News

POST TAGGED AS

ရုရှား

25-Dec-2016

ရုရှား တူရကီ
ရုရှားသံအမတ်ကြီး သတ်ဖြတ်ခံရခြင်း

သံအမတ်ကြီး သတ်ဖြတ်ခံရမှုကြောင့် ရုရှားနှင့် တူရကီကြား ပိုမိုနီးကပ်သွားနိုင်သည်။

ဒီဇင်ဘာ ၁၉ ရက်နေ့ တူရကီမြို့တော် အန်ကာရာရှိ ပန်းချီပြခန်းတစ်ခုတွင် ရုရှားသံအမတ်ကြီး အန်ဒရီ ခါလော့  မိန့်ခွန်းပြောကြားနေစဉ် ၎င်း၏နောက်၌ လုံခြုံရေး အဖွဲ့ဝင်တစ်ဦးအဖြစ် ဟန်ဆောင်ရပ်နေသူတစ်ဦးက သံအမတ်ကြီးကို နောက်ကျောမှနေ၍ ပစ်သတ်ခဲ့သည်။ ဆီးရီးယားနိုင်ငံတွင်း ရုရှားနိုင်ငံ ပြုမူလျက်ရှိသည့် စစ်ရာဇဝတ်မှုများကို လက်စားချေသည့် အနေနှင့် သံအမတ်ကြီးကို သတ်ဖြတ်ခြင်း ဖြစ်သည်ဟု လူသတ်သမား ဖြစ်သူ ဂျူတီချိန်ပြင်ပ တူရကီ ရဲအရာရှိက ပြောကြားသွားသည်။ “ငါတို့ အလတ်ပိုမှာ သေနေရတယ်။ မင်း ဒီမှာ သေတော့” ဟု လူသတ်သမားက ဟစ်ကြွေးခဲ့သည်။ 

ထို့အပြင် လူသတ်သမားကို အခြားသော ရဲအရာရှိတစ်ဦးက သတ်ဖြတ်ခြင်း မပြုခင်တွင် တမန်တော် မိုဟာမက်ကိုလည်း ဆုတောင်းသွားသည်ဟု သတင်းများ ပေါ်ထွက်လျက် ရှိသည်။ ဆီးရီးယားသမ္မတ အာဆတ်ကို ထောက်ပံ့ပေးသည့် ရုရှား၏ စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ တူရကီနိုင်ငံတစ်ဝန်း ငြိမ်းချမ်းစွာ ပေါ်ပေါက်နေစဉ်တွင် ရုရှားသံအမတ်ကြီး လုပ်ကြံသတ်ဖြတ်ခံလိုက်ရခြင်း ဖြစ်သည်။

ယင်းသတ်ဖြတ်မှုကို ‘ရန်စမှု’ ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တူရကီသမ္မတ ရေကတ်တေရစ်အာဒိုဂန်တို့က ခေါ်ဆိုလိုက်ပြီး အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး ပိုမိုပူးပေါင်းဆောင်ရွက်သွားမည်ဟု ကတိပြုလိုက်သည်။ ထို့အပြင် သတ်ဖြတ်မှုကြောင့်  နှစ်နိုင်ငံ ဆက်ဆံရေး ‘ထိခိုက်ခံလိမ့်မည်’ မဟုတ်ဟု တူရကီ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။ 

လုပ်ကြံသတ်ဖြတ်ခံလိုက်ရသည့် သံအမတ်ကြီး ခါလော့ကို ၂၀၁၃ ခုနှစ်တွင် အန်ကာရာသို့ တာဝန်ချထားခဲ့ခြင်း ဖြစ်ပြီး ရုရှားတိုက်လေယာဉ် တစ်စင်းကို ၂၀၁၅  ခုနှစ် နိုဝင်ဘာလတွင် ဆီးရီးယားနယ်စပ်၌ တူရကီလေတပ်က ပစ်ချလိုက်ပြီးသည့် နောက်တွင်ပင် အန်ကာရာ၌ ဆက်လက် တာဝန်ထမ်းဆောင်ခဲ့သည်။ ရုရှားစစ်လေယာဉ် ပစ်ချခံရမှုအတွက် တူရကီသမ္မတ အာဒိုဂန်က ရုရှားသမ္မတကို ပြီးခဲ့သည့် နွေရာသီတွင် တောင်းပန်ခဲ့သည်။ ယင်းနောက်ပိုင်းမှ စတင်ပြီး နှစ်နိုင်ငံကြား ပူးပေါင်းမှု တိုးပွားလာပြီး ရေနံပိုက်လိုင်း သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးခဲ့သလို စီးပွားရေး ဆက်ဆံမှုကိုလည်း တိုးမြှင့်ခဲ့သည်။

