News

POST TAGGED AS

ရုရှား

27-Jan-2018

အစိုးရ NLD
NLD အစိုးရရဲ့ ၂ နှစ်သား ဥပေဒေပြုရေးအဖွဲ့ ဘယ်အထိ ခရီးပေါက်ခဲ့ပြီးပြီလဲ
၂၀၁၆ ဖေဖော်ဝါရီလ ၁ ရက်နေ့က စတင်ခဲ့တဲ့ NLD အစိုးရ လွှတ်တော်များရဲ့သက်တမ်းဟာ အခုလာမယ့် ဇန်နဝါရီလကုန်ရင် ၂ နှစ်တာကာလ ပြည့်မြောက်တော့မှာဖြစ်ပါတယ်။ ၂ နှစ်တာကာလလို့သာ ဆိုပေမယ့်လည်း သက်တမ်းငါးနှစ်လို့ သတ်မှတ်ထားတဲ့ သူ့တို့သက်တမ်းဟာ အမှန်ဆိုရင် တစ်ဝက်ကျိုးနေပြီလို့ ပြောလို့ရနိုင်ပါတယ်။ ဘာဖြစ်လို့ ဒီလိုပြောရသလဲဆိုတော့ သူတို့သက်တမ်း ၄ နှစ်ကျော်လာပြီဆိုတာနဲ့ နောင်သက်တမ်းအတွက် ပြုလုပ်မယ့် ရွေးကောက်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ကြဖို့ ဆိုင်ရာမဲဆန္ဒနယ်မြေတွေကို စည်းရုံးရေးဆင်းတာ၊ ရွေးကောက်ပွဲ အကြိုစည်းရုံးရေးကာလ သတ်မှတ်ပေးတာနဲ့ ရွေးကောက်ပွဲ ဝင်ပြိုင်ကြရတာတွေဟာ ဒီလွှတ်တော်သက်တမ်း ငါးနှစ်အတွင်းမှာသာ ဆောင်ရွက်ကြရလို့ဖြစ်ပါတယ်။ ဒါကြောင့်သာ ပြည်သူတွေအတွက် တကယ်ထိထိရောက်ရောက် ဥပဒေပြုပေးနိုင်တာ၊ ပြည်သူကို ကိုယ်စားပြုပြီး အုပ်ချုပ်ရေးအဖွဲ့နဲ့ တရားစီရင်ရေးအဖွဲ့တွေကို ထိန်းကျောင်းပေးတာ စတဲ့လုပ်ငန်းတွေဟာ အမှန်တကယ် လေးနှစ်ကျော်ကျော်သာ အချိန်ရကြတဲ့သဘောပါပဲ။ ဒါကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေအရ ဒီလိုတွေ ပါဝင်ပြဋ္ဌာန်းထားကြတာမို့လည်း ဒီလိုဖြစ်နေကြရတဲ့ ပုံစံလို့ ပြောလို့ရနိုင်ပါတယ်။

