News

POST TAGGED AS

ရဲတပ်ဖွဲ့

17-Jan-2017

ရဲတပ်ဖွဲ့
YBS ဆိုင်းဘုတ် ဖျက်ဆီးသူနှစ်ဦးကို ဖမ်းမိ
ရန်ကုန်၊ ဇန်နဝါရီ ၁၇

YBS ယာဉ်လိုင်းများ စတင်ပြေးဆွဲသည့် ဇန်နဝါရီ ၁၆ ရက် ညတွင် ကားမှတ်တိုင်ရှိ ခရီးသွားလမ်းညွှန် ဆိုင်းဘုတ်များအား ဖျက်ဆီးခဲ့သော အမျိုးသားနှစ်ဦးကို မရမ်းကုန်းမြို့နယ်နှင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တို့တွင် ရဲတပ်ဖွဲ့က ဖမ်းမိခဲ့သည်။

ဖမ်းမိခဲ့သူ နှစ်ဦးမှ လှိုင်သာယာမြို့နယ်တွင် နေထိုင်သော အသက် ၂၅ နှစ် အောင်စိုးမှာ ဇန်နဝါရီလ ၁၆ ရက် ည ၈ နာရီခွဲက မရမ်းကုန်းမြို့နယ် သမိုင်းဘူတာရုံလမ်းရှိ ဈေးဘူတာ ကားမှတ်တိုင်တွင် စိုက်ထူထားသော YBS လမ်းညွှန်ဆိုင်းဘုတ်ကို ဖျက်ဆီးခဲ့ကြောင်း ဘုရင့်နောင်နယ်မြေ ရဲစခန်းထံမှ သိရသည်။

အလားတူ ယင်းည ၁၁ နာရီက ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပြည်ထောင်စုလမ်းရှိ ဧရာဝတီဘဏ်အနီး YBS ခရီးသွားလမ်းညွှန် ဆိုင်းဘုတ်ကို အရက်မူးနေသော ဒဂုံအရှေ့မြို့သစ်တွင် နေထိုင်သူ အသက် ၄၁ နှစ် ဇော်မင်းထွန်း (ခ) ဝင်းဦးက ဆွဲဖြုတ်ဖျက်ဆီးခဲ့သောကြောင့် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

YBS ခရီးသွားလမ်းညွှန် ဆိုင်းဘုတ်ဖျက်ဆီးသူ နှစ်ဦးကို သက်ဆိုင်ရာ နယ်မြေရဲစခန်းတွင် ၁၉၄၇ ခုနှစ်၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေး အက်ဥပဒေ ပုဒ်မ ၆(၁) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့၏ ရန်ကုန်ဘတ်စ်ကား ဝန်ဆောင်မှု YBS ခရီးသွားလမ်းညွှန် ဆိုင်းဘုတ်များကို မလျော်ကန် ဖျက်လိုဖျက်ဆီး ပြုလုပ်သူများကို ရဲတပ်ဖွဲ့မှ ထိရောက်စွာ အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ထုတ်ပြန်ကြေညာလိုက်သည်။

ဇန်နဝါရီ ၁၅ ရက်က လှိုင်သာယာမြို့နယ် ဗိုလ်ချုပ်ကားမှတ်တိုင်တွင် စိုက်ထူထားသည့် YBS ခရီးသွားလမ်းညွှန် ဆိုင်းဘုတ်ကို ဖျက်ဆီးခဲ့သော ယင်းမြို့နယ် အမှတ် (၅) ရပ်ကွက်တွင် နေထိုင်သည့် လူငယ်သုံးဦးကို ဖမ်းမိခဲ့သည်။

ဓာတ်ပုံ -  Yangon Police





FOLLOW US