ဆီးရီးယားအရေးနှင့် ပတ်သက်ပြီးလည်း ဘုံအကျိုးစီးပွား ရှိသည့် နယ်ပယ်များကို ရှာတွေ့ခဲ့ကြသည်။ ယင်းမှာ လွယ်ကူသည့် တာဝန်မဟုတ်ပေ။ စစ်ပွဲ စတင်ကတည်းက သမ္မတအာဆတ်ကို ဆန့်ကျင်သည့် အစ္စလာမ်မစ် သူပုန်များကို တူရကီက အကူအညီပေးခဲ့သည်။ ယင်းသူပုန်များကို ရုရှားစစ်လေယာဉ်များ ဗုံးကြဲတိုက်ခိုက်နေသည်မှာ တစ်နှစ်ကျော်ပြီ ဖြစ်သည်။ သို့သော်လည်း ရုရှား၏ ဆောင်မမှုဖြင့် အာဒိုဂန်၏ တပ်ဖွဲ့ဝင်များ ဆီးရီးယားမြောက်ပိုင်းသို့ ပြီးခဲ့သည့်  သြဂုတ်လတွင် ဝင်ရောက်ကာ နယ်စပ်ဒေသရှိ အစ္စလာမ်မစ် နိုင်ငံတော် စစ်သွေးကြွများနှင့် ကာ့ခ်တိုက်ခိုက်ရေးသမားများကို တိုက်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ မကြာသေးခင်ကလည်း အလတ်ပို အရှေ့ပိုင်းဒေသတွင် အပစ်အခတ်ရပ်စဲမှု ရရှိရေး၊ ဆီးရီးယားအစိုးရနှင့် မဟာမိတ်တပ်များ ဝန်းရံပိတ်ဆို့ ခံထားရသည့် နယ်များမှ လူများကို ကယ်ထုတ်ရေး သဘောတူညီခဲ့ကြသည်။

လက်ရှိအချိန်ထိမူ လူသတ်သမားက မည်သည့်ရည်ရွယ်ချက်ဖြင့် ခါကော့ကို သတ်ဖြတ်သွားကြောင်း ရှင်းလင်းစွာ မသိရသေးပေ။ လူသတ်သမား ကြွေးကြော်ထားသည့်အတိုင်း ဆီးရီးယားတွင် ဝင်ရောက်စွက်ဖက်သည့် ရုရှား လုပ်ဆောင်ချက်ကို လက်စားချေသည့် အနေနှင့် လုပ်ဆောင်သလား၊ ရုရှားနှင့် တူရကီ အရာရှိများ သုံးသပ်ထားသည့်အတိုင်း နှစ်နိုင်ငံ ဆက်ဆံရေး ထိခိုက်အောင် လုပ်ဆောင်သလား၊ သို့မဟုတ် တစ်ကိုယ်တော် လုပ်ဆောင်သလား မသဲကွဲသေးပေ။ အချို့သော တူရကီ အရာရှိများကမူ ဂူလန်လှုပ်ရှားမှုကို ချက်ချင်းပင် လက်ညှိုးထိုးခဲ့သည်။ ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့သည့် လူပေါင်း ၂၇၀ သေဆုံးခဲ့သည့် မအောင်မြင်သော စစ်အာဏာသိမ်းမှုကို အဆိုပါ ဂူလန် လှုပ်ရှားမှုက ဦးဆောင်သည်ဟု စွပ်စွဲခံနေရသည်။