ဒီနေရာမှာ အခြားဥရောပနိုင်ငံတွေလိုမျိုးဆိုရင် သက်တမ်း ၅ နှစ်ဆိုတာ အဲ့ဒီကာလအတွင်းမှာကို လွှတ်တော်ကိုယ်စားလှယ်တွေ၊ အုပ်ချုပ်ရေးအဖွဲ့ဘက်က ဝန်ကြီးဝန်လေးတွေ စတဲ့သူတွေဟာ သူတို့ရတဲ့ ၅ နှစ်ကို အပြည့်အဝ ပြည်သူကို အလုပ်အကြွေးပြုရသလို သက်တမ်းကုန်ပြီဆို ရွေးကောက်ပွဲကြားကာလအတွက် အိမ်စောင့်အစိုးရလိုမျိုး တစ်ခု ကြားထဲမှာ ခံထားလေ့ရှိပါတယ်။ အဲ့ဒီအိမ်စောင့်အစိုးရကပဲ ရွေးကောက်ပွဲအတွက် ပြင်ဆင်ပေးတာ၊ ရွေးကောက်ပွဲလုပ်ပေးတာနဲ့ ကြားကာလမှာ တိုင်းပြည်ရဲ့ဥပဒေပြုရေး၊ အုပ်ချုပ်ရေးတာဝန်ကို ယူပေးတာတွေလုပ်လေ့ ရှိပါတယ်။ အုပ်ချုပ်ရေးအဖွဲ့ဘက်က ဝန်ကြီးဝန်လေးတွေ၊ ဥပဒေပြုအဖွဲ့တွေအတွင်းက ယခင်လွှတ်တော်ကိုယ်စားလှယ် အဟောင်းတွေအနေနဲ့ နောင်သက်တမ်းမှာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပါဝင်ယှဉ်ပြိုင်ကြတော့မယ်ဆိုရင် သူတို့ကို သတ်မှတ်ထားတဲ့ သက်တမ်း ၅ နှစ်ကို အပြည့်အဝ တာဝန်ထမ်းဆောင်ပြီးမှသာ လက်ရှိအလုပ်တွေကထွက်ပြီး လုပ်ကြရလေ့ရှိပါတယ်။ သူတို့အတွက် ရွေးကောက်ပွဲအကြို စည်းရုံးရေးဆင်းတာ၊ သုံးတာတွေကို သူတို့ကိုယ်ပိုင်ငွေကြေးတွေ၊ ကိုယ်ပိုင်ယာဉ်တွေနဲ့သာ သွားလာသုံးစွဲကြရလေ့ ရှိပါတယ်။

ဒါပေမဲ့ ကျွန်တော်တို့ဆီမှာတော့ သူတို့ရွေးကောက်ပွဲအကြိုကာလနဲ့ ရွေးကောက်ပွဲကျင်းပချိန်ဟာ သူတို့သက်တမ်း မကုန်ဆုံးမီအတွင်းမှာ ပြုလုပ်နေတာမို့ သူတို့ရွေးကောက်ပွဲမဝင်ခင် အကြိုစည်းရုံးရေးကာလတွေနဲ့ ရွေးကောက်ပွဲကျင်းပချိန် ကာလတွေမှာဆိုရင် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးရာထူးတွေဖြစ်တဲ့ ဝန်ကြီးဝန်လေးတွေကို နိုင်ငံတော်က လစာတွေကို ပေးထားရလေ့ရှိပါတယ်။

အဲ့ဒီကာလ ၂ လ ၃ လတာ ကာလအတွင်းမှာတော့ လွှတ်တော်တွေအနေနဲ့လည်း ဥပဒေပြုရေးလုပ်ငန်းတွေကို ရပ်ဆိုင်းထားခြင်းခံရသလို အုပ်ချုပ်ရေးအဖွဲ့ဘက်မှာလည်း ဌာနဆိုင်ရာတွေရဲ့အပေါ်က တာဝန်ရှိသူ ဝန်ကြီးဝန်လေးတွေမရှိတာကြောင့် အုပ်ချုပ်ရေးယန္တရားဟာ လည်ပတ်မှု နှေးကွေးသွားလေ့ရှိပါတယ်။

