဲ့သည့် ဒီဗီဘီဒီဘိတ်တွင် ပြောကြားသည်။

“ရဲတပ်ဖွဲ့မှာက နည်းပညာ အားနည်းမှုတွေ ရှိတယ်၊ DNA စက်ဆိုတာက တခြားနိုင်ငံတွေမှာ ဆယ်စုနှစ်ချီ ရှိနေပြီ၊ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကမှ ရောက်တာ၊ နေ့ခင်းကြောင်တောင် ဖြစ်သွားတာဆိုရင် လူအုပ်ကြားကြီးထဲမှာ အားလုံးက တွေ့နေတာပဲ၊ ရဲကရောက်သွားမှ ပုံကြမ်းဆွဲတုန်းဆိုတာ မဖြစ်သင့်ဘူး” ဟု ၎င်းက သုံးသပ်ပြောကြားသည်။

ရဲတပ်ဖွဲ့ဝင်များ စွမ်းရည်ကျဆင်းလာရခြင်းမှာ စီမံခန့်ခွဲမှု အားနည်းခြင်းကြောင့် ဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့တွင် အရေအတွက်ထက် အရည်အချင်းရှိဖို့ လိုအပ်ကြောင်း၊ ရဲလုပ်ငန်းသည် ပရဟိတလုပ်ငန်း ဖြစ်သည့်အတွက် စိတ်ဓာတ်ကောင်းမွန်သော၊ ဆက်ဆံရေး ပြေပြစ်သော ရဲအရာရှိများ မြောက်မြားစွာရှိမှ ပြုပြင်ပြောင်းလဲရေးလုပ်ငန်း အောင်မြင်နိုင်မည် ဖြစ်ကြောင်း ရဲမှူးချုပ်ဝင်းခေါင် (ငြိမ်း) က ပြောကြားသည်။

“အခုဖြစ်နေတာက သားကျူးလွန်တဲ့ကိစ္စကို အဖေကိုတိုင်တယ်၊ အဖေက ဘာမှအရေးယူမှု မလုပ်ဘူး၊ ဒီသဘော ဖြစ်နေတယ်၊ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ မြို့နယ်တွေအလိုက်မှာ တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်တွေရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ခေါင်းဆောင်ပြီးတော့ လွတ်လပ်တဲ့ ယန္တရားတွေ ဖွဲ့စည်းထားမယ်ဆိုရင် အကျင့်ပျက်နေတဲ့ အချို့ရဲတွေက ထိန်းချုပ်စောင့်ကြည့်နေတဲ့ အဖွဲ့တွေ ရှိနေပါလားဆိုပြီး ကြောက်သွားနိုင်တယ်၊ အဲ့ဒီအဖွဲ့က ရဲတွေရဲ့ လုပ်ပိုင်ခွင့်ကို ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘဲ စောင့်ကြည့်သွားဖို့ပါပဲ” ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာညိုညိုသင်းက ပြောဆိုသည်။ 

ရဲတပ်ဖွဲ့၏ လုပ်ဆောင်ချက်များကို ထိန်းကျောင်းစောင့်ကြည့်သည့်အဖွဲ့ ဖွဲ့ရာတွင် ရပ်မိရပ်ဖများ၊ ရပ်ရွာမှ ကြည်ညိုလေးစားရသောသူများ၊ တရားရေးနှင့် ပတ်သက်ပြီး နားလည်သိရှိသူများ၊ ရဲဝန်ထမ်းဟောင်းများ၊ လွှတ်တော်ကိုယ်စားလှယ်များ အစရှိသည့် ပုဂ္ဂိုလ်များ ပူးပေါင်း၍ ဖွဲ့စည်းဆောင်ရွက်သင့်ကြောင်း၊ ယင်းအဖွဲ့မှ ထပ်မံကျူးလွန်ပါက ပြည်သူလူထုမှ တိုင်ကြားအရေးယူရမည် ဖြစ်ကြောင်း ရဲမှူးချုပ် ဝင်းခေါင် (ငြိမ်း) က  အကြံပြုသည်။ 