သံအမတ်ကြီးများသည် သက်ဆိုင်ရာ နိုင်ငံများကို ကိုယ်စားပြုသူများ ဖြစ်သဖြင့် ပစ်မှတ်ထား ခံရလေ့ရှိခြင်း ဖြစ်သည်။ အဆိုပါ နိုင်ငံ၏ မူဝါဒကို မကျေနပ်သူများက သံအမတ်ကြီးများကို တိုက်ခိုက်လေ့ရှိသည်။ ၁၉၆၈ နှင့် ၁၉၇၉ ခုနှစ်တွင်း အမေရိကန် သံအမတ်ကြီး ငါးဦး တာဝန်ထမ်းဆောင်နေစဉ်တွင်း သတ်ဖြတ်ခံခဲ့ရပြီး ယင်းတို့အနက် သုံးဦးမှာ အရှေ့အလယ်ပိုင်းဒေသ၊ တစ်ဦးမှာ ဆိုက်ပရပ်စ်နှင့် တစ်ဦးမှာ ဂွာတီမာလာတွင် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်။  တူရကီနိုင်ငံတွင်လည်း သံအမတ်ကြီးများ သတ်မှတ်ခံရမှု စာရင်းရှည်ကြီး ရှိသည်။ ၁၉၇၃ နှင့ ၁၉၉၄ ခုနှစ် များတွင် သံအမတ်ကြီး လေးဦးကို အာမေးနီးယား စစ်သွေးကြွ အဖွဲ့အစည်းများက  လုပ်ကြံသတ်ဖြတ်ခဲ့ကြသည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀ ခန့်က အာမေးနီးယားများကို တူရကီတို့ လူမျိုးတုန်း သတ်ဖြတ်ခဲ့သည် ဆိုသော ဖြစ်ရပ်ကို လက်စားချေသည့် အနေနှင့် ယင်းသို့ သတ်ဖြတ်ခြင်း ဖြစ်သည်။ ၁၉၈၁ ခုနှစ်တွင်လည်း လက်ဘနွန် ပြည်တွင်းစစ်တွင် ပြင်သစ် ဝင်ရောက် ပါဝင်ပတ်သတ်မှုကြောင့် ပြင်သစ်သံအမတ်ကြီး လက်ဘနွမ်မြို့တော် ဘေရွတ်တွင် သတ်ဖြတ်ခံခဲ့ရသည်။

ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍မူ ရုရှားသည် လွန်စွာကံကောင်းသည်။ ၁၈၂၉ ခုနှစ်တွင် တီဟီရန်မြို့တော်ရှိ ရုရှားသံအမတ်ကြီး အလတ်ဇန်းဒါးဂရီဘိုဒေါ့ အဓိကရုဏ်းတစ်ခုတွင်း သတ်ဖြတ်ခံခဲ့ရသည်။  ပါရှားနှင့် စစ်ပွဲအပြီးတွင် ရုရှားတို့ အလွန်အကျွံ သြဇာလွှမ်းမိုးလာမှုနှင့် မောက်မာလာမှုကို မကျေနပ်သဖြင့် အဓိကရုဏ်း ဖြစ်ပွားရခြင်း ဖြစ်သည်။ ယင်းနောက်တွင် ရုရှား သံအမတ်ကြီးများကို ရုရှားဖြူ အရာရှိများကသာ လုပ်ကြံသတ်ဖြတ်ခဲ့ကြသည်။ ဗော်ရှီဗစ်များ အာဏာရသွားခြင်းကို မကျေနပ်သဖြင့် ရုရှားဖြူများက ယင်းသို့ လုပ်ဆောင်ခြင်း ဖြစ်သည်။ ၁၉၂၃ ခုနှစ်တွင် ဆွစ်ဇာလန်၌ ဝါရောစကီး၊ ၁၉၂၇ ခုနှစ်တွင် ပိုလန်၌ ဗိုကော့တို့ သတ်ဖြတ်ခံလိုက်ရသည်။ ၂၀ ရာစု၏ ကျန်ကာလများတွင်မူ ဆိုဗီယက်ပြည်ထောင်စု၌ ကမ္ဘာလုံးချီ ပထဝီ နိုင်ငံရေး ရည်မှန်းချက်များ ရှိနေသော်လည်း ဆိုဗီယက် သံတမန်များ အေးအေးဆေးဆေး နေထိုင်ခွင့် ရရှိခဲ့သည်။ ဖြစ်နိုင်သည်မှာ သံတမန်များ၏ လုံခြုံရေးကို ဆိုဗီယက်က အလွန်အကျွံ အရေးပေးပြီး သံရုံးများကို ခံတပ်များအဖြစ် ပြောင်းလဲခဲ့သလို သံအမတ်ကြီးများကို အသေးစိတ် ကာကွယ်ပေးခဲ့ခြင်းကြောင့် ဖြစ်မည်။ အခြားသော ဖြစ်နိုင်ခြေတစ်ခုမှာ အနောက်သံတမန်များကို သတ်ဖြတ်လေ့ ရှိသည့် အကြမ်းဖက် အင်အားစုများနှင့်အတူ ဆိုဗီယက် ရပ်တည်ခဲ့ခြင်းကြောင့်လည်း  ဖြစ်မည်။