ဒါဟာ ယခင် အစိုးရသက်တမ်းကုန်ခါနီး ၄၊ ၅ လကာလမှာ အမှန်ဖြစ်ခဲ့တဲ့ အရာတွေပဲဖြစ်ပါတယ်။ ဒါ့ကြောင့်မို့သာ အစမှာ သူတို့သက်တမ်းကို ငါးနှစ်လို့သာ သတ်မှတ်ထားပေမယ့် ပြည်သူတွေအတွက် အမှန်တကယ် အလုပ်လုပ်ပေးနိုင်တဲ့အချိန်ဟာ လေးနှစ်ကျော်ကျော်အချိန်လေးသာ ရှိတယ်လို့ ဆိုခဲ့ရခြင်းသာဖြစ်ပါတယ်။ ဒါဆိုရင် အခု သူတို့ကျော်ဖြတ်ခဲ့ပြီးဖြစ်တဲ့ ၂ နှစ်တာကာလ ခရီးတစ်ဝက်ကျိုးနေတဲ့အချိန်မှာ သူတို့ဘာတွေ လုပ်ခဲ့ပြီးပြီလဲ၊ ဘာတွေလုပ်ဖို့ကျန်နေသေးလဲ၊ သူတို့ဘာလဲ၊ ဘယ်လဲဆိုတာတွေကို အချက်အလက် ကိန်းဂဏန်းတွေနဲ့ ချရေးကြည့်ရအောင်ပါ။

ပြည်ထောင်စုအဆင့် လွှတ်တော်တွေဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် (၃) ရပ်ကို လေ့လာကြည့်တဲ့အခါ သူတို့တာဝန်စတင်ထမ်းဆောင်တဲ့ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကစလို့ အခုအချိန်အထိ ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေပေါင်းဟာ ၅၀ ခု ရှိခဲ့တာကို လေ့လာတွေ့ရှိရပါတယ်။ ဒီ ဥပဒေ ၅၀ ကို ခွဲခြမ်းစိတ်ဖြာကြည့်တဲ့အခါ ဥပဒေအသစ်အနေနဲ့ ၂၁ ခုခန့် ရှိပါတယ်။ ဒီ ၂၀ ခုကို ထပ်မံဆန်းစစ်ကြည့်တဲ့အခါ နှစ်စဉ်နှစ်တိုင်း မဖြစ်မနေပြဋ္ဌာန်းပေး၊ ပြင်ဆင်ပေးရမယ့် စီမံကိန်း ဘတ်ဂျက်အခွန်နဲ့ဆိုင်တဲ့ ဥပဒေက ၇ ခုလောက်ပါဝင်ပြီး ကျန်တဲ့ ၁၄ ခုကသာ ဥပဒေအသစ်တွေဖြစ်ပါတယ်။

အဲ့ဒီဥပဒေအသစ် ၁၁ ခုကို လေ့လာကြည့်တဲ့အခါ နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ၊ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ သက်ကြီးရွယ်အိုဆိုင်ရာ ဥပဒေ၊ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့်လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ၊ ၂၀၁၇ ခုနှစ် ရေခွန်နှင့်တာတမံခွန် ဥပဒေ၊ ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး ဥပဒေ၊ မြန်မာနိုင်ငံ ပိုင်နက်ပင်လယ်နှင့် ပင်လယ်ဇုန်များ ဥပဒေ၊ ရေနံလက်ယက်တွင်းဆိုင်ရာ ဥပဒေ၊ တရားခံလွှဲပြောင်းရေး ဥပဒေ၊ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေ၊ တာတမံ ဥပဒေ၊ ဆည်မြောင်းဥပဒေနဲ့ မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေတို့ ဖြစ်ပါတယ်။

ကျန်တာတွေကတော့ ယခင်ဥပဒေတွေကို ရုပ်သိမ်းတာက ၈ ခုနဲ့ ပြင်ဆင်တာက ၂၁ ခုတို့ပါဝင်ပါတယ်။ အမှန်ဆိုရင် ဒါဟာ အလွန်နည်းနေသေးတဲ့ အရေအတွက်လို့ ပြောလို့ရနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ယခင်ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်းမှာ ဆွေးနွေးပြဋ္ဌာန်းခဲ့တဲ့ ဥပဒေပေါင်းဟာ ၂၃၂ ခုထိ ရှိခဲ့ပါတယ်။ သူ့ကာလ ၂ နှစ်အတွင်းမှာမှ ၅၀ ပဲရှိနေသေးတာမို့ ဒါ့ကြောင့်သာ ဒါကိုနှိုင်းယှဉ်ပြီး နည်းနေသေးတယ်လို့ ပြောရခြင်းပါ။ ဒါပေမဲ့လည်း သူရဲ့လက်ကျန်သက်တမ်း ၂ နှစ်ကျော်အတွင်းမှာတော့ ဥပဒေအရေအတွက်ကို ဘယ်လောက်ထိတိုးပြီး ပြင်ဆင်နိုင်၊ ပယ်ဖျက်နိုင်၊ အသစ်ရေးဆွဲ ပြဋ္ဌာန်းပေးနိုင်မလဲဆိုတာတော့ စောင့်ကြည့်ကြရတော့မှာပါ။