အဆိုပါ ဆွေးနွေးပွဲတွင် အငြိမ်းစားရဲမှူးချုပ်နှင့်အတူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာညိုညိုသင်းနှင့် တကောင်းနိုင်ငံရေးလေ့လာမှုအဖွဲ့မှ ဘုတ်အဖွဲ့ဒါရိုက်တာ ဦးရဲမျိုးဟိန်းတို့ ပါဝင်ခဲ့ကြပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ စွမ်းဆောင်ရည် မြင့်မားလာစေရန် အဂတိလိုက်စားမှုများ ပြုလုပ်နေ သည့် ရဲတပ်ဖွဲ့ဝင်အချို့ကို စောင့်ကြည့်ကာ ထောက်ပြပြောဆိုနိုင်ရန် စောင့်ကြည့်လေ့လာရေး အဖွဲ့အစည်းတစ်ခုဖြင့် ဖွဲ့စည်းဆောင်ရွက်ရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ အတွင်းရှိ အချို့သော ရဲတပ်ဖွဲ့ဝင်များမှာ နယ်မြေအတွင်းရှိ လူမိုက်များနှင့် ပေါင်းသင်းပြီး ယင်းလူမိုက်များ၏ ပြစ်မှုကျူးလွန်မှုများကို မျက်ကွယ်ပြုခြင်း၊ ချဲ၊ နှစ်လုံးထီ၊ လောင်းကစား စသည့် ဒုစရိုက်လုပ်ငန်းများမှ ငွေကြေးရယူကာ တရားဝင်သဖွယ် လုပ်ကိုင်မှုများကို မျက်ကွယ်ပြုနေခြင်းများ ရှိနေပြီး ၎င်းတို့ကို စောင့်ကြည့်အရေးယူနိုင်ရန်အတွက် ၁၉၉၄ ခုနှစ် ဝန်းကျင်ခန့်က ရဲတပ်ဖွဲ့ စီမံခန့်ခွဲရေး ပြုပြင်ပြောင်းလဲရေးကော်မတီဟု ဖွဲ့စည်းကာ ဆောင်ရွက်ခဲ့သော်လည်း အကြောင်းကြောင်းကြောင့် ဆောင်ရွက်မှု အရှိန်လျော့နည်းခဲ့ရကြောင်း ယင်းဆွေးနွေးပွဲထံမှ သိရသည်။

“နည်းပညာ အားနည်းတဲ့အတွက် နိုင်ငံတကာနဲ့ယှဉ်ရင် ဒီက ရဲတွေက သုံးဆ ပိုအလုပ်လုပ်ရတယ်၊ တခြားနိုင်ငံက ရဲတွေ အလုပ်လုပ်ရတယ်ဆိုတာ တစ်နေ့မှ ရှစ်နာရီပဲ။ ဒီမှာက ၂၄ နာရီ အလုပ်လုပ်နေရတာ၊ နည်းပညာနဲ့ ပတ်သက်လို့ အခုနောက်ပိုင်းတော့ တဖြည်းဖြည်း မြှင့်တင်ပေးနေပါတယ်၊ နည်းပညာပြောရင် CCTV မှတ်တမ်း၊ DNA စစ်ဆေးတာတွေအပြင် တခြားမသိနိုင်သေးတဲ့ နည်းပညာတွေ အများကြီးရှိတယ်၊ အခုဆိုရင် ရဲတပ်ဖွဲ့ စွမ်းရည်မြင့်တက်လာဖို့ EU ကနေ လူစုလူဝေး ဖြိုခွဲနည်း၊ ဖမ်းဆီးနည်းတွေအပြင် နိုင်ငံခြားကို လေ့လာရေး စေလွှတ်တာတို့ လုပ်ဆောင်နေပါပြီ” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အကြီးတန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။

J 16



FOLLOW US