သို့သော် လက်ရှိတွင် ရုရှားသည် ယင်းတို့ မရင်းနှီးသည့် အနေအထား တစ်ရပ်နှင့် ကြုံနေရပြီ ဖြစ်သည်။ ရုရှားသည် အနောက်တိုင်းဘက်မှ ကြည့်ပါက အနောက်နိုင်ငံ မဟုတ်သော်လည်း ရာနှင့်ချီသည့် အစ္စလာမ်မစ် အုပ်စုများဘက်မှ ကြည့်ပါက အနောက်နိုင်ငံ တစ်ခုဟု သတ်မှတ်နိုင်သည့် နိုင်ငံတစ်ခု ဖြစ်သည်။ အချို့သော အကြမ်းဖက် အုပ်စုများသည် ရုရှားနှင့် အမေရိကန်ကို ညီတူညီမျှ မှန်းတီးလျက်ရှိပြီး အချို့က နိုင်ငံတစ်နိုင်ငံကို အခြားသော နိုင်ငံထက် ပိုမုန်းလျက် ရှိသည်။ ရုရှားသံအမတ်ကြီးကို လုပ်ကြံသတ်ဖြတ်ခဲ့သည့် တူရကီ ရဲအရာရှိသည် ဆီးရီးယား သူပုန်များကို ခိုင်မာစွာ ထောက်ခံသည့်သူ ဖြစ်သည်။ ဆီးရီးယားအရေးတွင် ဝင်ရောက်စွက်ဖက်မှုသည် အမေရိကန်ကို တန်ပြန်ရန် ဖြစ်သည်ဟု ရုရှားတို့ ယူဆကြမည် ဖြစ်သော်လည်း အစ္စလာမ်မစ်များ အတွက်မူ ယင်းမှာ အခြားသော ခရူးဆိတ် နိုင်ငံတစ်ရပ် တိုးပွားလာမှုပင် ဖြစ်သည်။

ရုရှားသံအမတ်ကြီး သတ်ဖြတ်ခံရမှုသည် ရုရှားသမ္မတ ပူတင်၏ ပိုမိုရန်လိုလာမှု၊ တူရကီသမ္မတ အာဒိုဂန်၏ အစ္စလာမ္မစ် တန်ဖိုးများ မြှင့်တင်လာမှု၊ သံအမတ်ကြီးတွင် လုံခြုံရေး အစီအစဉ် ကင်းမဲ့နေမှုတို့ကြောင့်ဟု အမျိုးမျိုး ပြောကြားနိုင်မည် ဖြစ်သည်။