အခုလက်ရှိ ပြည်ထောင်စုအဆင့် လွှတ်တော်သုံးရပ်မှာ ဆွေးနွေးနေဆဲ ဥပဒေကြမ်းတွေကို လေ့လာကြည့်တဲ့အခါ နိုင်ငံတော်သမ္မတထံကို ပေးပို့ထားတာက တစ်ခု၊ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးနေဆဲက ၄ ခု၊ ပြည်သူ့လွှတ်တော်မှာက ၂၂ ခုနဲ့ အမျိုးသားလွှတ်တော်မှာက ၁၅ ခု၊ စုစုပေါင်း ၄၂ ခု ရှိနေတယ်လို့ လွှတ်တော်ဝက်ဘ်ဆိုက်မှာ တင်ထားတာကို လေ့လာကြည့်တဲ့အခါ သိရပါတယ်။

လွှတ်တော်တွေရဲ့ အဓိကလုပ်ငန်းတာဝန်ဟာ ဥပဒေပြုရေးသာဖြစ်တဲ့အတွက် ဥပဒေပြုနိုင်တဲ့ပမာဏနဲ့ သူတို့ပြုခဲ့တဲ့ ဥပဒေတွေအပေါ်ကိုသာ ဆွဲထုတ်ပြီး ပဏာမ ကောက်ချက်ဆွဲထုတ် တင်ပြရခြင်းသာ ဖြစ်ပါတယ်။ အမှန်တကယ်ဆိုရင်တော့ ကျွန်တော်တို့နိုင်ငံမှာ လက်ရှိ ဌာနဆိုင်ရာတွေအထဲမှာ ကျင့်သုံးနေတဲ့တည်ဆဲ ဥပဒေပေါင်းဟာ ၄၀၀ နီးပါးရှိနေသလို ထိုအထဲမှာ ဒီနေ့ခေတ်အခါနဲ့ မကိုက်တော့တဲ့ ဥပဒေတွေ အများအပြား ရှိနေသေးတာ၊ အစိုးရကျင့်သုံးနေတဲ့ နိုင်ငံရေး၊ စီးပွားရေးစနစ်နဲ့အညီ လိုက်ပါပြောင်းလဲပြီး အသစ်ပြဋ္ဌာန်းပေးကြရမှာ၊ အချို့ကို လုံးဝပယ်ဖျက်ပစ်လိုက်ရမှာ စတဲ့ဥပဒေတွေ အတော်များများ ရှိနေသေးတာ ငြင်းမရတဲ့အချက်ပါ။ ဒါ့အပြင် ယခင်လွှတ်တော်သက်တမ်းတုန်းက ပြဋ္ဌာန်းသွားခဲ့တဲ့ ဥပဒေပေါင်း ၂၃၂ ခု အထဲမှာ ဥပဒေအသစ် ၁၀၀ ကျော်ပါဝင်တာ ဖြစ်တဲ့အတွက် အဲ့ဒီဥပဒေအသစ်တွေကရော လက်ရှိမြေပြင်မှာ ဘယ်နှခုကို အကောင်အထည်ဖော် ကျင့်သုံးနေပြီလဲ၊ ဒီဥပဒေတွေရဲ့ အားနည်းချက်၊ အားသာချက်တွေကရော ဘာဖြစ်မလဲ၊ ဘယ်အချက်တွေကတော့ ယနေ့ လက်ရှိ အခြေအနေတွေနဲ့ကိုက်ပြီး ဘယ်အချက်တွေကတော့ မကိုက်ညီတာမို့ ပြန်လည်ပြင်ဆင်ဖို့လိုနေသလဲ စတာတွေကိုလည်း ဥပဒေပြုရေးအဖွဲ့တွေကပဲ ဒီကနေ့မှာ အနုလုံပဋိလုံ ပြန်လည်စစ်ဆေး ပြုပြင်ပေးကြရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ယနေ့လက်ရှိ ပြည်သူတွေအကြားမှာ လုပ်ငန်းဆောင်ရွက်နေကြတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ ပြုလုပ်နေကြတဲ့ လုပ်ငန်းမှန်သမျှဟာ သူတို့ဝန်ကြီးဌာနကလာတဲ့ အမိန့်တွေ၊ ညွှန်ကြားချက်တွေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်တွေအရသာ လုပ်ဆောင်နေကြရတာဖြစ်တဲ့အတွက် ဒီ အမိန့်ညွှန်ကြားချက်နဲ့ နည်းဥပဒေတွေ ဆိုတာကရော လွှတ်တော်က ပြဋ္ဌာန်းပေးလိုက်တဲ့ မူလဥပဒေပါ ပြဋ္ဌာန်းချက်တွေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့ ဘောင်ဝင်ရဲ့လား၊ ဘယ်အမိန့်တွေကတော့ ဥပဒေကိုကျော်လွန်ပြီး လုပ်နေကြတာ၊ ဘယ်နည်းဥပဒေတွေကတော့ ဥပဒေကိုကျော်လွန်ပြီး ရေးဆွဲဆောင်ရွက်နေကြတာ ဆိုတာတွေကိုလည်း ဒီဥပဒေပြုရေး လွှတ်တော်တွေကပဲ ပြန်လည်စောင့်ကြည့် လေ့လာပြုပြင်ပေးသွားကြရမှာ ဖြစ်ပါတယ်။

