News

POST TAGGED AS

ရိရေအိုင်

ရိရေအိုင်အနီး အမှိုက်ကောက်
ကလေး၊ ဇွန် ၂၃ 

ချင်းပြည်နယ်၊ ရိခေါဒါရ်မြို့နယ်ရှိ ရိရေအိုင် သန့်ရှင်းသာယာလှပရေးအတွက် ရေအိုင်ဘေးပတ်လည်တွင် ဒေသခံများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ အမှိုက်ကောက်ခဲ့ကြောင်း ရိခေါဒါရ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။ 

ဇွန်လ ၂၃ ရက်နေ့ နံနက် ၈ နာရီခွဲ ခန့်မှစ၍ ရိရေအိုင်ဘေး ရေချိုးဆိပ်၊ ရိရေအိုင်သွားလမ်းဘေးဝဲယာ တစ်လျှောက်၌ ရိရေအိုင် သာယာလှပရေးနှင့် ရိရေအိုင်သို့ လာရောက်လည်ပတ်သူများ အမှိုက်များစွန့်ပစ်ရာတွင် စည်းကမ်းရှိစွာ စနစ်တကျစွန့်ပစ်ရေး စသည့်လှုပ်ရှားမှုအနေဖြင့် အမှိုက်ကောက်ခဲ့ကြောင်း ယင်းဒေသခံများထံမှသိရသည်။

“အမှိုက်ပုံးတွေတော့ ရှိပေမယ့် လာရောက်လည်ပတ်တဲ့ ခရီးသည်ကများတယ်ဆိုတော့ အမှိုက်တွေတော့ ရှိနေတာပေါ့လေ။ ဒါကိုပညာပေးလိုတဲ့ သဘောနဲ့လုပ်တာ ကောင်းတဲ့အလုပ်ပါပဲ။ ရေရှည်လုပ်နိုင်ရင် ပိုကောင်းတာပေါ့”ဟု ရိခေါဒါရ် မြို့ခံ ဦးဒိန်းငါက ပြောဆိုသည်။ 

စုပေါင်းအမှိုက်ကောက်ခြင်းကို ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ဟွာလ်ငိုဒေသ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း (HLDO) အဖွဲ့ဝင်များပါဝင်ခဲ့ပြီး ကန်ဘေးတွင် ထင်းရှူးပင်နှင့် အခြားဒေသမျိုးစိတ်သစ်ပင်များကို စိုက်ပျိုးခဲ့သည့်အပြင် ကန်ဘေးရေချိုးဆိပ်၌လည်း အမှိုက်ပုံးတစ်ပုံးထားပေးခဲ့ကြောင်း ဟွာလ်ငိုဒေသဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ဦးပွီးယာက ပြောကြားသည်။ 

ရိရေအိုင်သည် အသည်းနှလုံးပုံသဏ္ဌာန်ရှိကာ ပင်လယ်ရေမျက်နှာပြင်ထက် အမြင့် ပေ ၂၀၀၀ ကျော်တွင်တည်ရှိသည့်အတွက် နှစ်စဉ်လာရောက်လည် ပတ်သူများသည့် ရေအိုင်တစ်ခုဖြစ်ပြီး ရေအိုင်အတွင်းနေ ငါးအပါအဝင် အခြားသတ္တဝါများ မျိုးသုဉ်းခြင်းနှင့် ရေထုညစ်ညမ်းမှုမရှိစေရေးအတွက် ရေအိုင်အတွင်း အမှိုက်များ စွန့်ပစ်ခြင်းမပြုလုပ်ရန်တားမြစ်ပေးရန် လိုအပ်ကြောင်း ဒေသခံများက ပြောကြားသည်။ 

R-20




FOLLOW US