ကျယ်ပြန့်စွာ ပြောရမည်ဆိုပါ အရှေ့အလယ်ပိုင်းဒေသတွင် ဝင်ရောက်စွက်ဖက်နေသည့် အနောက်ပိုင်းနိုင်ငံများသည် ၁၉၇၀ နှင့် ၈၀ ပြည့်လွန်နှစ်များတွင် ၎င်းတို့ကြုံတွေ့ခဲ့ရသည့် အန္တရာယ်ကို ပြန်လည်ရင်ဆိုင်နေရပြီ ဖြစ်သည်။ ယင်းကာလတွင် သံအမတ်ကြီးများစွာ လုပ်ကြံ သတ်ဖြတ်ခံခဲ့ရသည်။ အရှေ့အလယ်ပိုင်း ဒေသသည် နေရပ်စွန့်ခွာနေရသူ သန်းပေါင်းများစွာ၏ ယမ်းအိုးတစ်ခု ဖြစ်လာပြီ ဖြစ်သည်။ ယင်းတို့သည် ဝင်ရောက်စွက်ဖက်နေသည့် နိုင်ငံခြားတိုင်းပြည်များကို မလိုမုန်းထားနေသူများ ဖြစ်သလို အကြမ်းဖက်အုပ်စုများ လူသစ်လာစုပါကလည်း စိတ်မပါလက်မပါနှင့် ခေါင်းညိတ်နိုင်သူများ ဖြစ်သည်။ ယင်းသည် လောကီသီးသန့်ကမ္ဘာမှ ကိုယ်စားလှယ်အားလုံး ပစ်မှတ်ထားခံရနိုင်သည့် စစ်ပွဲတစ်ပွဲ ဖြစ်သည်။

နိုင်ငံခြား ကိုယ်စားလှယ်အဖွဲ့တစ်ခု တူရကီမြေပေါ်တွင် ပထမဆုံးအကြိမ် သတ်ဖြတ်ခံလိုက်ရမှုသည် ပိုမိုကျယ်ပြန့်သည့် သက်ရောက်မှုများ ပေါ်ပေါက်လာနိုင်သည်။ တူရကီ လုံခြုံရေးတပ်ဖွဲ့မျာနှင့် ကာ့ခ်သောင်းကျန်းသူများကြား ယိုင်နဲ့သော အပစ်အခတ်ရပ်စဲမှုကို အစ္စလာမ္မစ် နိုင်ငံတော် စစ်သွေးကြွ အသေခံ ဗုံးခွဲသမားများက ကူညီဖြိုလှဲလိုက်သည့် ၂၀၁၅ ခုနှစ်မှ စတင်ပြီး တူရကီသည် အကြမ်းဖက် သံသရာတွင် တဝဲလည်လည် ဖြစ်နေခြင်း ဖြစ်သည်။ အနောက်တိုင်းနိုင်ငံများသည်  ရုရှားနှင့် တူရကီကြား ပူးပေါင်းမှု အတိုင်းအတာကို အမြဲစိုးရိမ်ခဲ့ကြသည်။ သို့သော်လည်း ယင်းပူးပေါင်းမှု မပျက်စီးပါစေနှင့်ဟု ဆုတောင်းရန် အကြောင်းတရားလည်း ရှိနေသေးသည်။ တင်းမာမှုများ လျှော့ချရန် ရုရှားနှင့် တူရကီ strongmen နှစ်ဦးစလုံးက ၎င်းတို့ အတတ်နိုင်ဆုံး ကြိုးပမ်းနေသည့် ပုံပေါ်နေသည်။ ၎င်းတို့ကြား ဆက်ဆံမှုသည် သံအမတ်ကြီး သေဆုံးသွားပြီးနောက် ပိုမိုခိုင်မာစွာ ပေါ်ထွက်လာနိုင်သည်။ အင်္ဂါနေ့တွင်မူ လုပ်ကြံခံလိုက်ရသည့် သံအမတ်ကြီးအတွက် အမှတ်တရ ပန်းစည်းများကို ရုရှားနှင့် တူရကီ နိုင်ငံခြားရေးဝန်ကြီးများက မော်စကို မြို့တော်တွင်  ချခင်းခဲ့ကြသည်။  

ကိုးကား - The Economist, Chicago Tribune
ချမ်းမြေ့



FOLLOW US