ဒီလို ဘာလို့ပြောရသလဲဆိုရင် ဒီမိုကရေစီစနစ်မှာ ဥပဒေတွေဟာ အဓိကမဏ္ဍိုင်ကျောရိုးဖြစ်သလို အစိုးရဌာနတွေက ဆောင်ရွက်ရတဲ့ ကိစ္စတိုင်း ကိစ္စတိုင်းဟာ ဥပဒေဘောင်အတွင်းကသာ ဆောင်ရွက်ကြရလေ့ ရှိကြလို့သာဖြစ်တဲ့အပြင် ဥပဒေတွေ ကောင်းရင်ကောင်းသလောက် စည်းနှောင်အားကောင်းပြီး တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေးတွေ တိုးတက်လေ့ ရှိတတ်ပါတယ်။ မျှတရင် မျှတသလောက် တိုင်းရင်းသားတွေအကုန်လိုက်နာပြီး ငြိမ်းချမ်းနေလေ့ရှိပါတယ်။ ပြဋ္ဌာန်းချက်တွေဟာ တိကျရင် တိကျသလောက် ဥပဒေစိုးမိုးရေး ဆောင်ရွက်တဲ့နေရာမှာ ထိရောက်လေ့ရှိပါတယ်။ ဒီလိုဖြစ်အောင် အဓိကလုပ်ဆောင်ပေးရမယ့် သူတွေဟာ ပြည်သူတွေကိုယ်တိုင် တိုက်ရိုက်ဒီမိုကရေစီနည်းနဲ့ ရွေးချယ်ပေးခဲ့တဲ့ သူတို့ကိုယ်စားလှယ်တွေဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကလွဲလို့ ဘယ်သူမှ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်မို့ လွှတ်တော်တွေရဲ့တာဝန်တွေအထဲမှာ ပြည်သူတွေကို ကိုယ်စားပြုခြင်း၊ အုပ်ချုပ်ရေးအဖွဲ့ကို အပြန်ပြန်အလှန်လှန် ထိန်းကျောင်းခြင်းတို့ ဆက်နွှယ်ပါဝင်လာနေတာပါ။ ဒါပေမဲ့ အဓိကတာဝန် (Main Focus) ကတော့ ဥပဒေပြုရေးသာ ဖြစ်ပါတယ်။ လွှတ်တော်မှာ မေးနေတဲ့မေးခွန်းတွေ၊ တင်နေတဲ့ အဆိုတွေဆိုတာက တစ်စိတ်တစ်ပိုင်းကိုသာ ပြောင်းလဲပေးနိုင်လေ့ရှိတတ်တဲ့ သဘောပဲဖြစ်တာမို့ ဒီနေရာမှာတော့ မေးခွန်းတွေ အဆိုတွေ ဘယ်လောက်မေးခဲ့ပြီးပြီ၊ ဘယ်လောက်တင်ခဲ့ပြီးပြီ၊ ဘယ်နှခုကိုတော့ အစိုးရက အကောင်အထည်ဖော်ခဲ့လို့ ဘယ်လို ထိရောက်နေပြီ ဆိုတာတွေတော့ မပြောတော့ပါဘူး။

နောက်ဆုံးအချုပ်အားဖြင့် ပြောရမယ်ဆိုရင် ဥပဒေပြုရေးဆိုတာ တိုင်းပြည်တစ်ခုအတွက် အင်မတန် အရေးကြီးလှပါတယ်။ အရေးကြီးတာ ဖြစ်တဲ့အတွက်လည်း ပြည်သူတွေကိုယ်တိုင်က တိုက်ရိုက်ရွေးချယ်ပြီး လွှတ်တော်နိုင်ငံရေးစနစ်ကို ဖော်ဆောင်နေတာ၊ လွှတ်တော်ရုံးကြီးတွေကို ခမ်းခမ်းနားနား တည်ဆောက်နေတာ၊ တစ်နေ့တစ်နေ့ နိုင်ငံ့ဘဏ္ဍာ အမြောက်အမြားကျခံပြီး အစည်းအဝေးတွေ ကျင်းပနေတာတွေအပြင် တစ်နိုင်ငံလုံးမှာရှိတဲ့ လွှတ်တော် ၁၆ ရပ်မှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်ပေါင်း ခန့်မှန်း ၁၇၀၀ ကျော်ကို လစာတွေ၊ နေ့တွက်စရိတ်၊ တည်းခိုစရိတ်တွေ တစ်နေ့ကို နှစ်သောင်းကျပ် ထိုက်ထိုက်တန်တန် အကုန်အကျ ခံပေးထားတာတွေ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ ဒီကနေ့ တိုးတက်နေတဲ့ နိုင်ငံတွေကို လေ့လာကြည့်ရင် ဥပဒေ စည်းမျဉ်းစည်းကမ်းတွေ ကောင်းလွန်းလို့ဆိုတာ ငြင်းမရနိုင်တာဖြစ်တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ စုဖွဲ့ထားတဲ့ ဥပဒေပြုရေး လွှတ်တော်တွေအနေနဲ့လည်း မိမိတို့တာဝန်ယူတဲ့ သက်တမ်းအတွင်းမှာ အဓိကတာဝန်ဖြစ်တဲ့ ဥပဒေပြုရေးကို စိတ်ရောကိုယ်ပါနှစ်ပြီး အားသွန်ခွန်စိုက် လုပ်ကြစေချင်ပါကြောင်း စိတ်ရင်းစေတနာကောင်းနဲ့ ရေးသားလိုက်ရပါတယ်ဗျား။

အောင်ဇေယျ



FOLLOW US